လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင်နှင့် ပတ်သက်၍ တပ်မတော်က တရားစွဲဆိုနေခြင်းများကို ပြန်လည် ရုပ်သိမ်းပေး ရန် တောင်းဆိုသည့် Blue Shirt Campaign လှုပ်ရှားမှုတခု အရပ်ဘက် အဖွဲ့အစည်းများ ပူပေါင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တရားစွဲခံထားရသည့် ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ဝင်များကို ရုံးထုတ်မည့် မေ ၁၇ ရက်တွင် ပထမဆုံး အကြိမ် လှုပ်ရှားမှု အဖြစ် သွားရောက် ဝန်းရံမည် ဖြစ်ကြောင်း အသံ – Athan (လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားမှု အဖွဲ့) အမှုဆောင် ဒါရိုက်တာ မောင်ဆောင်းခ က ဧရာဝတီကို ပြောသည်။
Blue Shirt Campaign လှုပ်ရှားမှုတွင် ပါဝင်မည့် သူများသည် “တပ်မတော်၏ တရားစွဲဆိုမှုများ ရုပ်သိမ်းပေးပါ (ရှေ့ ဘက်)”၊ “Respect Right to Freedom of Expression(နောက်ကျောဘက်)” စာသားပါ အပြာရောင် တီရှပ် အင်္ကျီ များကို ဝတ်ဆင်ပြီး တပ်မတော်က တရားစွဲဆိုထားသည့် အမှုရုံးချိန်းများတွင် စွပ်စွဲခံရသူများကို သွားရောက် ဝန်းရံ ပေးမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
မောင်ဆောင်းခက“အနည်းဆုံး သူတို့ဘက်ကနေ ဘာမှ မတုံ့ပြန်ရင်တောင်မှ မြန်မာပြည်က လူထုနဲ့ အရပ်ဘက် အဖွဲ့ အစည်းတွေက ဒီမတရားမှုကို ခေါင်းငုံ့ခံမနေဘူး။ မတရားခံရတဲ့ဘက်က ရပ်တည်တယ် စသဖြင့် ဒီရလဒ်တွေတော့ ထုတ် ပြောနိုင်မယ်လို့ မျှော်လင့်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် တခြားသူတွေအနေနဲ့လည်း ဒီမတရားမှုတွေကို ပိုပြီး သိမြင် လာနိုင်မယ်လို့ ထင်တယ်”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက စွပ်စွဲခံရသူများကို သွားရောက် ဝန်းရံမည့် Blue Shirt Campaign လှုပ်ရှားသူများသည် ဆန္ဒပြ ခြင်း၊ ဆိုင်းဘုတ်ကိုင် ကြွေးကြော်ခြင်းနှင့် ဟောပြောခြင်းများ ပြုလုပ်သွားမည် မဟုတ်ကြောင်းလည်း ပြောဆိုသည်။
ထိုကဲ့သို့ တပ်မတော်က တရားစွဲဆိုနေမှုများနှင့် ပတ်သက်၍ ယခု Blue Shirt Campaign လှုပ်ရှားမည့် အရပ်ဘက် အဖွဲ့အစည်း ၂၀ ကျော်က မေ ၁၁ ရက်တွင် အထူးအစည်းဝေးတရပ် ပြုလုပ်ခဲ့ပြီး သတင်း မီဒီယာများ၊ နိုင်ငံသားများ၊ တက်ကြွ လှုပ်ရှားသူများအား တရား စွဲဆိုမှုများကို ပြန်လည် ရုပ်သိမ်းပေးရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ မေ ၁၄ ရက်တွင် အိတ်ဖွင့် ပေးစာတစောင် ပေးပို့ခဲ့သော်လည်း ယနေ့ အချိန်ထိ တပ်မတော်ဘက်မှ တစုံတရာ တုံ့ပြန် မှု မရှိသေးကြောင်း သိရသည်။
အဆိုပါ အဖွဲ့အစည်းများတွင် အသံ၊ ဒေါင်းမျိုးဆက် သံချပ်အဖွဲ့၊ ပေါင်းကူး၊ မြန်မာသတင်းသမားများ ကာကွယ်ရေး ကော် မတီ (PCMJ)၊ Myanmar Press Freedom Center၊ Generation Wave၊ အနာဂတ် သံလွင် ထိန်းသိမ်းရေး အဖွဲ့၊ ဒို့အရေး ကွန်ရက်၊ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ Women Peace Network အစရှိသည့် အဖွဲ့များ ပါဝင်သည်ဟု ဆိုသည်။
မောင်ဆောင်းခက“တပ်ကတော့ သိပ်အလေးထားမယ့်ပုံ မပေါ်ဘူး။ နဂိုကတည်းကလည်း ပြည်သူလူထုရဲ့ အသံကို နား ထောင်ခဲ့တာ သိပ်တော့မတွေ့ရဘူး။ ဒါပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေက ဒီလိုတောင်းဆိုလာရင် တပ်မတော် အနေ နဲ့ ရေရှည်အကျိုးစီးပွား၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒါတွေကို ထည့်သွင်းစဉ်းစားခဲ့တယ်ဆိုရင် ပြေလည်ကောင်း ပြေလည်နိုင်တယ် ဆိုတာမျိုး မျှော်လင့်ချက်တော့ ရှိတယ်”ဟု ပြောသည်။
လက်ရှိအချိန်ထိ ဆရာတော်ဦးသောဘိတ(အလင်္ကာကြယ်)၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ ဒေါင်းတို့ မျိုးဆက် သံချပ် အဖွဲ့ဝင်များ၊ ဧရာဝတီ သတင်းဌာန၊ လွတ်လပ်သော အာရှ အသံ(RFA)၊ ရခိုင် ပြည်နယ် အခြေစိုက် Development Media Group(DMG)၊ ဇွဲ အငြိမ့်အဖွဲ့နှင့် မြိတ်မြို့မှ ကိုမျိုးသူနိုင်တို့ကို တပ်မတော်ဘက်က တရား စွဲဆိုထားကြောင်း သိရသည်။
ယင်းသို့ တရားစွဲဆိုရာတွင် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) သည် အများဆုံးစွဲသည့် ပုဒ်မဖြစ်နေပြီး ရာဇသတ် ကြီး ဥပဒေ ပုဒ်မ ၅၀၀၊ ၅၀၅(က)(ခ)နှင့် မတရားအသင်း အက်ဥပဒေ တို့ဖြင့်လည်း စွဲဆိုမှုများ ရှိကြောင်း မောင်ဆောင်းခ က ရှင်းပြသည်။
မြန်မာ သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေး ကော်မတီ(PCMJ) ဦးဆောင် ကော်မတီဝင် မလှလှဝင်းက “စစ်တပ် ကနေ တရားစွဲဆိုမှုတွေက အခုနောက်ပိုင်း အရမ်း စိပ်လာတယ်။ ဒါကို ပြည်သူတွေအနေနဲ့ သတိထားမိ အောင် Blue Shirt Campaign ကို စတာပါ။ တပ်မတော်က တရားစွဲတယ်။ အများအားဖြင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ပတ် သက်နေတယ်။ ကျမတို့အနေနဲ့ မီဒီယာ အဖွဲ့အစည်း အနေနဲ့ ဝင်ပါသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ဝင်ပါတာ”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက တရားမစွဲခြင်းက အကောင်းဆုံးဖြစ်ကြောင်း၊ လက်ရှိ တရားစွဲခံထားရသည့် ကိစ္စရပ်များထဲတွင် တချို့ ပြဿနာများသည် တရားစွဲစရာ မလိုကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် တိုက်ရိုက် သက်ဆိုင်နေ သည့် အတွက် မီဒီယာ အဖွဲ့အစည်းအနေဖြင့်ရော၊ လူပုဂ္ဂိုလ်အနေဖြင့်ပါ လှုပ်ရှားမှုများတွင် တောက်လျှောက် ပါဝင် သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။
တပ်မတော်က တရားစွဲဆိုမှုများနှင့် ပတ်သက်၍ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက တပ်မတော် နေဖြင့် သည်းခံနိုင်မှုသည် အတိုင်းအတာ ရှိကြောင်း ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က နေပြည်တော်တွင် သတင်းထောက် များကို ပြောဆိုထားသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ ကိုဂျင်မီက“ဒီရက်ပိုင်း တပ်မတော်က တရားစွဲတဲ့အမှုတွေ တော်တော်လေး များလာတယ်။ ဒါက ကောင်းတဲ့ ပုံရိပ်တခု မဟုတ်ဘူး။ ဖြစ်နိုင်လို့ရှိရင် အမှုတွေကို အမြန်ဆုံး ပြန်ရုပ်သိမ်းပြီးတော့ ဒီလူတွေ အကုန် လုံး ကို ပြန်လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ”ဟု မှတ်ချက်ပြုသည်။
တပ်မတော်သည် ဖွဲ့စည်းပုံ အခြေခံ ဥပေဒ အရ နိုင်ငံတော် လုံခြုံရေး၊ အုပ်ချုပ်ရေးကဏ္ဍတို့တွင် အဓိက တာဝန်ယူနေ ပြီး နိုင်ငံရေးတွင်ပါ ပါဝင် ဦးဆောင်နေသဖြင့် ဝေဖန်ပြစ်တင်မှုများ မဖြစ်မနေ ရှိနိုင်ပြီး ယင်းတို့ကို တရားစွဲဆိုခြင်း မပြုသင့် ဘဲ သဘောထားကြီးကြီး ထားပေးရန် လိုအပ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများ၏အိတ်ဖွင့်ပေးစာတွင် ဖော်ပြ ထား သည်။
သတင်း လွတ်လပ်စွာ စီးဆင်းစေခြင်း၊ မှန်ကန်သော လုပ်ရပ်ကို ရဲရဲဝံ့ဝံ့ လုပ်ပြခြင်းဖြင့်သာ မမှန်မကန် စွပ်စွဲပြောဆိုမှု များ၊ အမုန်းစကားများနှင့် သတင်းမှားများကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး တရားစွဲဆိုခြင်းက အဖြေမဟုတ်ကြောင်း၊ တရား စွဲဆိုခြင်းဖြင့် ယင်းစွပ်စွဲပြောဆိုမှုများသည် မှန်ကန်နေသည်ဟု သွယ်ဝိုက် ထောက်ခံရာသာ ရောက်စေကြောင်းလည်း ပါရှိသည်။
အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် တပ်မတော်၏ တရားစွဲမှုများကို ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချပြီး တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်မှ ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်ဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အာမခံပေး သည့် အနေဖြင့် တပ်မတော်အပေါ် ဝေဖန်ထောက်ပြမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုထားမှုများ အားလုံးကို ပြန်လည် ရုပ်သိမ်းပေးရန်လည်း တိုက်တွန်း တောင်းဆိုထားသည်။
You may also like these stories:
တနင်္သာရီ ဝန်ကြီးချုပ်ဟောင်း အာမခံလျှောက်ထားမှု ပယ်ချခံရ
တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိသမျှ တပ်မတော် နိုင်ငံရေးက မထွက်
လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေဆဲ မြန်မာပြည်
မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော