ရန်ကုန်တိုင်း အစိုးရအဖွဲ့က တရားဝင် ဝတ်ပြုဆုတောင်းခွင့်ပေးထားသည့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ အစ္စလာမ် ယာယီ ဝတ်ပြုနေရာ ၃ ခုအား မျိုးချစ်ဆိုသူများ၏ ဖိအားပေးမှုကြောင့် ပိတ်သိမ်းလိုက်ရကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း အုပ် ချုပ်ရေးမှူးရုံးက ပြောသည်။
ဖိအားပေးကန့်ကွက်မှုကို ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား အသရေဖျက်မှုဖြင့် ထောင်ကျဖူးသည့် မိုက်ကယ်ကျော်မြင့်ဆိုသူ က ဦးဆောင်ကာ ဘုန်းကြီးတချို့အပါအဝင် လူဦးရေ ၁၀၀ ကျော်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ဖိအား ပေးမှုကြောင့် ဝတ်ပြုနေရာများအား ယာယီပိတ်သိမ်းထားရန် အစ္စလာမ် ဘာသာဝင်အချို့က လက်မှတ်ရေးထိုး ခဲ့ရကြောင်း သိရသည်။
၁၀၆ ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင် ဦးရန်အောင် က “ဒီကျောင်းက ကျနော်တို့ တောင်ဒဂုံရောက်တာ ၁၀ စုနှစ်နီးပါး ရှိပြီ။ အဲ့ဒီထဲက တရားဝင် ဘုရားဝတ်ပြုဖို့ လုပ်ခဲ့တာ။ အခုမှ ဘယ်ကမှန်းမသိတဲ့ လူအုပ်ကြီးက ရောက်လာပြီး ဒါဟာ ဘာညာလုပ်တာ။ အုပ်ချုပ်ရေးကတောင်မှ တရားဝင်ခွင့်ပြုခဲ့ပြီးတော့ ဒီလူတွေကြောင့် ပိတ်ရတယ်ဆိုတော့ ဒီလူတွေက အုပ်ချုပ်ရေးက လူတွေထက်တောင် အာဏာရှိသလားလု့ိ မေးချင်တယ်” ဟု သူကဆိုသည်။
ပိတ်သိမ်းလိုက်ရသည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၆ ရပ်ကွက်ရှိ ဦးမောင်မောင်ပိုင် အဆောက်အအုံ၊ ၆၄ ရပ် ကွက်ရှိ ဟာဂျီဦးတင်စိုးပိုင် အဆောင်အအုံနှင့် ၁၀၆ ရက်ကွက်ရှိ ဦးမြင့်လွင်(ခ)ဦးရန်အောင်ပိုင် အဆောက်အအုံနေရာ ၃ ခုအား အ စ္စလာမ်ဘာသာဝင်များ၏ ရမ္မဇန် (ဥပုသ်) ကာလအတွင်း မေလ ၆ ရက်နေ့မှာ ဇွန်လ ၇ ရက်နေ့အထိ တလတာ ယာယီဝတ် ပြုရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့က မေလ ၈ ရက်နေ့တွင် တရားဝင်ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
ကန့်ကွက်သူများ အနေဖြင့် မေလ ၁၄ ရက်နေ့ညပိုင်းတွင် ၂၆ ရပ်ကွက်အတွင်းရှိ ယာယီဝတ်ပြုနေရာအား စတင်ကန့်ကွက် ခဲ့ပြီးနောက် မေလ ၁၅ ရက်နေ့ညတွင် ၆၄ ရပ်ကွက်နှင့် ၁၀၆ ရပ်ကွက်တို့ရှိ ယာယီဝတ်ပြုနေရာ ၂ ကိုလည်း ထပ်မံကန့် ကွက်ကာ ပိတ်သိမ်းရန် တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။
ထိုသို့လုပ်ဆောင်စဉ် ၎င်းတို့အနေဖြင့် ယာယီဝတ်ပြုနေရာအား လူစုဖြင့်ဝန်းရံခြင်း၊ အခန်းများအား ဝင်ရောက် စစ်ဆေးခြင်း၊ မှတ်တမ်းရယူခြင်းများအား ပြုလုပ်ခဲ့ကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း အုပ်ချုပ်ရေးမှူးရုံး ဝန်ထမ်းတဦးက ပြောသည်။
ယခုကဲ့သို့ နေအိမ်များတွင် ဝတ်ပြုနေခြင်းမှာ လက်သင့်ခံရမည့် အခြေအနေမျိုးမဟုတ်ဘဲ မြို့နယ်အတွင်း ထိုသို့ ပြုလုပ်နေသည့် နေရာကိုလည်း ပိတ်သိမ်းရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အခြားသော နေရာများလည်း ကျန်နေသေးကြောင်း ကန့်ကွက်မှုကို ဦးဆောင်သည့် မိုက်ကယ်ကျော်မြင့်က ပြောသည်။
မိုက်ကယ် ကျော်မြင့် က “ကျနော်တို့က ဘာအတွက်မှ လာပြောနေတာမဟုတ်ဘူး။ ကျနော်တို့အတွက်လည်း ပါတာမဟုတ်ဘူး။ ဒါပေမယ့် ကိုယ့်ဒေသမှာ ဒီလို အိမ်တွေကို ဗလီလို ခွင့်ပြုခဲ့တာ ဘယ်သူလဲ။ နောက် ခွင့်ပြုချက်မရှိပဲ ဗလီလိုလုပ်နေတာ မသိချင်ယောင်ဆောင်နေတာ ဘယ်သူတွေလဲ။ သူတို့လက်ခံပေမယ့် ကျနော်တို့တော့ လက်မခံဘူး။ ဒီဟာတွေ ဒီမြို့နယ်မှာ ဘယ်လောက်တောင် ဖြစ်နေလဲဆိုတာ ကျနော်တို့ ထပ်ရှာဖွေ တားဆီးမယ်” ဟု ပြောသည်။
သံဃာတော် အချို့အပါအဝင် လူအုပ်စုဖြင့် အုပ်ချုပ်ရေးအဖွဲ့၏ စီမံခန့်ခွဲနေမှုအပေါ် ဖိအားပေးကန့်ကွက်မှု ဖြစ်စဉ်သည် မိမိ တို့ရပ်ကွက်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ရပ်ကွက်အတွင်း တရားဥပဒေစိုးမိုးမှု မရှိခဲ့သည့်ဖြစ်ရပ်မျိုးအဖြစ် ယူဆလိုက် ရကြောင်း ၁၀၆ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က ဧရာဝတီသို့ပြောသည်။
ယာယီဝတ်ပြုနေရာများအား လူအုပ်စုဖြင့် ဝင်ရောက်ရှာဖွေ ပိတ်ပင်မှုများအပေါ် ရဲတပ်ဖွဲ့ဝင်များ၏ တာဆီးကာကွယ်ရေး လုပ်ဆောင်မှုနှင့် ပတ်သက်၍လည်း ဝေဖန်ပြောကြားမှုများရှိနေပြီး တရားဝင်ခွင့်ပြုထားသည့်နေရာအား အာဏာပိုင်မဟုတ် သူများ၏ လုပ်ပိုင်ခွင့်ကျော်လွန် ဆောင်ရွက်မှုများကို လိုက်လျောထားခြင်းသည် တရားဥပဒေ စိုမိုးမှုမရှိသည့်အခြေအနေ ဖြစ် ခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တဦးဖြစ်သူ ကိုမြအေးက ထောက်ပြသည်။
ကိုမြအေးက “အစိုးရခွင့်မပြုဘဲ လုပ်တယ်ဆို ဥပဒေအရ အရေးယူရမှာပဲ၊ အခုလို လုပ်ရပ်ကတော့ လူနည်းစုတွေနဲ့ ပတ် သက်လို့ ဥပဒေအရ အကာအကွယ် မဲ့နေတဲ့သဘောဖြစ်တယ်၊ ဒါက နိုင်ငံတကာအလယ်မှာရော ပြည်တွင်းမှာပါ မကောင်း ဘူးထင်တယ်။ ခုက နိုင်ငံတကာအလယ်မှာ ဖိအားအများကြီးနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာ ဒါက ဘာသာရေးကို နိုင်ငံရေး အတွက် အသုံးပြုလာတဲ့ဟာပဲ၊ နိုင်ငံတကာ အလယ်မှာ နိုင်ငံရဲ့ပုံရိပ်က ဆိုးဆိုးဝါးဝါးကို ထိခိုက်တယ်” ဟု ပြောသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း ၈၊ ပုဒ်မ ၃၆၄ တွင် “နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ သာသနာကို အလွဲသုံးစားမပြုရ”ဟု ပြဌာန်ထားသည်။
ထို့ပြင် လူမျိုးရေးကြောင့် သော်လည်းကောင်း၊ ဘာသာရေးကြောင့် သော်လည်းကောင်း တဖက်နှင့် တဖက်၊ တဂိုဏ်းနှင့် တဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တမျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော (သို့မဟုတ်) ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမှုသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်၊ ထိုအပြုအမှုမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဌာန်းနိုင်သည်ဟု ပြဌာန်းထားသည်။
လက်ရှိတွင် လူအုပ်စုဖြင့်ကန့်ကွက်ခဲ့သူများ၏ တောင်းဆိုချက်အရ ယာယီဝတ်ပြုနေရာများအား အစိုးရမှ ထပ်မံ၍ ခွင့်ပြုချက် တစုံတရာ မရမီအထိ ပိတ်သိမ်းထားရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် လက်မှတ်ရေးထိုး ထားရကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က “၂၆ ရပ်ကွက် နေရာသတ်မှတ်မှုက စဖြစ်တာ ပေါ့။ အဲ့ဒီနေရာကလည်း ဘာသာရေး အဆောက်အဦး ဆောက်မယ်ဆိုလို့ ရပ်ကွက်ကလူတွေက ခဏခဏ ကန့်ကွက်မှုလေးတွေ ရှိတယ်၊ ခွင့်ပြုတဲ့ ၃ နေရာမှာက ဒီနေရာပါလာတာပေါ့၊ နောက်ဆိုရင်တော့ ခွင့်ပြုပေးမယ့် နေရာတွေကို လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းပြီး အောက်ခြေ အခြေအနေမှန်ကို သိရှိပြီးမှ ရွေးချယ်မယ်ဆိုရင် ပိုကောင်းပါတယ်” ဟု ပြော သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခထောင်ချောက်များထဲသို့ မဝင်မိကြရန်နှင့် အာရုံပြောင်း လမ်းကြောင်းလွဲသည့် အဖြစ်အပျက်များအား သတိပြုကြစေလိုကြောင်း ဧပြီ ၁၇ ရက်နေ့က ပြောကြားခဲ့သည့် နှစ်သစ်ကူးမိန့်ခွန်းတွင် ပြည်သူများအား သတိပေးပြောကြားထားသည်။
ကိုမြအေး က “၂၀၂၀ ရွေးကောက်ပွဲနီးလာလေ ဒီလိုပြသနာတွေ များလာမလာဆိုတာတောင် စိုးရိမ်မိပါတယ်။ တခုခုဆိုရင် ဘာသာရေး၊ လူမျိုးရေးကိစ္စတွေက ဆူလွယ်နပ်လွယ်ကိစ္စတွေပါ။ အဲ့ဒါတွေကို အသုံးပြုလာတာက ကောင်းတဲ့ပုံစံမဟုတ်ပါဘူး။ အခုက အကြမ်းဖက် အန္တရာယ်ကလဲရှိနေတယ်။ ခုချိန်မှာ လူတွေကို ခွဲခြားခံရတယ်ဆိုတဲ့ စိတ်ဓာတ် အမြင်မျိုး မပေးဖို့ လိုတယ်လို့ မြင်ပါတယ်” ဟု သုံးသပ်ပြောကြားခဲ့သည်။
နိုင်ငံတော်၏ အတိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံအတွင်း လူမျိုးပေါင်းစုံတို့ရဲ့ မတူကွဲပြားတဲ့ ဘာသာအချင်းချင်း အပြန်အလှန်နားလည် ယုံကြည်မှုများ ထားရှိပြီး တည်ငြိမ်အေးချမ်းတဲ့ လူနေမှုဘဝကိုမြှင့်တင်ဖို့၊ ဘာသာရေး ပဋိပက္ခများ မဖြစ်ပွားအောင် ကာကွယ်တားဆီးဖို့၊ ပဋိပက္ခကြောင့် ဒုက္ခရောက်နေသူတွေကို အပြည့်အဝ ကူညီစောင့်ရှောက်ဖို့ကိုလည်း မေလ ၇ ရက်နေ့က ကျင်းပခဲ့သည့် ဘာသာပေါင်းစုံအကြံပြုဆွေးနွေးပွဲတွင် တိုက်တွန်းထားသည်။
အကြီးတန်း သတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှူရန် – ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော
မတူ ကွဲပြားသူများကြား သဟဇာတ ဖြစ်ရေး သဘောထား အမြင်များ
မြန်မာနိုင်ငံတွင် အစ္စလာမ်မုန်းတီးရေးဝါဒ ပြန်လည်ခေါင်းထောင်ထလာခြင်း