နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ လုပ်ဆောင်လျက်ရှိသည့် စိမ်းလန်း စိုပြေရေး ကဏ္ဍများ အတွက် ပြည်ထောင်စု ဘတ်ဂျက်ကို မသုံးသင့်ဟု လွှတ်တော် အမတ်များကြား ဝေဖန် ပြောဆိုမှု ရှိနေသည်။
မေလ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ နေပြည်တော် စည်ပင် သာယာရေး ကော်မတီမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် က နေပြည်တော်ရှိ ၈ မြို့နယ် စိမ်းလန်း စိုပြေစေရေး ကဏ္ဍ အတွက် တလကို ခန့်မှန်းခြေ ငွေ ကျပ်သန်း၂၀၀ သုံးစွဲကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် Green City အဖြစ်လည်း လုပ်ဆောင်လျက် ရှိပြီး ဧရိယာများ တိုးချဲ့ကာ ရရှိလာသည့် ဘတ်ဂျက်ပေါ် မူတည်၍ လက်ရှိ အနေအထားထက် ပိုမို ကျယ်ဝန်းလာရန် စီစဉ်လျက် ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ထိုသို့ Smart City မြို့တော် ဖြစ်ရန် ဘတ်ဂျက် သုံးမည် ဆိုပါက မိမိ ဘတ်ဂျက်ကို မိမိ ရှာသုံးသင့်ပြီး ပြည်ထောင်စု ဘတ် ဂျက်ကို မသုံးသင့်ကြောင်း၊ အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း စည်ပင်သာယာရေးနှင့် ပတ်သက်ပါက သူ့ငွေနှင့် သူ ရှာသုံး၍ လည်ပတ်ကြကြောင်း၊ ယခု သုံးစွဲမည့် ငွေပမာဏမှာ တိုင်းရင်းသား ဒေသများ အတွက် ဖွံ့ဖြိုး တိုးတက်မှုများစွာ လုပ်ဆောင်နိုင်ကြောင်း ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဒေါ်ထုမေ က ဧရာဝတီသို့ ပြောသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဒေါ်ထုမေက“တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ် ဆိုရင် နေပြည် တော်သည် သူ့ဘတ်ဂျက်သူ ရှာပြီးတော့မှ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ဝေဖန်ရရင် ဖက်ဒရယ် စံချိန်၊ စံညွှန်း နဲ့ ပြောရရင် သူ့ဘတ်ဂျက် သူရှာရမှာ၊ ပြည်ထောင်စု ဘတ်ဂျက်က မသုံးသင့်ဘူး”ဟု ဝေဖန် ပြောဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ အနေဖြင့်မူ မြို့စည်ပင်သာယာရေး အတွက် ပြည်ထောင်စု ဘတ်ဂျက်မှ ကျခံ သုံးစွဲခြင်း မရှိကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက“ရန်ကုန် စည်ပင်ဆိုရင်လည်း ဘတ်ဂျက်ကနေ ပြန် တောင်း ရတာ။ ဒါပေမယ့် သူတို့ဟာ သူတို့ ရှာထားတဲ့ ပိုက်ဆံပဲလေ။ ကိုယ်ရှာထားပေမယ့် ကိုယ်ကြိုက်သလို သုံးလို့ မရ ဘူး လေ။ ဘတ်ဂျက်ထဲကို ထည့်ပေးရတယ်။ ပြန်သုံးရတယ်။ အဲဒီလိုပဲ သုံးရတယ်”ဟု ပြောသည်။
ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အနေနှင့် အခွန်အကောက်များမှ ရရှိသည့် ဝင်ငွေများနှင့် သုံးရသည့် ပမာဏ ကာမိကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဒေါ်စန္ဒာမင်းက“နေပြည်တော် ဆိုတာ မြန်မာနိုင်ငံရဲ့မြို့တော် ဖြစ်တဲ့အတွက် နိုင်ငံတော်က ထောက်ပံ့တာ ဖြစ်ပါလိမ့်မယ်။ ကျမတို့ဆီမှာ (ရန်ကုန်)က သူ့ငွေနဲ့ လုံလောက်ပါတယ်။ သူရတဲ့ ငွေထဲကနေ လုပ်ငန်းတွေကို ပြန်ဆွဲရတာ ဖြစ်တဲ့အတွက် အဲဒီလိုမျိုး ထောက်ပံ့တာမျိုး မရှိပါဘူး။ မြို့ကြီး တမြို့အနေနဲ့ သန်း ၂၀၀ လောက်တော့ ရှိပါတယ်။ နေပြည်တော်က မီးဆို ရင် လည်း ညမှာ အလှဆင်ထားရတာ ရှိတယ်။ အဲဒါမျိုးတွေ အများကြီး ရှိတယ်လေ”ဟု ပြောသည်။
ဦးမျိုးအောင်ကလည်း သုံးစွဲရသည့် နေရာအလိုက် အသုံးစရိတ်နှုန်းများ တူမည် မဟုတ်ကြောင်း၊ နေပြည်တော် တမြို့လုံး တွင် အသုံးစရိတ် တလလျှင် ကျပ် သန်းနှစ်ရာ သုံးကြောင်း ပြောပြသည်။
ထို့ပြင် စိမ်းလန်းစိုပြေ လုပ်ငန်း လုပ်ဆောင်ရာမှာ လူသွားလမ်းမပေါ်တွင် ရှိသည့် သစ်ပင် ၊ မြက်ခင်း၊ နှစ်ရှည်ပင်၊ နှစ်တိုပင် စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ သစ်ပင်ပန်းပင်များ စိုက်ပျိုးသည့် စရိတ် အသေးစိတ်ကို လုပ်ဆောင်သည့် ကုမ္ပဏီများမှ ဆောင် ရွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
နေပြည်တော်ကို Green City ဖြစ်ရန် အတွက် မြို့အတွင်း အပင်များကို စိုက်ပျိုးရာတွင် ပြောင်းရွှေ့စိုက်ပျိုးခြင်း မဟုတ်ဘဲ အပင်ပေါက်မှ စတင်၍ စိုက်ပျိုးခြင်း ဖြစ်ကြောင်း၊ စိုက်ထားသည့် အပင်များ ရေရှိရေး အတွက် လမ်းမကြီးဘေးများတွင် တဖက်ပိတ် ဆည်လေးများ တည်ဆောက် ဆောင်ရွက်နေသည့် အပြင် လမ်းဘေးဝဲယာတွင် ရှိသော တောအုပ်များကို လည်း ထိန်းသိမ်း လုပ်ဆောင်နေကြောင်း ဦးမျိုးအောင်က ရှင်းပြသည်။
နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ် က“နေပြည်တော် စည်ပင်ဘတ်ဂျက် ကလည်း ပြည်ထောင်စု နယ်မြေက သမ္မတ တိုက်ရိုက် အုပ်ချူပ်တာ ဆိုတော့ ပြည်ထောင်စု ဘတ်ဂျက်ကပဲ အတည်ပြု ပေး ရတယ်။ စည်ပင်က ရငွေ ဘယ်လောက်၊ သုံးငွေ ဘယ်လောက်၊ အဲဒါကိုလည်း ပြည်ထောင်စု ဘတ်ဂျက်ကို တင်ပြ ရ တာပဲလေ။ ပြည်ထောင်စု လွှတ်တော်က အတည်ပြုမှ သုံးလို့ ရတာ။ နိုင်ငံရဲ့ မြို့တော် ဖြစ်တဲ့အတွက် နိုင်/ထောက် (နိုင်ငံတော်က ထောက်ပံ့ခြင်း) ဆိုတာ ရှိတယ်။ ဝင်ငွေ အပေါ်မှာ သုံးတာလည်း ရှိတယ်။ အဲဒီ၂ မျိုးစလုံးက ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စု ဘတ်ဂျက်ကပဲ အတည်ပြုရတယ်”ဟု ပြောသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီ ဘတ်ဂျက် အတွက် ကျပ် ၄၁ ဘီလီယံ ရရှိကြောင်း သိရသည်။
နေပြည်တော် ၈ မြို့နယ် အတွင်းရှိ လမ်းဘေးဝဲယာနှင့် လမ်းလယ်ကျွန်းများရှိ သစ်ပင်၊ ပန်းပင်များ လှပစေရေး အတွက် ရေလောင်းသည့် ကုန်ကျ စရိတ်မှာ တလလျှင် ကျပ် သိန်း ၁ ထောင်ကျော် ရှိကြောင်း၊ ပန်းပင်များ ပြုပြင်ခြင်းနှင့် ရေလောင်း ခြင်းလုပ်ငန်းကို ၁၁ ခုခွဲထားပြီး ကုမ္ပဏီ ၁၀ ခုကို တင်ဒါပေးကာ ကျန်တခုကို စည်ပင်သာယာ ဌာနမှ တာဝန် ယူ ဆောင်ရွက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဦးနေထက်ဝင်း က“ရန်ကုန်- မန္တလေးရဲ့ ကုန်ကျ စရိတ်လည်း သိနေတာပဲ ဆိုတော့၊ နေပြည်တော်မှာကျတော့ သစ်ပင်လည်း ပေါတယ်လေ။ ဈေးနဲ့ကာမိအောင် အမှန်တကယ် ကုန်ကျစရိတ်ကို ထိထိမိမိ အကျိုးရှိရှိ သုံးမယ်ဆိုရင် ကောင်းပါတယ်”ဟု ပြောသည်။
အဆိုပါ သစ်ပင် ပန်းပင်များအား တနှစ်လျှင် ရေလောင်းသည့် ကာလ ၆ လ သတ်မှတ်ထားကြောင်း ပန်းဥယျာဉ်နှင့် အား ကစားကွင်း ဌာနမှူး ဦးမိုးကျော်စွာ က ဧရာဝတီသို့ ပြောကြားထားသည်။
ထို့ကြောင့် နေပြည်တော် ကောင်စီ ၈ မြို့နယ်၌ စည်ပင်ဌာန အပါအဝင် ပန်းပင် ရေလောင်း လုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီ ၁၀ ခု၊ စုစုပေါင်း ၁၁ ခုရှိသဖြင့် ရေလောင်းသည့် လုပ်ငန်း တခုတည်း အတွက် စုစုပေါင်း ကျပ်သိန်း ၁၀၀၀ ကျော် ကုန်ကျကြောင်းလည်း ၎င်းက ရှင်းပြ ပြောဆိုထားသည်။
ရေလောင်းရန် မလိုသည့် မိုးတွင်းကာလ၌ ကုမ္ပဏီတခု၏ တလ ပြုပြင်ထိန်းသိမ်းရေး စရိတ် ကျပ်သိန်း ၁၅၀ ခန့် ရှိပြီး လုပ် ငန်း လုပ်ကိုင်နေသူ ၁၁ ဦးရှိသဖြင့် တလလျှင် ကျပ်သိန်း ၁,၆၀၀ ကျော် ကုန်ကျနေကြောင်း၊ ရေလောင်းရသည့် ကာလ၌ ရေလောင်းစရိတ်ပါ ထည့်သွင်းတွက်ချက်ပါမူ တလလျှင် စုစုပေါင်း သိန်း ၂၇၀၀ ကျော် ရှိကြောင်း စည်ပင်သာယာရေး ကော်မတီက သိရသည်။
ပျဉ်မနားမြို့မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးအောင် က“စိုက်ပြီးသား အပင်တွေ စိမ်းလန်းစိုပြေရန် အတွက် ဘတ်ဂျက် ကတော့ ကုန်နေမှာပဲလေ။ တကယ်လို့ စိုက်ပြီးသား အပင်တွေကို ရေမလောင်းဘူး ဆိုရင်လည်း ပစ်ရမလို ဖြစ် နေတယ်လေ။ ဒါကြောင့် သုံးတဲ့ ပမာဏဟာ ကုန်သင့်တဲ့ ငွေကြေးပမာဏ ဖြစ်ပါတယ်”ဟု ပြောသည်။
နေပြည်တော်ကို ဥတ္တရသီရိ မြို့နယ်၊ ဇေယျာသီရိ မြို့နယ်၊ ပုဗ္ဗသီရိ မြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဇမ္ဗူသီရိ မြို့နယ်တို့ကို ဗဟိုပြု၍ လယ်ဝေးမြို့၊ တပ်ကုန်းမြို့နှင့် ပျဉ်းမနားမြို့တို့ဖြင့် ဝန်းရံဖွဲ့စည်းထားရာ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတု ရန်း မိုင်ပေါင်း ၂၇၄၈.၆၁ ကျယ်ဝန်းပြီး ဧကအားဖြင့် ၁၇ သိန်း ၄ သောင်း ၃ ထောင်ကျော် ရှိကြောင်း၊ ရန်ကုန်မြို့နှင့် ၂၀၃ မိုင် ကွာဝေးပြီး မန္တလေးမြို့နှင့် မိုင် ၁၅၀ ကျော်သာ ကွာဝေးကြောင်း နေပြည်တော စည်ပင်သာယာရေး ကော်မတီ၏ အချက် အလက်များ အရ သိရသည်။
You May Also Like These Stories :
ရန်ကုန် မိုးပျံ ရထားလမ်းစီမံကိန်း အတွက် သိမ်းဆည်းခံ မြေများ လျော်ကြေးပေးရန် စီစဉ်
နေပြည်တော် စည်ပင်က စီးပွားရေးလုပ်ငန်းများအား ရေမီတာခ နှစ်ဆတိုးကောက်မည်
နေပြည်တော်တွင် ကျွဲ၊ နွားများ ထိန်းသိမ်းမည့် အချုပ်ထောင် ဆောက်ရန် စီစဉ်