ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမူရွာအနီးတွင် ကရင်ပြည် နယ်ခြားစောင့်တပ် (BGF) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) အဖွဲ့တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း BGF ခေါင်းဆောင်က ပြောသည်။
DKBA ခွဲထွက်အဖွဲ့သည် ယနေ့မနက် ၁၀ နာရီခန့်က အသိမပေးဘဲ BGF ထိန်းချုပ်နယ်မြေအတွင်းသို့ ဝင်ရောက်လာရာမှ ၁၅ မိနစ်ခန့် အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး စောချစ်သူ က “ကောင်းမူခွင်မှာ ဖြစ်တာ၊ သူတို့ ဝင်လာတာလည်း ကျနော်တို့ အထက် အကြီးအကဲကို အသိလည်းမပေးဘူး၊ ပြီးတော့ ကျနော်တို့လည်း ဘာမှလည်း မသိဘူးဆိုတော့ အောက်ခြေနဲ့ ပဋိပက္ခဖြစ်တာပါ” ဟု ပြောသည်။
ထိုတိုက်ပွဲသည် BGF ၏ တပ်ရင်းအမှတ် (၁၀၁၇) နှင့် DKBA-ခွဲထွက်အဖွဲ့မှ စောဖားကော် ဦးစီးသော ၁၉ ဦးပါ အဖွဲ့တို့ဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များဆီကနေ သိရသည်။
ဗိုလ်မှူးကြီး စောချစ်သူကတော့ တိုက်ပွဲဖြစ်ပွားပြီးနောက် DKBA-ခွဲထွက် အဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် တယောက်ကို သေနတ် ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ အောက်ခြေ တပ်ဖွဲ့ဝင်များကို ဘာမှ မလုပ်ဘဲ ခေါ်လာရန် ညွန်ကြားထား ကြောင်းဆိုသည်။
ဗိုလ်မှူးကြီး စောချစ်သူ က “ကျနော်တို့ တယောက်မိတယ်၊ မိပြီးတော့ အခုအေးဆေးပဲ အခုခေါ်လာတယ်၊ သေနတ်ဒဏ်ရာ နည်းနည်းထိ သွားတယ်၊ ဘာမှမဖြစ်ပါဘူး။ သူ့ကို ကောင်းကောင်းခေါ်လာဖို့ ညွန်ကြားထားပြီးပြီ။ ဘာမှ မလုပ်ရဘူးဆိုပြီး ညွန်ကြားလိုက်ပြီ။ အဲဒီ ဦးဆောင်တဲ့အဖွဲ့ကတော့ သေသွားပြီးဖြစ်တဲ့ နားမကြားလေ၊ သူ့သားပေါ့”ဟု ပြောသည်။
ကောင်းမူခွင်မှာ ဖြစ်ပွားသော တိုက်ပွဲ အခြေအနေနှင့်ပတ်သက်ပြီး DKBA-ခွဲထွက် အဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရသည့်အတွက် တစုံတရာ မသိရပေ။
DKBA-ခွဲထွက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတုန်းက ထုတ်ပယ်ခံခဲ့ရ သော ဗိုလ်မှူးချုပ်စောကျော်သက်နှင့် ဗိုလ်မှူးကြီးစောဆန်းအောင်တို့ ဦးဆောင် ဖွဲ့စည်းထားသော အဖွဲ့ဖြစ် သည်။
ထိုအဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KUN)ကနေ ၁၉၉၄ ခုနှစ်က ခွဲထွက်ကာ ဖွဲ့စည်းခဲ့သော DKBA ၏ မူလနာမည်ဖြစ်သော တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ဆိုသော အမည်ကို ရယူထား ကြောင်းလည်း သိရသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်တွင် ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် အစိုးရက ဖိအားပေးချိန်တွင် ကွဲခဲ့သလို အရပ်သား အစိုးရလက်ထက်တွင် DKBA ၂ ဖွဲ့ထပ်ကွဲခဲ့ပြီး တဖွဲ့က NCA ထိုးထားသည်။
You may also like these stories:
မျိုးချစ်ဆိုသူများ ဖိအားပေး၍ အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုပိတ်ပေးရ
စစ်ရေး တင်းမာမှု ဖြစ်နေသည့် NMSP နှင့် KNU အချက် ၃ ချက်ဖြင့် သဘောတူညီမှု ရရှိ
အီရန် ပြဿနာ တင်းမာနေချိန် ဆော်ဒီရေနံတင် သင်္ဘောများ တိုက်ခိုက်ခံရ
IMF ထံမှ ဒေါ်လာ ၆ ဘီလီယံ ပါကစ္စတန် ငွေချေး