မန္တလေးတိုင်း ဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဌာနခွဲ စာရေးမကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ထောင်ဒဏ် ၄ နှစ် ကျခံရန် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က မေလ ၁၆ ရက်တွင် အမိန့် ချ မှတ်လိုက်သည်။
မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်မှ တာဝန်ရှိသူ တဦးက “အဂတိ လိုက်စားမှုနဲ့ စစ်ဆေးခဲ့တာပါ။ ငွေကြေး ပေးခဲ့ရတယ် ဆိုတဲ့ ကုမ္ပဏီများကနေ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို တိုင်ကြားခဲ့တာပါ။ အမှုမှာ တရားခံလို့ စွပ်စွဲခံရသူက၂ ဦးပါ၊ တဦးက အမိန့်ချပြီးတဲ့ အထိ ထွက်ပြေး တိမ်းရှောင်နေဆဲပါပဲ”ဟု ပြောသည်။
အဆိုပါ စာရေးမအား အဂတိ အမှု အမှုတွဲ ၂ ခု ဖြင့် တရားစွဲဆိုခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ပုဒ်မ ၅၆/၆၃ အရ အလုပ်နှင့် ထောင်ဒဏ်၂ နှစ် တို့ကို သီးခြား ကျခံစေရန် အမိန့် ချမှတ်ခဲ့ခြင်းကြောင့် အလုပ်နှင့် ထောင်ဒဏ် ၄ နှစ် ကျခံမည်ဟု ဖြစ်သည်။
တရားခံဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးကျော်မြိုင် က “သူက စာရေးဖြစ်နေတာ ငွေထုတ်ပေးရတာ ဆိုတော့ ပြစ်ဒဏ်ပိုင်းက သက်ညှာပါတယ်။ အမိန့်ချတဲ့ အပေါ် မှားတယ် ဆိုရင်တော့ အယူခံတက်ပေါ့။ အခုတော့ သူ့သဘော ထားက ဘာမှ မသိရသေးဘူး” ဟု ပြောသည်။
အဆိုပါ အမှုမှ ဌာနခွဲ စာရေးမအား အမိန့်ချမှတ်ပြီးသည် အထိ မန္တလေးတိုင်း ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ငွေထုတ်သူ အရာရှိ တိုင်းဦးစီးမှူး ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်ကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ ထွက်ပြေး တိမ်းရှောင်နေသောကြောင့် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် က ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် (ACC) က မန္တလေးတိုင်း ဒေသကြီး ကျေးလက် လမ်းဖွံ့ဖြိုးရေး ဦးစီးဌာ နမှ ငွေထုတ်သူ အရာရှိ တိုင်းဦးစီးမှူး ဒု ညွှန်ကြားရေးမှူး ဦးအောင်မြင့်ကျော်နှင့် ဌာနခွဲ စာရေး ဒေါ်သူဇာ တို့ကို လာဘ် စားမှုဖြင့် အောက်တိုဘာ ၃၁ ရက်က အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အမှု ဖွင့်ခံထားရသူများသည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အတွင်း ပြည်ထောင်စု ရန်ပုံငွေ ဘတ်ဂျက်နှင့် တိုင်းဒေသ ကြီး အစိုးရ ရန်ပုံငွေ ဘတ်ဂျက်တို့မှ ကျေးလက်လမ်း လုပ်ငန်းများ တင်ဒါခေါ်ယူ ဆောင်ရွက်ရာ၌ လုပ်ငန်း ပြီးစီးမှုအရ ၂၅ ရာ ခိုင်နှုန်းကို လုပ်ငန်း တန်ဖိုးငွေ အဖြစ် တင်ဒါ အောင်သော ကုမ္ပဏီ ၆ ခုအား ခွဲဝေ ထုတ်ပေးခဲ့သည်ဟု ACC က ထုတ်ပြန်ထားသည်။
ထိုသို့ ငွေထုတ်ပေးရာ၌ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြု၍ တင်ဒါအောင် ကုမ္ပဏီများထံမှ ၃ ရာခိုင်နှုန်း ဖြစ်သည့် ငွေကျပ် ၁၀ ဒသမ၂၇၈ သန်းအား ရုံးစရိတ်၊ ငွေထုတ် စရိတ် အကြောင်းပြကာ အကြိမ်ကြိမ် အပိုကြေး ဖြတ်တောက် တောင်းခံရယူကြောင်း စစ်ဆေး ပေါ်ပေါက်သည့် အတွက် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။
ယင်းသို့ စစ်ဆေး ပေါ်ပေါက်သည့်အတွက် တိုင်းဦးစီးမှူး၊ ဒု ညွန်ကြားရေးမှူး ဦးအောင်မြင့်ကျော်အား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဌာနခွဲစာရေး ဒေါ်သူဇာအား ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း အရေးယူ ဆောင်ရွက်ရန် မြစ်ငယ် နယ်မြေ ရဲစခန်းတွင် အောက်တို ဘာလ ၃၁ ရက်က ပထမ သတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ အမှုဖွင့်ခဲ့သည်။
ဆက်စပ်ဖတ်ရှူရန်
ကျေးလက်လမ်း ဦးစီးဌာန စာရေးမကို အဂတိ လိုက်စားမှုဖြင့် စစ်ဆေး
မန္တလေးတိုင်း ကျေးလက် လမ်းဦးစီးမှူးနှင့် စာရေး လာဘ်စားမှုဖြင့် အမှုဖွင့်ခံရ