ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် တပ်မတော်ကာကွယ်ရေးဦးချုပ်တို့ မေလ ၁၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံမှုသည် အလွတ်သဘောနှင့်ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှုဖြစ်သော်လည်း နှစ်ဖက်ပုံမှန်အစည်းအဝေးများ ဆက်လက်ပြုလုပ်နိုင်ရေးဦးတည်ကြောင်း KNU ဒုတိယ ဥက္ကဌ က ဆိုသည်။
KNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်းအဆိုအရ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကြား အလွတ်သဘောတွေ့ဆုံမှုသည် တပ်မတော်၏ ဖိတ်ကြားချက်အရ တွေ့ဆုံခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်မေလအထိ KNU ဥက္ကဌ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အကြား ပုံမှန်တွေ့ဆုံဆွေးနွေးမှုများ ရှိနေခဲ့သည်။ ယခင်အစိုးရလက်ထက်က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်လျက် ၎င်းတို့ ပုဂ္ဂိုလ်ရေး တွေ့ဆုံဆွေးနွေးမှုများ တလတကြိမ် (သို့မဟုတ်) နှစ်လတကြိမ် ပြုလုပ်ခဲ့သည်။ သို့သော် ထိုသို့တွေ့ဆုံမှုများ ရပ်တန့်နေသည်မှာ ကြာမြင့်ခဲ့ပြီး၊ အောက်တိုဘာလက နေပြည်တော်၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က KNU ခေါင်းဆောင်များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ အဖွဲ့ဝင်များနှင့်အတူ အလွတ်သဘော သီးသန့်တွေ့ဆုံခဲ့ခြင်းအပ မရှိခဲ့ပေ။
“ကျနော်တို့ နှစ်ဖက်ကြား (KNU နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) ပုံမှန် တွေ့ဆုံမှု မရှိတာ ကြာပြီ။ အခုကတော့ ပထမဦးဆုံး ပြန်တွေ့နိုင်အောင် ကြိုးစားနေတယ်။ မတွေ့ဖြစ်တာ ၅ လ၊ ၆ လ၊ ၇ လောက်ကြာသွားပြီ” ဟု ဖဒိုစောကွယ်ထူးဝင်းက ဧရာဝတီသို့ ဗုဒ္ဓဟူးနေ့၌ ပြောကြားခဲ့သည်။
KNU နှင့်တပ်မတော်ကြား ဆက်ဆံရေးနှင့်ပတ်သက်ပီး ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ပြော၍ရသော်လည်း အလုံးစုံမဟုတ်ဘဲ အချို့နယ်ပယ်များတွင် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရန် လိုနေသေး ကြောင်း ၎င်းက ဆိုသည်။
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ထိုးထားသည့် အဖွဲ့တဖွဲ့ဖြစ်သည့် KNU သည် ၎င်း၏ဥက္ကဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အကြား ပုဂ္ဂိုလ်ရေး တိုက်ရိုက်အဆက်အသွယ်ရှိသော တခုတည်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။
ဆွေးနွေးပွဲများ ရပ်တန့်နေခြင်းသည်လည်း ၂၀၁၈ ခုနှစ် မတ်လတွင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၌ KNU ထိန်းချုပ်နယ်မြေအတွင်း လမ်းဟောင်းမွမ်းမံရေးကိစ္စနှင့်ပတ်သက်၍ KNU နှင့်အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းနှင့် အောက်တိုဘာလတွင် ပုံမှန်ငြိမ်းချမ်းရေးလုပ်ငန်းမှ ဆိုင်းငံ့ထားရန် KNU က ဆုံးဖြတ်ချက်ချပြီးကတည်းက ဖြစ်သည်။
နောက်ဆုံးတွေ့ဆုံမှုအတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရပ်တန့်နေခြင်းနှင့် ပတ်သက်သော အခြား NCA လက်မှတ်ထိုးထားသည့်အဖွဲ့များ၏ အမြင်သဘောထားများကိုလည်း တပ်ချုပ်နှင့် ပြောဆိုခဲ့သည်ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။
“အပစ်အခတ်ရပ်စဲရေးခိုင်မာရေးကိစ္စတို့ နိုင်ငံရေးဆွေးနွေးပွဲတွင် ဆက်လုပ်နိုင်ဖို့ (လိုအပ်ချက်)ကို ပြောဖြစ်ပါတယ်။ သူ(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်) တို့ကလည်း ဒါကို နိုင်ငံရေးဆွေးနွေးပွဲတော့ ဆက်လုပ်ရမယ်“ ဆိုတဲ့ အလားတူသဘောထားအမြင်ကို ဖလှယ်ခဲ့ပါတယ် ဟု ဖဒိုကွယ်ထူးဝင်းက ဆိုသည်။
၂၀၂၀ ပြည့်နှစ်အရောက်တွင် လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရယူရန် တပ်မတော်က ကတိပြုထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကိုင်ထားလျက်ပင် နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်နိုင်ကြောင်း ပြောဆိုထားသည်။
တပ်မတော်သည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရန် NCA လမ်းကြောင်းအတိုင်း ဆက်သွားရန် သူ့ရပ်တည်ချက်အတိုင်း ခိုင်ခိုင်မာမာရှိနေသည်ဟု ဖဒိုကွယ်ထူးဝင်းက ဖြည့်စွက်ပြောကြားခဲ့သည်။
You may also like these stories:
IMF ထံမှ ဒေါ်လာ ၆ ဘီလီယံ ပါကစ္စတန် ငွေချေး
ဘာ့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းက KNU ထွက်ရသလဲ
လေယာဉ် မတော်တဆမှု အတွက် MNA တောင်းပန်
ရန်ကုန်မြို့လယ် လူကူး မျဉ်းကျားနှင့် ခုံးတံတားမှ လမ်း မကူးသူများကို ဒဏ်ငွေ ၃ သောင်း ရိုက်မည်