မြန်မာနိုင်ငံရှိ ဘိန်းအများဆုံး စိုက်ပျိုးရာဒေသများ၌ အစိုးရ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြီး ဘိန်းအစားထိုး စီမံကိန်းများ စနစ်တကျ ဆောင်ရွက်ရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုကို မေလ ၁၇ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုခဲ့သည်။
မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်ရန်အတွက် ဘိန်းစိုက်ပျိုးမှု လျော့ကျရေး အစိုးရက လုပ်ဆောင်ရာတွင် ဘိန်းအစားထိုး စီမံကိန်းများကို အကြိမ်ကြိမ် ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များကို ဖိတ်ခေါ်လုပ်ကိုင်မည်ဆိုပါက ထိရောက် အောင်မြင်မည်ဟု ယူဆကြောင်း အဆိုတင်သွင်းခဲ့သူ ပန်းတောင်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်က ပြောသည်။
လက်ရှိတွင် ဘိန်းအစားထိုး စီမံကိန်းအဖြစ် ကုမ္ပဏီတခုက လဘက်ခြောက် ဧက ၂၀၀ ကျော်အထိ စိုက်ပျိုးထားကာ ပြည်ပဈေးကွက်အထိ ရရှိရန် ရည်ရွယ်လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းက လွှတ်တော်တွင် ဥပမာပေး တင်ပြခဲ့သည်။
အဆိုနှင့် ပတ်သက်ပြီး လာရောက်ဖြေကြားသည့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က နိုင်ငံတော်အစိုးရ၏ ဘိန်းအစားထိုး ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို ပုဂ္ဂလိက လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပြီး အဆိုကိုအတည်ပြုရန် လွှတ်တော်ကို တင်ပြခဲ့သည်။
ဗိုလ်ချုပ်သန်းထွဋ် က “နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်လိုတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်များကို ဖိတ်ခေါ်အပ်ပါကြောင်းနဲ့ သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး ပြည်နယ် အစိုးရများနှင့် ဆက်သွယ်၍ လုပ်ထုံးလုပ်နည်းများနဲ့ အညီ ပံ့ပိုးကူညီ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဒေသတွင်း အိမ်နီးချင်း နိုင်ငံများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်း ဆောင်ရွက်နေသကဲ့သို့ လက်ရှိတွင် မူးယစ်ဆေးဝါး ပပျောက်ရေး ငါးနှစ်စီမံကိန်းကို ၂၀၁၄-၁၆ ခုနှစ်မှ ၂၀၁၈ -၁၉ အထိ ဆောင်ရွက်နေကြောင်း ၊ ဆက်လက်၍လည်း စီမံကိန်းများ မူဝါဒများ ချမှတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် ပုဂ္ဂလိက လုပ်ငန်းရှင်တဦးက ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ပိန်ခြစ်ကျေးရွာ၌ ယခင်ဘိန်းစိုက်ခဲ့သည့် နေရာများတွင် နှစ်ရှည်ပင် ကော်ဖီ ဧက ၅၀၀၊ ထောပတ်ပင် ဧက ၅၀၀ စိုက်ပျိုးရန် ဘိန်းအစားထိုးစီမံကိန်းကို စတင်နေပြီဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။
ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ် က “လက်ရှိအချိန်မှာ ကော်ဖီ ၅၃ ဧကနဲ့ ထောပတ် ၁၈ ဧက စိုက်ပျိုးထားပြီး ဖြစ်ပါတယ်။ နှစ်ရှည်သီးနှံ စိုက်ပျိုးရေး အတွက် လိုအပ်သော နည်းပညာနှင့် မြေအသုံးချခွင့် ရရှိရေးအတွက် ကယားပြည်နယ် အစိုးရနှင့် စိုက်ပျိုးရေးဌာနတို့က ကူညီဆောင်ရွက်ပေးလျှက်ရှိပါတယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးတိုက်ဖျက်ရေးအတွက် ဘိန်းစိုက်ခင်းတွေကို ဖျက်စီးခြင်းသည် အဖြေမဟုတ်ဘဲ ဘိန်းစိုက်တောင်သူများ၏ ဘဝကိုပိုမိုဆိုးအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရန် ရေတိုနည်းဖြင့် မအောင်မြင်ဘဲ ဘိန်းစိုက်တောင်သူများ၏ စီးပွာရေး၊ ပညာရေး ကျန်းမာရေး၊ စသည်တို့ ဖွံ့ဖြိုးတိုးတက်အောင် ရေရှည်နည်ဖြင့် ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း အဆိုကို ဆွေးနွေးသူ မိုင်းရှုးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းအေးက ပြောသည်။
ထိုင်းနိုင်ငံတွင် အစားထိုး သီးနှံစိုက်ပျိုးခြင်းကို နိုင်ငံတော်အဆင့် ဖွံ့ဖြိုးရေး စီမံကိန်း၌ ထည့်သွင်း၍ လူမှုဖွံ့ဖြိုးရေး အစီအစဉ်များ၊ လမ်းပန်းဆက်သွယ်ရေး လျှပ်စစ်မီးနဲ့ ရေရရှိရေး အိမ်တွင်းစက်မှု လက်မှု လုပ်ငန်းဖွံ့ဖြိုးရေးစသည့် အခြေခံလိုအပ်ချက်များကို နှစ် ၃၀ ကြာ ဆောင်ရွက်ပေးကာ ဒေသခံများကို လုံလောက်သည့် ဝင်ငွေရရှိစေပြီးမှ ဘိန်းစိုက်ပျိုးမှု လျော့ချခြင်းကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြောင်း လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကိုယ်စားလှယ် တဦးက ဥပမာပေး၍ ရှင်းပြသည်။
ရှည်ကြာနေသော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် တောင်ပေါ် ဒေသများ ဖွံ့ဖြိုးမှုနှေးခြင်းမှာ ဘိန်းစိုက်ပျိုးမှုကို အဓိကဖြစ်စေသော အကြောင်းရင်းဖြစ်ကြောင်း၊ ဘိန်းစိုက်တောင်သူများ၏ လူနေမှုဘဝကို ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်သမျှ ဘိန်းကိုသာ စိုက်မြဲစိုက်နေမည် ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
လွိုင်ကော်မြို့နယ်မှ ပြည်သူ့လွှတ်တေ်ာကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူ က “စိုက်တဲ့သူတွေ လူမှန်းသိကတည်းက ဖျက်လာတာ အခုအထိ မအောင်မြင်သေးပါဘူး။ ဒါကြောင့်ဒါတွေကို ပြန်လည်သုံးသပ်ပြီး အစိုးရရဲ့ မဟာဗျူဟာ ပြောင်းလဲသင့်ပြီလို့ ပြောထားပါတယ်” ဟု ဆိုသည်။
ဦးစိုင်းထွန်းအေး က “နိုင်ငံတော်အစိုးရက နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ဖြစ်ထွန်းအောင် ဆောင်ရွက်ဖို့ လိုပါမယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း ဘိန်းစိုက်တောင်သူတွေရဲ့ ဘဝနဲ့ ခံစားချက်ကို နားလည်အောင်ကြိုးစားပြီး တင်းကျပ်တဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒတွေကို လက်တွေ့ကျအောင် ပြင်ဆင်ဖို့ လိုအပ်မှာဖြစ်ပါတယ် ”ဟု ဆွေးနွေးသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံး UNODC တို့ ပူးပေါင်းပြီး ဘိန်းစိုက်ခင်း ဧရိယာများကို တိုင်းတာမှုအရ ၂၀၁၇ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ၄၁၀၀၀ ဟက်တာရှိရာမှ ၂၀၁၈ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ၃၇၃၀၀ ဟက်တာ ခန့် ဟက်တာရှိခဲ့ပြီး ဘိန်းစိုက်ဧကလျော့ကျလာကြေင်း သိရသည်။
မြန်မာနိုင်ငံံတွင် ဘိန်းစိုက်ပျိုးခြင်းကို မှီခိုနေရသည့် အိမ်ထောင်စု သုံးသိန်းခန့်ရှိနေကြောင်း၊ ဘိန်းစိုက် ဒေသတွင် အခြားသီးနှံလည်း မဖြစ်ထွန်း၍ ဒေသခံများမှာ ရွေးချယ်စရာမရှိဘဲ စားဝတ်နေရေးအတွက် ဘိန်းစိုက်နေရေခြင်း ဖြစ်ကြောင်း သိရသည်။
You may also like these stories:
မျိုးချစ်ဆိုသူများ ဖိအားပေး၍ အစ္စလာမ် ယာယီဝတ်ပြုနေရာ ၃ ခုပိတ်ပေးရ
ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေ စက်ရုံ စီမံကိန်း ပဋိပက္ခ ယာယီ ပြေလည်
လေယာဉ် မတော်တဆမှု အတွက် MNA တောင်းပန်
စိုးရိမ်ရသော ဆည်တချို့ ရှိ၍ ကယ်ဆယ်ရေး ကြိုပြင်ထား ဟု လူကယ်ပြန် ဆို