ရန်ကုန်တက္ကသိုလ်တွင် တည်ဆောက်မည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ အကောင်အထည် မပေါ်ခြင်းမှာ ကျောင်းသားသမဂ္ဂ အဖွဲ့အစည်းများ၏ မညီညွှတ်မှုကြောင့် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ သမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်းနိုင် က ပြောသည်။
ဒေါက်တာ ထွန်းထွန်းနိုင် က “ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဘာကြောင့် မဖြစ်လဲဆိုရင် ကျောင်းသားတွေ မညီညွတ်လို့ပဲ။ ကျောင်းသား အစဉ်အဆက် မညီညွှတ်ခဲ့လို့ပဲ” ဟု ပြောသည်။
နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေ ၁၅ ရက်နေ့က ပြုလုပ်သော အစိုးရ၏ တတိယ ၁ နှစ်တာ ဆောင်ရွက်ချက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ သမဂ္ဂ အဖွဲ့အစည်းတခုက တည်ဆောက်လိုသော်လည်း အခြားတဖွဲ့က မတည်ဆောက် လိုခြင်း စသည်တို့ဖြင့် သမဂ္ဂတခုနှင့် တခု သဘောထားအမြင်များ တိုက်ဆိုက်ခြင်း မရှိသည့် အတွက် ကျောင်းသားသမဂ္ဂ တည်ဆောက်ရန် ညှိနှိုင်းဆွေးနွေးခြင်းကို လက်ရှိတွင် ရပ်နားထားရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေးအတွက် အဖွဲ့အစည်းအသီးသီးက ထည့်ဝင်ထားသည့် ရန်ပုံငွေများလည်း ရှိထားကြောင်း၊ ရန်ပုံငွေ ထပ်မံလိုအပ်သည်ဆိုပါကလည်း လှူဒါန်းမည့်သူများလည်း ရှိနေကြောင်း၊ သမဂ္ဂအဖွဲ့အစည်းများ ညီညွှတ်လျှင် ဆောက်လုပ်နိုင်ကြောင်း ဒေါက်တာ ထွန်းထွန်းနိုင်က ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ဗဟိုလုပ်ငန်းကော်မတီက အထွေထွေ အတွင်းရေးမှူး ကိုကောင်းထက်ကျော် က လည်း ၎င်းတို့အနေဖြင့် စနစ်အကျဆုံးဖြစ်ပြီး ကျောင်းသား အဆက်ဆက် ဖြစ်စေချင်သည့်အတိုင်း ကျောင်းသားသမဂ္ဂအ ဆောက်အအုံကို တည်ဆောက် စေလိုခြင်းဖြစ်ကြောင်း၊ သမိုင်းဆိုင်ရာ နေရာတခုဖြစ်သည့် ကျောင်းသားသမဂ္ဂရင်ပြင်ကို ကျောင်းသားများ ဆန္ဒမပါဘဲ အစိုးရတရပ်၏ သဘောဖြင့် တည်ဆောက်လိုခြင်းမှာ မဖြစ်သင့်ကြောင်း ၎င်းက ဆိုသည်။
ကိုကောင်းထက်ကျော် က “သမဂ္ဂအဆောက်အအုံ မဆောက်နဲ့လို့ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ သမဂ္ဂအဆောက် အဦဆောက်သင့်တယ်။ ဒါပေမယ့် နဂိုအဖြိုခံရတဲ့ နေရာကိုတော့ အမှတ်တရ သမိုင်းဆိုင်ရာ နေရာအဖြစ် သတ်မှတ်ပြီး အကြံပြုခဲ့တာပဲဖြစ်တယ်”ဟု ပြောသည်။
ထို့အပြင် ဆရာများ သမဂ္ဂဥက္ကဋ္ဌ ဒေါက်တာ ထွန်းထွန်းနိုင် အနေဖြင့် ကျောင်းသားသမဂ္ဂများ၏ ဆန္ဒကို မျက်ကွယ်ပြုဆောင်ရွက်လိုသည့် အစိုးရကို ပြောဆိုရမည့်အစား ကျောင်းသားသမဂ္ဂများကို လွှဲချပြောဆိုနေခြင်းမှာ မဖြစ်သင့်ကြောင်း တုံ့ပြန်ပြောဆိုသည်။
အမျိုးသားပညာရေး ဥပဒေတွင် ကျောင်းသား သမဂ္ဂများ၏ ရပ်တည်ခွင့်ကို တိတိကျကျ ပြဌာန်းထားခြင်း မရှိသေးသည့်အချိန်တွင် သမဂ္ဂအဆောက်အအုံ တည်ဆောက်ရန် စီစဉ်မည်ဆိုပါက အဆင့်ကျော် လုပ်ဆောင်သည့် သဘောဖြစ်နေကြောင်း၊ သမဂ္ဂ၏ ရပ်တည်ခွင့်ကို သေချာအောင် ဥပဒေ အရင်ပြဌာန်းပြီးမှ အဆောက်အဦ တည်ဆောက်ရေးကို ဆောက်ရွက် သင့်ကြောင်း ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင် ကိုအောင်ကောင်းဆက် က ပြောသည်။
ကိုအောင်ကောင်းဆက် က “တိတိကျကျ ရပ်တည်ဖွဲ့စည်းခွင့် ပြဌာန်းထားခြင်းမရှိဘူး။ ဒီလိုပြဌာန်း ထားခြင်း မရှိဘဲ သမဂ္ဂ အဆောက်အအုံကို ဆောက်ဖို့လုပ်တယ်ဆိုတာ လက်ရှိအစိုးရရဲ့ နိုင်ငံရေး အမြတ်ထုတ်တဲ့ လုပ်ရပ်လိုဖြစ်နေတယ်။ အဆင့်တွေ ကျော်နေတယ်။ ဒါက ဆောက်ရမယ့် အချိန်မဟုတ်သေးဘူး လို့ထင်တယ်” ဟု ပြောသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိတွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံအတွက် ဆောင်ရွက် ပေးနိုင်ခြင်း မရှိသော်လည်း ကျောင်းသားများ ဆရာများအတွက် အကျိုးရှိမည့် ကျောင်းသား အဆောက် အဦများကို ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး မာစတာပလန် အရ တည်ဆောက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က “Students center ဆောက်ပေးဖို့အတွက် မာစတာပလန်မှာ ပါပါတယ်။ ပြီးရင် ယူနီဗာစတီ စင်တာပေါ့။ ဒါကလည်းပဲ ဆရာမ တွေရော တက္ကသိုလ်တိုးတက်ရေး အတွက်ပါပါတယ်” ဟု ပြောသည်။
ထို့အပြင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှစ်ခုအား ပေါင်းစပ်အဆင့်မြှင့်တင်သည့် လုပ်ငန်းများကို လုပ်ဆောင်မည်ဟုလည်း ဆိုသည်။
၂၀၂၀ မာစတာပလန်အရ တည်ဆောက်မည့် ၆ ထပ်ခန့်ရှိမည့် အထပ်မြင့် ကျောင်းသား အဆောက်အအုံကို ဂျပ်ဆင်အနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ကျောင်းသားများ နားနေရန်နေရာ၊ အားကစားခန်းမ၊ အသေးစား ဈေးဝယ်စတင်တာ စသည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဆရာများ သမဂ္ဂဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင် က ပြောသည်။
ဒေါက်တာထွန်းထွန်းနိုင် က “နိုင်ငံခြားတက္ကသိုလ်ကို ရောက်သွားသလို ဖြစ်သွားမယ်။ အဲဒီကို ရောက်သွားတာနဲ့ အားလုံးပြုပြင်ပြောင်းလဲသွားမယ်” ဟု ဆိုသည်။
၎င်းက ဆက်၍ “ကျောင်းသားသမဂ္ဂ အဆောက်အဦ မြေနေရာက အဲဒီနေရာပဲထားမှာ၊ အဲမြေနေရာကို ဘာမှမလုပ်ဘူး။ အဲဒီအတိုင်းထားမှာ သူတို့ကျောင်းသား သမဂ္ဂတွေ အားလုံးညှိနှိုင်းလို့ ရရင်ဆောက်၊ မရရင်လည်း နေပေါ့၊ မြေကိုတော့ အဲဒီအတိုင်းပဲထားမှာ” ဟု ဒေါက်တာ ထွန်းထွန်းနိုင်က ဆိုသည်။
ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဗိုလ်ချုပ်ကြီးနေဝင်း၏ တပ်မတော်အစိုးရ လက်ထက် ၁၉၆၂ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် ကျောင်းသားလှုပ်ရှားမှုကြောင့် ဖြိုချခံခဲ့ရခြင်းဖြစ်သည်။
၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်း အဝေးတွင် ရန်ကုန်တက္ကသိုလ်ဝင်း အတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အအုံကို ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မြောက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောက မေးမြန်းခဲ့ပြီး ပညာရေး ဝန်ကြီးဌာနက ပြန်လည်တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ဆက်စပ်ဖတ်ရှူရန် –သမဂ္ဂအဆောက်အအုံတည်ဆောက်ရေး ကျောင်းသားမျိုးဆက်များ ညှိနှိုင်းဆွေးနွေးမည်
တကသ အဆောက်အအုံသစ် တည်ဆောက်မည့်အပေါ် အမြင်များ
ဗိုလ်နေဝင်း နဲ့ ကျောင်းသား သမဂ္ဂ အဆောက်အအုံ ဖြိုခွဲမှု
ကျောင်းသားသမဂ္ဂအဆောက်အအုံ စတင်ဆောက်လုပ်နိုင်ရန် ကြိုးပမ်း