ခွဲစိတ်ကုသမည့် လူနာများအား ဧရိယာ နည်းသည့် နည်းဖြစ်သော မှန်ပြောင်း အသုံးပြုပြီး ခွဲစိတ် ကုသသည့်နည်းဖြင့် နေပြည်တော်ရှိ ခုတင် ၁၀၀၀ ဆေးရုံကြီးတွင် ကုသပေးမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော် သားဖွား မီးယပ် အထူးကု ဆေးရုံကြီးမှ ပါမောက္ခ ဒေါက်တာ မြမြအေး က “အခု ခွဲစိတ်ကုသနည်းက ဗိုက်ကို ပုံမှန် အကျယ်ကြီး ဖွင့်ထားပြီး ခွဲစိတ်တာ မဟုတ်ဘဲနဲ့ အပေါက် သေးသေးလေးပဲ ဖောက်ပြီး ခွဲစိတ်မှု လုပ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထိုသို့ ခွဲစိတ်မှုများ ပြုလုပ်နိုင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Rajavithi ပြည်သူ့ ဆေးရုံကြီးမှ ခွဲစိတ်အထူးကု အထူးကု ဆရာဝန်၂၄ ဦး၊ သူနာပြု ၃၆ ဦးတို့နှင့် နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးမှ သားဖွားနှင့် မီးယပ် အထူးကု ဆေးရုံနှင့် နေပြည်တော် မျက်စိ၊ နား၊ နှာခေါင်း၊ လည်း ချောင်းရောဂါ အထူးကု ဆေးရုံကြီးတို့မှ အထူးကု ဆရာဝန်ကြီး များနှင့် သူနာပြုများ ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မှန်ပြောင်း အသုံးပြု ရောဂါ ရှာဖွေ စစ်ဆေးခြင်းနှင့် ခွဲစိတ် ကုသခြင်းများ ပြုလုပ်သွားမည် ဖြစ်ပြီး မှန်ပြောင်း အသုံးပြု ခွဲစိတ်ကုသမှု ဆိုင်ရာ မေ့ဆေးပညာ၊ သူနာပြုစုမှု ပညာနှင့် ခွဲစိတ်မှုပညာဆိုင်ရာ နောက်ဆုံး ပေါ် အချက်အလက်များကို မျှဝေ ဖလှယ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာ ပပ က “အခုလို ပူးပေါင်းဆောင်ရွက်တာဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဆရာဝန်တွေ ခေတ်မီ နည်းပညာတွေကို သိရှိနားလည်စေဖို့ ဆေးပညာရှင် အကြားမှာ ကုသမှု နည်းပညာတွေ ပူးပေါင်း ဖလှယ်ခြင်း အားဖြင့် အသိပညာတွေ ပိုမိုတိုးတက်စေရန် အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ နည်းပညာဖြင့် ဝမ်းဗိုက်ကို ခွဲပါက တလက်မမှ တလက်မခွဲခန့်သာ ခွဲရတော့မည် ဖြစ်ကြောင်း၊ ထိုသို့ ခွဲစိတ်သည့် အပေါက်သေးသဖြင့် သွေးထွက်မှု နည်းပါးခြင်း၊ ဆေးရုံမှ အချိန်စောစော ဆင်းရခြင်း၊ ပြင်ပ ရောဂါပိုးများ ဝင်ရောက်မှုကို ကာကွယ်ခြင်း၊ မြန်မြန် လမ်းလျှောက်နိုင်ခြင်း စသည့် အားသာသည့် အချက်များကို ရရှိနိုင်ကြောင်း ဒေါက်တာ ပပ က ရှင်းပြသည်။
အဆိုပါ ခွဲစိတ်ကုသနည်းကို ပြုလုပ်ရန်အတွက် လိုအပ်သည့် စက်ပစ္စည်းများလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ လုံလောက် စွာ ပံ့ပိုး ပေးထားပြီး ဖြစ်ကာ မြန်မာနိုင်ငံအတွင်း၌ ယခုကဲ့သို့ ခွဲစိတ် ကုသနိုင်သည့် နည်းပညာကို ကမ္ဘာနှင့် ရင်ဘောင် တန်း၍ လုပ်နိုင်ကြောင်း၊ ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ် ၂၊ ဆေးတက္ကသိုလ် မန္တလေးနှင့် ဆေးတက္ကသိုလ် မကွေး တို့တွင် ထိုနည်းဖြင့် ခွဲစိတ်ကုသမှုမျိုးဆောင်ရွက်နေပြီ ဖြစ်ကြောင်း ၊ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံတွင်လည်း စတင် ခွဲစိတ်မှုများ ပြုလုပ်တော့မည် ဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာ မြမြအေး ပြောသည်။
ထို့နောက် ထိုင်းနိုင်ငံ Rajavithi ပြည်သူ့ ဆေးရုံကြီးမှ ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ခေါင်းဆောင် Dr. Saard Treepong karuna ကလည်း “အခုလို မြန်မာနိုင်ငံကို လာရောက်တာဟာ အာဆီယံ နိုင်ငံအတွင်းမှာ ရှိတဲ့ ပြည်သူတွေကို ကျန်းမာ ရေး စောင့်ရှောက်မှုပေးဖို့ ပါပဲ။ ခန္ဓာကိုယ် အတွင်း မှန်ပြောင်း ကြည့်ပြီး ခွဲစိတ်တဲ့ နည်းပညာကို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
လာမည့် အနာဂတ်တွင်လည်း ထိုင်း- မြန်မာ ၂ နိုင်ငံ ပူးပေါင်း၍လည်း နည်းပညာပိုင်း ဆိုင်ရာ တိုးတက်မှု ရှိအောင် ဆက်လက်ပြီးဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံဘက်မှ အဖွဲ့ခေါင်းဆောင်က ဆက်ပြောသည်။
ခုတင် ၁၀၀၀ နေပြည်တော် ပြည်သူ့ဆေးရုံကြီး၊ အစာအိမ်နှင့် အူလမ်းကြောင်း ပါမောက္ခ ဒေါက်တာ ချစ်ကြည် ကလည်း “ခွဲစိတ် ကုသတယ် ဆိုတာ အန္တရာယ် ကြီးပါတယ်။ ဒဏ်ရာလည်း ပိုကြီးတယ်။ ဆေးရုံမှာ နေရတဲ့ ရက်အတိုင်းအတာ ကလည်း ပိုများတယ်။ တကယ်လို့သာ မှန်ပြောင်းနဲ့ ကြည့်ပြီး ရောဂါ ရှာဖွေ ကုသနိုင်မယ် ဆိုရင်တော့ အမာရွတ် မရှိတဲ့ ခွဲစိတ် ကုသနည်း ဖြစ်မှာပါ” ဟု ပြောသည်။
ပြည်တွင်းမှ နိုင်ငံခြားသို့ သွားရောက် ဆေးကုသသည့် သူများမှာ ယခုကဲ့သို့ နည်းစနစ်ဖြင့် ခွဲစိတ် ကုသပေးသည့် နည်းဖြင့် သာ ကုသပေးကြောင်း၊ လက်ရှိ မြန်မာနိုင်ငံမှ ဆရာဝန်များ ကိုယ်တိုင်ကလည်း အဆိုပါ နည်းပညာ ပိုမိုကောင်းမွန်သည့် နည်းပညာ ဆိုသည်ကို လက်ခံထားသည့် အတွက် မြန်မာနိုင်ငံအတွင်း ထိုနည်းဖြင့် ကုသပါကလည်း ပြည်သူများ လက်ခံ မည့် နည်းပညာရပ်မျိုးသာ ဖြစ်ကြောင်း ဒေါက်တာ ပပ က ရှင်းပြသည်။
မှန်ပြောင်း အသုံးပြု၍ ခွဲစိတ်ကုသမှု ခံယူဖူးသူ ရန်ကုန်မြို့နေထိုင်သူ တဦးက “မှန်ပြောင်း သုံးပြီး အပေါက်ဖောက် ကုသ နည်းက ရန်ကုန်မှာ ဆိုရင် အစိုးရ ဆေးရုံ တချို့နဲ့ ပုဂ္ဂလိက အထူးကု ဆေးရုံတချို့မှာလည်း ကုသပေးနေပါတယ်။ ပုဂ္ဂလိ က ဆေးရုံမှာ ဆိုရင်တော့ ကုန်ကျစရိတ်က သိန်း၂၀ ကျော်လောက် ကုန်ကျစရိတ်ရှိတယ်။ အစိုးရ ဆေးရုံတွေမှာ ကုသ တဲ့သူ တွေလည်း များတော့ လူနာအင်အားနဲ့ ဆရာဝန်အင်အားတွေ မမျှတတို့၊ ခွဲစိတ်လူနာများတော့ ကိုယ့်အလှည့် စောင့် ရတာတို့ ဖြစ်တယ်။ နေပြည်တော်မှာ ဒီလို ကုသလို့ရနိုင်ပြီ ဆိုတော့ အဲဒီဘက်က လူနာတချို့ ရန်ကုန်ထိ လာစရာ မလိုဘဲ ကုသဖို့ ပို အဆင်ပြေသွားမယ်” ဟု ပြောသည်။
အစိုးရ ပိုင်ဆိုင်သည့် ပြည်သူ့ဆေးရုံများတွင် ခွဲစိတ်သည့်ကုသသည့် လူနာများကို အခမဲ့ ကုသပေးလျက် ရှိပြီး၊ ယခုမှ စတင်၍ ခွဲစိတ် ကုသမည့် မှန်ပြောင်းကြည့် ကုသမှုမှာ အခမဲ့ ဖြစ်ကြောင်း နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံ ကြီးမှ သိရသည်။
Laparoscopic-Endoscopic Surgery for ASEAN People Project အရ မှန်ပြောင်း အသုံးပြုမှု ခွဲစိတ်ကုသမှု ထိုင်း – မြန်မာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ခြင်း ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ ဆေးရုံကြီးတွင် မေလ ၁၅ ရက်က ကျင်းပခဲ့ခြင်း ဖြစ်သည်။
You may also like these stories:
ရခိုင်စစ်ရှောင်စခန်းသို့ ကုလကိုယ်စားလှယ် သွားခွင့်မရမှု နစ်နာဟုဆို
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို
စစ်ဘက် ထောက်လှမ်းရေးကို မီဒီယာနှင့် ခိုင်းနှိုင်းမှု NLD အမတ်များ လက်မခံကြ
ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်