မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း အခြေစိုက်လှုပ်ရှား၍ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသည့် အာသံနှင့် ကသည်း သူပုန် အဖွဲ့ဝင် ၂၄ ဦးကို ခန္တီးခရိုင်တရားရုံးက မေ ၁၅ ရက်က ထောင်ဒဏ် ၂ နှစ်စီ ချမှတ် လိုက်သည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခန္တီးဗျူဟာမှ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) ၏ ဗဟိုဌာနချုပ် တကားစခန်းတွင် အာသံနှင့် ကသည်းသူပုန်များ ခိုအောင်နေကြောင်း သတင်းရ၍ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့က ဝင်ရောက်ရှင်းလင်းရာတွင် အာသံနှင့် ကသည်း သူပုန်များကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် တပ်မတော်က တရားလိုလုပ်၍ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှာ မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် တိုင်ကြားခဲ့ရာ မေ ၁၅ ရက်က ၆ ကြိမ်မြောက် ရုံးချိန်းတွင် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးအား ခန္တီးခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး သန်းနိုင် က “ပုဒ်မ ၁၇/၁ နဲ့ အရေးယူပြီး ထောင်ချလိုက်တာ ဟုတ်ပါတယ်။ ကျနော်တို့ ဆွဲထားတာကတော့ ၁၇/၁ နဲ့ပဲ ဆွဲထားတာဗျ။ သောင်းကျန်းသူ မလို့ ၁၇/၁ နဲ့ဆွဲတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
အာသံနှင့် ကသည်း သူပုန်များကို တပ်မတော်က မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့်သာ အမှုဖွင့်ခဲ့ပြီး တရားမဝင် နယ်စပ် ဖြတ်ကျော် ကိစ္စရပ်များနှင့်တော့ တရားစွဲဆွဲထားခြင်း လောလောဆယ် မရှိ သေးကြောင်း ၎င်းက ဆိုသည်။
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှုဗဟိုမှ ဥက္ကဋ္ဌ ဦးအောင်ထွဋ် က “ကျနော်တို့လည်း သိပ်တော့ မသိဘူး၊ ဒါပေမယ့် အမိန့် ဒီဂရီတော့ ချလိုက်ပြီဗျ ထောင် ၂ နှစ်စီဆိုပြီးတော့ပေါ့။ တရားဝင် အမိန့်တော့ ချလိုက်တာ ဟုတ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်ပြီး ခန္တီးရဲတပ်ဖွဲ့မှူးရုံးသို့ ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုမှု မရှိပေ။
မေလ ၁၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံလိုက်ရသော အာသံနှင့် ကသည်း သူပုန်များမှာ မဏိပူရ် ပြည်သူ့တပ် (MPA)၊ ညီညွတ်သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ Kanglei Yawol Kanna Lup (KYKL)၊ People’s Liberate Army (PLA)၊ PREPAK ကသည်းသူပုန် People’s Revolutionary Party of Kangleipak စသည့် အဖွဲ့များက ဖြစ်ကြောင်း သိရသည်။
အလားတူ အာသံနှင့် ကသည်း သူပုန်များကို ခိုအောင်းခွင့်ပေးခဲ့သော NSCN-K ကို အရေးယူသည့်အနေဖြင့် တပ်မတော်က NSCN-K မှ ခေါင်းဆောင်များဖြစ်သော သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တော ရေးရာဝန်ကြီး ဦးအန့်ကန်၊ ပြည်ထဲရေးဝန်ကြီး ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန် တို့ကို ဖမ်းဆီးခဲ့ပြီး ခန္တီးရဲတပ်ဖွဲ့မှူးရုံးမှာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားခြင်းကြောင့် တရားရင်ဆိုင် နေရသည်။
တိုင်းရင်းသား လက်နက်ကိုင်အရေး လေ့လာသူတဦးကတော့ အိန္ဒိယအစိုးရကို တော်လှန်တိုက်ခိုက်နေသော အာသံနှင့် ကသည်း သူပုန်များသည် ယခုမှ တည်ရှိခြင်းမဟုတ်ဘဲ ဗိုလ်ချုပ်ကြီး ခင်ညွန့် (ဟောင်း) လက်ထက် ကတည်းကပင် မြန်မာနိုင်ငံအတွင်း အခြေပြုလှုပ်ရှား လျက်ရှိကြောင်း ဆိုသည်။
၂၀၁၈ ခုနှစ် သြဂုတ် ၁၀ ရက်နေ့က ရန်ကုန်မြို့ရှိ Orchid Hotel တွင် ကူကီးလူမျိုးငယ်ကွန်ယက် (KYN)မှ သမိုင်းဖျောက် အဖိနှိပ်ခံ ကူကီးလူမျိုးဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းစာ ရှင်းလင်းပွဲလုပ်စဉ်ကလည်း မြန်မာနိုင်ငံအတွင်း ကသည်းသူပုန် ၆ ဖွဲ့အထိ လှုပ်ရှားနေကြောင်း KYN ဥက္ကဋ္ဌ ဦးဆေးဂင်က ပြောခဲ့ဖူးသည်။
ထိုအဖွဲ့များမှာ People’s Revolutionary Party of Kangleipak(PREPAK)၊ People’s Liberate Army(PLA)၊ United National Liberation Front(UNLF)၊ United People’s Party of Kangleipak(UPPK)၊ Kanglei Yawol Kanna Lup(KYKL)၊ Kanleipak Communtst Party(KCP) တို့ဖြစ်ကြောင်း သိရသည်။
ထိုအဖွဲ့များမှာ အိန္ဒိယ- မြန်မာ နယ်စပ် တမူးမြို့နယ် အပါအဝင် လေးရှီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ မန္တလေးမြို့တို့တွင် ဖြန့်ခွဲ၍ နေထိုင် ကြကြောင်း ဦးဆေးဂင်က ဆိုသည်။
ဆက်စပ်ဖတ်ရှူရန် – အိန္ဒိယ သူပုန်များကို လက်ခံထား၍ နာဂ ဌာနချုပ်ကို သိမ်းကြောင်း တပ်မတော်ထုတ်ပြန်
နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော
အိန္ဒိယလက်နက်ကိုင်သူပုန်များ ထွက်သွားရန် မြန်မာတောင်းဆို