ရန်ကုန်မြို့ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ မြို့တွင်းသို့ ယာဉ်စီးခ ၁ ထောင်ကျပ် ကျသင့်မည့် YBS လိုင်းသစ် ပြေးဆွဲမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ (YRTA) က သိရသည်။
အဆိုပါ ယာဉ်လိုင်းသစ်တွင် ဆွီဒင်နိုင်ငံထုတ် SCANIA အမှတ်တံဆိပ် ကားအသစ်များကို အသုံးပြု၍ ယခုလ အတွင်း စတင် ပြေးဆွဲမည် ဖြစ်ကြောင်း YRTA မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
ဦးလှအောင်က“SCANIA ကားတွေရဲ့ တန်ဖိုးကလည်း ကြီးတော့ လမ်းပေါ်ထားလို့ မရဘူးလေ။ အဲဒါကြောင့် ကုမ္ပဏီက ကိုယ်ပိုင်ယာဉ် ရပ်နားကွင်း ထူထောင်ပြီး သတ်မှတ်နေရာကနေ စနစ်တကျ ပြေးဆွဲဖို့ လုပ်နေပါတယ်”ဟု ဆိုသည်။
လက်ရှိ၌ ယာဉ်ရပ်နားကွင်း တည်ဆောက်နေခြင်းကြောင့် ပြေးဆွဲရန် ကြန့်ကြာနေခြင်း ဖြစ်ကာ ယင်းယာဉ်လိုင်းသစ်ကို City Transit ကုမ္ပဏီက SCANIA ယာဉ် ၃၉ စီးနှင့် ပြေးဆွဲမည်ဖြစ်ကာ ပြေးဆွဲမည့်ရက် အတိအကျကို ကုမ္ပဏီနှင့် ညှိနှိုင်း ပြီး ကြေညာသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဆိုပါ ယာဉ်လိုင်းသည် အောင်မင်္ဂလာ အဝေးပြေးမှ ဂိတ်စ ဂိတ်ဆုံး ထားကာ လမ်းကြောင်း နှစ်ကြောင်း ခွဲ၍ မြို့တွင်းသို့ ပြေးဆွဲသွားမည် ဖြစ်ပြီး ခရီးစဉ် စ ဆုံးကို ယာဉ်စီးက ကျပ် ၁၀၀၀ နှုန်း၊ အောင်မင်္ဂလာမှ သခင်မြပန်းခြံ ခရီးစဉ်နှင့် သခင်မြ ပန်းခြံမှ အောင်မင်္ဂလာ ခရီးစဉ်ကို ကျပ် ၅၀၀ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောင်မင်္ဂလာ အဝေးပြေးဂိတ်မှ စတင် ပြေးဆွဲမည် ဖြစ်ခြင်းကြောင့် အဝေးပြေးကားများ၏ ဆိုက်ရောက် ချိန်များ၊ ထွက်ခွာချိန်များနှင့် အချိန်ကိုက် ပြေးဆွဲရန် အပြင် ပုံမှန်ပြေးဆွဲနေသော YBS ယာဉ်လိုင်းများထက် အချိန်ပို တိုး၍ ပြေးဆွဲ ရန် အတွက်လည်း YRTA နှင့် City Transit ကုမ္ပဏီတို့ကြား ဆွေးနွေးလျက် ရှိကြောင်း ဦးလှအောင်က ဧရာဝတီသို့ ပြော သည်။
ခရီးစဉ် လမ်းကြောင်း (၁) တွင် ဂိတ်အစမှာ အောင်မင်္ဂလာ အဝေးပြေးမှ အမှတ် (၃) လမ်းမကြီး အတိုင်း ၆ ကွေ့- သုဓမ္မာ လမ်း-ဝေဇယန္တာလမ်း-ပါရမီလမ်း-ဘေလီထိပ်-သံသုမာလမ်း-စံပြဈေး-ပြည်ထောင်စု ခုံးကျော် တံတား-သံသုမာလမ်း (သု ဝဏ္ဏ)- ကြက်ဘဲဈေး – သမိန်ဗရမ်းလမ်း – အထက် ပုဇွန်တောင်လမ်း – ၅၁ လမ်းထိပ်- ဗိုလ်တထောင် ဘုရားလမ်း- ကမ်း နားလမ်း- ကြည့်မြင်တိုင်- ဘုရင့်နောင်လမ်း – ဘုရင့်နောင် လမ်းဆုံ – သမိုင်းဘူတာရုံလမ်း – သမိုင်းလမ်းဆုံ – ကျိုက် ဝိုင်း ဘုရာလမ်း – (၈)မိုင် – ကမ္ဘာအေး ဘုရားလမ်း – နဝဒေး အုတ်ပုံဆိပ်လမ်း – သုဓမ္မာလမ်း – ၆ ကွေ့- အမှတ်(၃) လမ်းမကြီး မှ အောင်မင်္ဂလာအဝေးပြေး ဖြစ်ပြီး ခရီးစဉ် (၂) မှာ အဆိုပါ လမ်းကြောင်း အတိုင်း ပြောင်းပြန် ပြန်လည် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။
YRTA ၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကလည်း“ဒီလထဲမှာ ပြေးဆွဲသွားဖို့ လုပ်နေတယ်။ အသေးစိတ်ကတော့ ကုမ္ပဏီနဲ့ ဆက်လက် ဆွေးနွေးနေဆဲပါ”ဟု ပြောဆိုသည်။
အဆိုပါ ခရီးစဉ်သည် ခရီးမိုင် အရှည် ၃၅ မိုင်ရှိမည်ဖြစ်ပြီး ခရီးစဉ် စဆုံး မှတ်တိုင် ၆၇ ခုအထိ ရှိမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်း ဦးသက်ပိုင်က“အဝေးပြေးကားတွေ ဆိုက်တဲ့ နေရာနဲ့ သူတို့ ဂိတ်နဲ့ အရမ်းမဝေးဘူး ဆိုရင် တော်တော် အဆင်ပြေမှာ။ မြို့ထဲကို ပြန်ဆင်းဖို့ အဝေးပြေးက တက္ကစီသမားတွေ ရန်က လွတ်တာပေါ့”ဟု ဧရာဝတီသို့ ပြော သည်။
လက်ရှိ အချိန်တွင် ရန်ကုန်မြို့ ခရီးသည် သယ်ယူ ပို့ဆောင်ရေး အတွက် YBS ယာဉ်လိုင်းပေါင်း ၁၀၀ ခန့်က ခရီးစဉ်လမ်း ကြောင်းပေါင်း ၁၂၃ ကြောင်း၊ ကားအစီးရေ ၆ ထောင်ကျော် ပြေးဆွဲပေးလျက် ရှိကြောင်း သိရသည်။
You may also like these stories:
မီးပျက်ပြီး CNG မရလို့ YBS ရာခိုင်နှုန်းပြည့် မပြေးဆွဲနိုင်
YBS ကားများ အတွက် ညအိပ်ရပ်နားရန် နေရာများ ပြုလုပ်မည်
YBS တနှစ်လည် မျှော်လင့်ချက်နှင့် အခက်အခဲများ
YBS အဆင့်မြင့် ကတ်စနစ် ဖြစ်ရေး အချိန်ယူနေရဟု ဆို