ရန်ကုန်တိုင်းအစိုးရ တရားဝင်ခွင့်ပြုထားသည့် တောင်ဒဂုံမြို့နယ်မှ အစ္စလာမ်ယာယီဝတ်ပြုနေရာ ၃ ခုအား ဖိအားပေးပိတ်စေခဲ့သည့် အ ဖွဲ့မှ မိုက်ကယ်ကျော်မြင့်နှင့် အခြားသူတဦးအား ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ထားပြီဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
မိုက်ကယ်ကျော်မြင့် ပါဝင်သည့် ဘုန်းကြီးနှင့် လူပုဂ္ဂိုလ် ၁၀၀ ကျော်သည် မေလ ၁၄ ရက်နှင့် ၁၅ ရက်ညပိုင်းတွင် တောင်ဒဂုံမြို့နယ်ရှိ ၂၆ ရပ်ကွက်၊ ၆၄ ရပ်ကွက်နှင့် ၁၀၆ ရပ်ကွက်တို့ရှိ အစ္စလာမ်ယာယီဝတ်ပြုနေရာ ၃ ခုအား ပိတ်သိမ်းစေရန် ဖိအားပေး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ဦးညီညီ က “မြို့နယ်စခန်းမှူးကို မေးကြည့်တော့ မိုက်ကယ်ကျော်မြင့်နဲ့ နောက်တဦးကို ၅၀၅ (ခ)နဲ့ အမှုဖွင့်ထားပြီလို့ ပြောတယ်၊ မြို့နယ် ထွေအုပ်က တရားလိုလုပ်ထားတာပါ၊ ဘယ်ကမှန်းမသိတဲ့သူတွေက ဒီမှာလာပြီးဖြစ်တယ်ဆိုတာက တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပါ တယ်၊ ဒီအတွက်လဲ ဥပဒေအရ ဆောင်ရွက်နေပါပြီ” ဟု ဧရာဝတီသို့ပြောသည်။
အမှုဖွင့်ခံထားရခြင်းနှင့်ပတ်သက်ပြီး လတ်တလောတွင် ပြင်ဆင်စရာများ ရှိနေသေး၍ ဆောင်ရွက်နေကြောင်းနှင့် အမှုကိုရင်ဆိုင်ဖြေရှင်း မည်ဖြစ်ကြောင်း မိုက်ကယ်ကျော်မြင့်က ဧရာဝတီသို့ပြောသည်။
မိုက်ကယ်ကျော်မြင့် က “ကျနော်ဖြေရှင်းမှာပါ၊ ဖြေရှင်းဖို့လဲ ပြင်ဆင်နေပါပြီ။ လောလောဆယ်တော့ ပြင်ဆင်မှုလေးတွေလုပ်နေလို့ပါ။ ရန် ကုန်တိုင်းအတွင်းမှာတင် အိမ်ဆိုပြီးတော့ ဗလီဖွင့်ထားတာ ၃၂ လုံးရှိတယ်လို့ စာရင်းရထားတယ်၊ အခုအငြင်းပွားနေတာ အဲ့ဒါ၊ ဗလီဆို ရင်လဲ ဗလီလိုခွင့်ပြုလိုက်ပါ။ ကျနော်တို့ ဝိုင်းဝန်လုပ်လို့တောင် ရပါတယ်။ အခုက အိမ်ပါဆိုပြီး ဗလီကို နှစ်ပေါက်တပေါက်ရိုက်ပြီး ဥပဒေ နဲ့ မညီလို့ ပြောနေရတာပါ။ တာဝန်ယူတာဝန်ခံမှုနဲ့ ဗလီဆိုလဲ ဗလီခွင့်ပြုပေးလိုက်။ အမှားကို အမှားနဲ့ ဖုံးနေရင် အမှန်တွေဘယ်တော့မှ ပေါ်မှာမဟုတ်ပါဘူး။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ မောင်းထုတ်ခံရဖို့ နီးလာပါပြီ” ဟု ပြောသည်။
၎င်းတို့ကန့်ကွက်ခဲ့သည့် နေရာများမှလည်း ဗလီနှင့်ပတ်သက်သည့် အထောက်အထားမှတ်တမ်းများ ရရှိထားပြီး ဝတ်ပြုနေရာ တာဝန်ခံ များ ကိုယ်တိုင်း ယင်းအရာများအား ပြန်ဖျက်ပေးရန် ခံဝန်လက်မှတ်ထိုးခဲ့ကြောင်းလည်း မိုက်ကယ်ကျော်မြင့်က ပြောသည်။
ထိုသို့ အဆောက်အအုံအတွင်း အစိတ်အပိုင်းတချို့အား ဖျက်သိမ်းပေးမှုသည် ပြသနာပိုမိုမကြီးထွားစေလိုသည့် သဘောဖြင့်သာ လိုက် လျောခဲ့ခြင်းဖြစ်ပြီး ရေသန့်စင်သည့်နေရာနှင့် ဝတ်ပြုအချိန်ဇယားစသည်တို့မှာ အစ္စလာမ်းဘာသာဝင်တိုင် ပြုလုပ်လေ့ရှိပြီး အိမ်တိုင်းလုပ် ရကြောင်း တောင်ဒဂုံမြို့နယ်တွင်နေထိုင်သည့် အစ္စလာမ်ဘာသာဝင်တဦးဖြစ်သူ ကိုငြိမ်းချမ်းက ရှင်းပြသည်။
ကိုငြိမ်းချမ်း က “ သူတို့ ဗလီအသုံးအဆောင်ပါဆိုပြီး ပြောတဲ့ဟာတွေက အိမ်တိုင်းမှာလုပ်ရတာတွေပါ၊ ဒါတွေကို ပြသနာပိုမကြီးချင်လို့ သူတို့တောင်းဆိုသလို ဖျက်ပေးလိုက်တာ၊ ဒီလိုအုပ်စုနဲ့လာလုပ်တာကို တာဝန်ရှိသူတွေက ဘာတာဝန်ယူမှုမှမရှိဘူးလို့ ခံစားရတယ်၊ စိတ်မကောင်းလဲဖြစ်မိတယ်၊ လုံးဝကို တရားဥပဒေစိုးမိုးမှုမရှိဘူးလို့ပဲမြင်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် ပိတ်ခံလိုက်ရသည့် ယာယီဝတ်ပြုနေရာ ၃ ခုစလုံး ပြန်လည်ဖွင့်လှစ်ထားကာ ပုံမှန်အတိုင်းပြန်လည်၍ ဝတ်ပြုသူများရှိ ကြောင်း နှင့် တာဝန်ရှိသူများကလည်း ရမ္မဇန်(ဥပုသ်)ကာလတလျောက် လုံခြုံးရေးဆောင်ရွက်ပေးမည်ဟု ပြောထားကြောင်း ၎င်းက ပြောသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တရားဝင်ခွင့်ပြုထားသည့် ကိစ္စရပ်အပေါ်တွင် လာရောက်ပိတ်ပင်တားဆီးသူများအား သက်ဆိုင်ရာ က ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နေပြီဖြစ်သည့်အတွက် ဝတ်ပြုခွင့်အား စာဖြင့်ထပ်မံထုတ်ပြန်ပေးရန် မလိုအပ်ကြောင်း၊ ပုံမှန် အတိုင်းဆက်လက် ဝတ်ပြုခွင့်ပြုထားပြီးဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီကပြောသည်။
အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်ကာလအတွင်း တောင်ဒဂုံမြို့နယ်၌ စုပေါင်းဝတ်ပြုခွင့် နေရာ ၁၆ ခုတင်ပြခဲ့သော်လည်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ၂၆ ရပ်ကွက်ရှိ ဦးမောင်မောင်ပိုင် အဆောက်အဦး၊ ၆၄ ရပ်ကွက်ရှိ ဟာဂျီဦးတင်စိုးပိုင် အဆောင်အဦးနှင့် ၁၀၆ ရပ် ကွက်ရှိ ဦးမြင့်လွင်(ခ)ဦးရန်အောင်ပိုင် အဆောက်အဦးတို့တွင်သာ မေလ ၆ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အထိ ယာယီဝတ်ပြုဆုတောင်း ရန် တရားဝင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)သည် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတ ယောက် သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကိုသော်လည်း ကောင်၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်းတခုခုဖြစ်စေရန် အကြံရှိလျှင်(သို့) ထိုသို့ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် ထိုသူအား ၂ နှစ်အ ထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။
You may also like these stories:
လေယာဉ် မတော်တဆမှု အတွက် MNA တောင်းပန်
ငြိမ်းချမ်းရေး ထွက်ပေါက်ရှာမှု အမြင်မမှားရန် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သတိပေး
အသက်အန္တရာယ်ရှိလာသဖြင့် သစ်မှောင်ခိုဖမ်းသည့် ရဲနှစ်ဦး ထွက်စာတင်
နေပြည်တော် စိမ်းလန်းစိုပြေရေး ပြည်ထောင်စု ဘတ်ဂျက် မသုံးသင့်ကြောင်း ဝေဖန်မှုရှိ