သတင်း

အပိတ်ခံရသည့် Twitter မှာ ဗိုလ်ချုပ်မှူးကြီး၏ အကောင့် မဟုတ်ဟု တပ်မတော် ပြော

Want create site? Find Free WordPress Themes and plugins.

သတင်းမီဒီယာ တချို့တွင် ဖော်ပြနေသည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Twitter မှ ဖယ်ရှားခံလိုက်ရသည် ဆိုသည်မှာ မဟုတ်ဘဲ ဗိုလ်ချုပ်မှူးကြီးတွင် တရားဝင် Twitter အကောင့် မရှိကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဗိုလ်ချုပ်မှူးကြီးမှာ တရားဝင် Twitter အကောင့် မရှိဘူး။ အခု အပိတ်ခံရတဲ့ ဘယ်သူ့ အကောင့်လည်း ကျနေ်ာတို့ မသိဘူး။ မီဒီ ယာတချို့ မှာ ရေးနေတာတော့ တွေ့တယ်။ အဲဒါကြောင့် သတင်းမီဒီယာတချို့ မေးရင် အဲလိုပဲ ပြန်ဖြေနေတယ်။ ဗိုလ်ချုပ်မှူးကြီးမှာ တရားဝင် Twitter အကောင့် မရှိပါဘူး”ဟု ပြောသည်။

ယခုလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကောင့် အပိတ်ခံရခြင်းနှင့် ပတ်သက်၍ Twitter က တရားဝင် ထုတ်ပြန်ခြင်း မရှိသော် လည်း ၎င်း၏ အမည်ကို ရိုက်ရှာမည် ဆိုပါက ဆိုင်းငံ့ထားကြောင်း ပေါ်လာသည်ဟု သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ တရားဝင် Facebook အကောင့် အပိတ်ခံရပြီး နောက်ပိုင်းတွင် ကိုယ်ရေးကိုယ်တာ အမည်ဖြင့် ဖွင့်လှစ်ထားသည့် အခြား ဆိုရှယ်မီဒီယာ အကောင့် မရှိကြောင်း၊ ရုရှားမှာ VK အကောင့် အပိတ်ခံရသည်မှာလည်း ဗိုလ်ချုပ်မှူးကြီး၏ တရားဝင် အကောင့် မဟုတ်ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

VK ဆိုသည်မှာ ရုရှားနိုင်ငံအတွင်း ရေပန်းစားသည့် VKontakte လူမှုကွန်ရက် ဖြစ်သည်။

Facebook က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော်ပိုင် မြဝတီ ရုပ်မြင်သံကြားအပါအဝင် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်နှင့် အဖွဲ့ အစည်း ၂၀ တို့သည် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ရာတွင် ပါဝင်ခဲ့ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ မြန် မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့က ထုတ်ဖော်ခဲ့၍ ပိတ်ပင်ရခြင်းဟု ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် ကြေညာခဲ့သည်။

ယခုအခါ တပ်မတော်က ပြန်ကြားရေးအဖြစ် အသုံးပြုနေသည်မှာ မြဝတီ မီဒီယာ ပလက်ဖောင်း တခုသာ ရှိကြောင်း သိရသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အခုလည်း တရားဝင် အပိတ်ခံရတာ မဟုတ်တော့ ဘာမှတ်ချက်မှ မပေးချင်ဘူး။ Facebook တုန်းကတော့ အပိတ်ခံရတာ ဟုတ် တယ်။ အဲဒီတုန်းက လှုပ်ရှားမှု သတင်း ထုတ်ပြန်တာတွေ ရှိတယ်။ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေ ထုတ်ပြန်တာတွေ ရှိတယ်။ အဲ ဒါတွေ အပိတ်ခံရတာပေါ့။ အဲဒါကတော့ တဖက်သတ် အပိတ်ခံရတယ်လို့ပဲ မြင်တယ်ပေါ့” ဟု ပြော သည်။

အစိုးရက ဖွဲ့စည်းထားသည့် ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (Social Media Monitoring Team – SMMT) သည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လူမှုကွန်ရက် အကောင့်နှင့် တပ်မတော် အကောင့်များကို ကာကွယ်ပေး နိုင်ခဲ့ခြင်း မရှိကြောင်း ကြံ့ခိုင်ရေးပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက ဧရာဝတီသို့ ပြောဆိုဖူးသည်။

ယခုလည်း တရားဝင် အကောင့်ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ ယခုလို လိုက်လံ ပိတ်ပင်နေသည်မှာ မဖြစ်သင့်ကြောင်း၊ နိုင်ငံ အကြီး အကဲတဦး၏ အကောင့်ကို မလုပ်သင့်ကြောင်း၊ အစိုးရက ဆိုရှယ်မီဒီယာကို စောင့်ကြည့် ထိန်းကျောင်းရန် ကျပ်သန်းပေါင်း ၆၀၀၀ ကျော် သုံးစွဲထားပြီး အစိုးရကိုယ်တိုင် ပိတ်သည်ဆိုပါကလည်း ပိတ်ခွင့်မရှိကြောင်း ဧရာဝတီသို့ ပြောသည်။

ဒေါက်တာ မောင်သင်း က “သူ (ဗိုလ်ချုပ်မှူးကြီး) ကလည်း Hate Speech မပြောဘူး။ တခြားနိုင်ငံရဲ့ ပေါ်လစီတွေ၊ အစိုးရရဲ့ ပေါ်လစီ တွေကို သူသိနေတာပဲ။ သိနေတဲ့အတွက်ကြောင့် ဘာပဲဖြစ်ဖြစ် သူ့အမြင်ကို သူပြောတာပဲ ဖြစ်လိ့မ်မယ်။ အစိုးရဘက်က ဘဝင်ကျ တာတို့ ဘဝင်မကျတာတို့ ဒါမျိုးတွေတော့ ရှိချင်ရှိမယ်။ အဲလောက်နဲ့ကတော့ ဒီလိုပိတ်တယ်ဆိုတာမျိုးက ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ မဟုတ်ဘူး”ဟု ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook အကောင့် အပါအဝင် တပ်မတော်နှင့် ပတ်သက် သည့် အကောင့်များ ပိတ်ပင်ခံခဲ့ရပြီး နောက်ပိုင်းတွင် ယင်းလူမှုကွန်ရက်ကို ဆက်လက်သုံးစွဲရန် တပ်မတော်တွင် အစီအစဉ် မရှိ တော့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးအခင်းများတွင် မွတ်စလင် သိန်းချီ၍ နိုင်ငံ အတွင်းမှ ထွက်ပြေးသွားစေခဲ့မှုနှင့် ဘင်္ဂလီများအပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ်တွင် တာဝန်ရှိသည်ဟု အနောက်နိုင်ငံများက စွပ်စွဲလျက်ရှိသည်။

ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး အဖွဲ့ ၏ အစီရင်ခံစာက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးများကို ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်များမှ လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ရာဇ ဝတ်မှုများ နှင့် လူမျိုးတုန်း သတ်ဖြတ်မှုအတွက် ရုံးတင်စစ်ဆေးရန် တိုက်တွန်းခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရာထူးမှ နုတ်ထွက်ရန်လည်း တောင်းဆိုခဲ့သည်။

တပ်မတော်ကမူ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာ စစ်ဘက် အရာရှိများကို အရေးယူခြင်းများ ပြုလုပ်ခဲ့ သော်လည်း တပ်မတော်တွင် တာဝန်ရှိကြောင်း ဝန်ခံခြင်းမျိုး မပြုလုပ်သေးပေ။ ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်း စစ်ဆေးရေး ခုံရုံးများ အသစ်ဖွဲ့ စည်း၍ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။

အစိုးရကမူ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိပါက အချက်အလက်ပေးရန် နိုင်ငံတကာသို့ တောင်းခံထားပြီး
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook အကောင့် အပါအဝင် တပ်မတော်ဆိုင်ရာ အကောင့်များ ပိတ်ပင်ခံရမှုကိုလည်း မလိုလားဘဲ အစိုးရ၏ လုပ်ရပ်ဟု အထင်လွဲနိုင်သဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ထိခိုက်လာမည်ကိုပင် စိုးရိမ်လျက် ရှိသည်ဟု ဆိုသည်။

You May Also Like These Stories :

တပ်ချုပ် ဖေ့ဘွတ်အကောင့် အပိတ်ခံရ 

တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု ဗိုလ်ချုပ်မှူးကြီး ကာကွယ်ပြောဆို 

Did you find apk for android? You can find new Free Android Games and apps.
Loading