လျှပ်စစ်မီး လုံလောက်စွာ ရရှိနိုင်ရန် အတွက် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက တင်ပြ တောင်းခံထားသည့် ပြင်သစ် နိုင်ငံမှ ယူရိုသန်း ၃၅.၇ သန်း ချေးယူရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု လိုက်သည်။
နိုင်ငံ၏ လျှပ်စစ် ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ရေအား လျှပ်စစ် ၅ ရုံကို အကြီးစား ပြင်ဆင်ခြင်း အတွက် ပြင်သစ်ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီ (AFD) ထံမှ ချေးငွေ ရယူခွင့်ပြုရန် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီး ဌာန (MOEE) မှ ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က မေလ ၁ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်သည်။
ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က“နိုင်ငံတော် အတွက် ဆုံးရှုံး နစ်နာမှု မရှိဘဲ အကျိုးများသာ ရရှိမှာ ဖြစ်ပါတယ်”ဟု လွှတ်တော် အတွင်း အဆိုပါ ချေးငွေနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြစဉ် ပြောကြားခဲ့သည်။
ဆက်လက်၍ နိုင်ငံအတွက် လိုအပ်နေသည့် လျှပ်စစ်ဓာတ်အားကို အပြည့်အဝ ထုတ်လုပ်နိုင်ရန် မကဘဲ နိုင်ငံခြား လုပ် ငန်းရှင်များ ပါဝင်သည့် ပုဂ္ဂလိကပိုင် ဓာတ်အားပေး စက်ရုံများ တည်ဆောက်မှုများကို ခွင့်ပြုနေပြီ ဖြစ်ကြောင်းလည်း ဒု ဝန်ကြီး က ဆိုသည်။
အဆိုပါ ချေးငွေ ကိစ္စနှင့် ပတ်သက်၍ ဘတ်ဂျက် လျာထားရာတွင် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ အခန်း ၂ ၊ ပုဒ်မ ၃ အရ ပြည်တွင်း ပြည်ပမှ ငွေချေးယူခြင်းကို ပြည်ထောင်စု အစိုးရ အဖွဲ့ကသာ ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြု ချက်နဲ့ ရယူ နိုင်ပြီး အခန်း ၉၊ ပုဒ်မ ၂၈ အရ တိုင်းဒေသကြီး ၊ ပြည်နယ် အစိုးရ အဖွဲ့များ အနေဖြင့် ငွေချေးယူလိုပါက ပြည်ထောင်စု အစိုးရ အဖွဲ့သို့ တင်ပြ၍ လုပ်ထုံး လုပ်နည်းနှင့် အညီ ချေးယူနိုင်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာနမှ ဒု ဝန်ကြီး ဦးမောင်မောင်ဝင်း ကလည်း ပြောသည်။
ချေးငွေဖြင့် အကြီးစား ပြုပြင်ပြောင်းလဲမည့် ရေအား လျှပ်စစ် ၅ ရုံမှာ ရဲနွယ် (ပဲခူးတိုင်းဒေသကြီး)၊ မုန်း (မကွေး တိုင်းဒေသ ကြီး)၊ ဇောင်းတူ (ပဲခူး တိုင်းဒေသကြီး)၊ ကင်းတား (မန္တလေးတိုင်း ဒေသကြီး)၊ သဖန်းဆိပ်(စစ်ကိုင်းတိုင်း ဒေသကြီး) များ တွင် အလုံးစုံ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု လျှပ်စစ်နှင့် စွမ်း အင် ဝန်ကြီး ဌာနက သိရသည်။
အကြီးစား ပြင်ဆင်မှု လုပ်ငန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်(၅ နှစ်) အတွင်း အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ချေးငွေ သက်တမ်း အနှစ်၂၀ ဖြစ်ပြီး ဆိုင်းငံ့ ကာလ ၇ နှစ်၊ ပြန်ဆပ် ကာလ ၁၃ နှစ်၊ အတိုးနှုန်းမှာ ဝ.၆၈ ရာခိုင်နှုန်း ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန က ဆိုသည်။
မြန်မာနိုင်ငံ အနေနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ရေအားလျှပ်စစ် တခုကိုပဲ အားမကိုးသင့်ကြောင်းနှင့် ခြောက်သွေ့ ရာသီများတွင်ပါ လျှပ်စစ်မီး အပြည့်အဝသုံးနိုင်ရန် လိုအပ်ကြောင်း လှိုင်သာယာ စက်မှုဇုန် နာယက ဦးမြတ်သင်းအောင်က ပြောသည်။
ဦးမြတ်သင်းအောင်က“မီးက ပြတ်တောင်း၊ ပြတ်တောင်း ဆိုတော့ စက်တွေ ပျက်တယ်လေ။ ပေးနိုင်ရင် တနေ့ ၂ နာရီပဲ ပေး။ ၂ နာရီ ပြည့်အောင် လည်လိုက်မယ်။ ကျန်တဲ့ အချိန် ကိုယ့်ဟာကိုယ် ဒီဇယ်နဲ့ လည်မှာပေါ့။ အခုက အဲဒီလို မပြောတော့ မီးလာပြီ ဆိုရင် စက်လည်တယ်။ ခဏနေ မီး ပျက်သွားပြန်ပြီ။ အင်ဂျင်ကို ပြန်ပိတ်၊ အင်ဂျင်ပိတ်တုန်း ရှိသေးတယ်။ မီးက ပြန်လာပြန်ပြီ။ အဲဒီလိုတွေ အခက်ခဲတွေ ဖြစ်နေတယ်။ ဒီလို အခြေအနေကိုလည်း ကျွမ်းကျင်တဲ့ သူနဲ့ ထိန်းသိမ်းဖို့ ကောင်းပါ တယ်”ဟု ဆိုသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင်ရန်အတွက် ချေးငွေ ယူခြင်းကို အားပေးလိုက်ပါက တိုင်းပြည် အနေဖြင့်လည်း တိုးတက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
ရေအား လျှပ်စစ် စက်ရုံများ၏ သဘော သဘာဝ အရ သက်တမ်း ၁၀ နှစ်လျှင် တကြိမ် အကြီးစား ပြင်ဆင်ရန် လိုအပ် ကြောင်း၊ ထို စက်ရုံ ၅ ရုံတွင် တပ်ဆင်ထားသည့် စက်များမှာ သက်တမ်း ၁၀ နှစ်ကျော်မှ နှစ် ၃၀ ကျော်ထိ မောင်းနှင် ထားသည့် စက်များ ဖြစ်သော်လည်း အကြီးစား ပြင်ဆင်ခြင်းများ မဆောင်ရွက်နိုင်သဖြင့် စက်များကို စိတ်ချလက်ချ မောင်းနိုင်မှု မရှိကြောင်း MOEE က သိရသည်။
ဓာတ်အားပေး စက်များကို ပြုပြင်ပြီးပါက စက်စွမ်းအားပြည့် မောင်းနှင်နိုင်မည် ဖြစ်ပြီး လက်ရှိတွင် တနှစ်လျှင် ၅၆၅ ကီလို ဝပ် နာရီသန်းသာ ထုတ်လုပ်နိုင်မှုမှ (၈၁) ကီလိုဝပ်နာရီ သန်းပေါင်း တိုးတက် ထုတ်လုပ်ကာ စုစုပေါင်း ၆၄၆ ကီလီဝပ် နာရီ သန်းပေါင်း အထိ ထွက်ရှိ လာမည် ဖြစ်ကြောင်းလည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုထားသည်။
လက်ရှိတွင် အဆိုပါ စက်ရုံ ၅ ရုံမှ ဓာတ်အားပေး စက်များ ချို့ယွင်း၍ အရေးပေါ် ရပ်တန့်ရသည့် ဖြစ်စဉ်များကြောင့် ဓာတ် အား ထုတ်လုပ်နိုင်မှု တနှစ်လျှင် ကီလိုဝပ် နာရီ ၂၄၆ သန်းခန့် လျော့နည်း ဆုံးရှုံးခဲ့ရသည်ဟုလည်း MOEE မှ သိရသည်။
ထိုသို့ အကြီးစား ပြင်ဆင်ရန် လိုအပ်နေသည့် ရေအားလျှပ်စစ် ဓာတ်အားရုံ ၅ ရုံကို ပြင်ဆင်ပြီးပါက ပြည်တွင်း လျှပ်စစ် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ အတိုးနှုန်း နည်းပြီး ပြန်ဆပ် ကာလ ၂၀ ဖြစ်သော်လည်း ဓာတ်အား ထုတ်လုပ်နိုင်သည့် ပမာဏနှင့် ပြန်လည် တွက်ချက်ပါက ၈ နှစ် အတွင်း အရင်းကျေကြောင်း ဒေါက်တာ ထွန်းနိုင်က လွှတ်တော်သို့ တင်ပြခဲ့သည်။
ထိုသို့ တင်ပြခဲ့ပြီး ချေးငွေ ရယူရန် သင့်မသင့် စက်ခလုပ်နှိပ်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံသူ ၅၄၀ ကျော်ပြီး၊ ကန့် ကွက်သူ ၇ မဲသာ ရှိသည့် အတွက် အဆိုပါ စီမံကိန်းအတွက် ပြင်သစ် ဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီထံမှ ယူရို ၃၅.၇ သန်း ချေးယူရေး ကိစ္စကို လွှတ်တော် က သဘောတူ အတည်ပြုကြောင်း လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်း က ကြေညာ ခဲ့သည်။
ဆက်စပ် ဖတ်ရှုရန်
ရေအား လျှပ်စစ် ၅ ရုံ ပြင်ဆင်ရေး ပြင်သစ်မှ ယူရို ၃၅ သန်းကျော် ရယူရန် လွှတ်တော်သို့ တင်ပြ
ရန်ကုန်မြို့ပြ စီမံကိန်း အတွက် ပြင်သစ် ချေးငွေ ရယူရေး ခေတ္တ ဆိုင်းငံ့