မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ဗဟို ဦးဆောင်ကော်မတီဝင် တဦးဖြစ်သည့် ရဲဘော် ကျော်ကိုသည် မေ ၁၇ ရက်နေ့ ညနေပိုင်းက ဘောလုံးကစားနေရင်းမှ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့သည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဘောလုံးကွင်းတွင် မိတ်ဆွေများနှင့် အတူ ဘောလုံးကစားနေစဉ် ရုတ်တရက် နှလုံးရပ်၍ လဲကျသွားခဲ့ရာမှ ကွယ်လွန်သွားခြင်းဖြစ်ကြောင်း အတူဘောလုံးကစားခဲ့သည့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်လျှောက်ရေး အဖွဲ့ (AAPP) တွဲဘက် အတွင်းရေးမှူး ကိုဘိုကြည် က ပြောသည်။
ကိုဘိုကြည် က “ကျနော် က ပထမပိုင်း မိနစ် ၂၀ လောက် ကစားပြီး ထွက်ပြီး ပွဲပြီးခါနီး ၅ မိနစ် လောက်မှာ ပြန်ကစားတာ၊ သူနဲ့ တွဲပြီး နောက်ဆုံးပိုင်းလေး ကန်နေတာ။ အချိန်ပြည့်သွားလို့ သူနောက်ဆုံး တလုံး ကန်ပြီး မှောက်လျက် လဲကျသွားတယ်။ အဲဒီကတည်း က သတိ ပြန်လည်မလာတော့ဘူး” ဟု ပြောသည်။
ABSDF သည် ၁၉၈၈ လူထုအရေးတော်ပုံမှ ပေါက်ဖွားလာသည့် ကျောင်းသား တပ်မတော်ဖြစ်ပြီး ကိုကျော်ကိုသည် ABSDF တွင် တပ်ရင်းမှူး၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုဦးဆောင် ကော်မတီဝင် စသည့် တာဝန်များကို ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။
ABSDF ဗဟို ဦးဆောင် ကော်မတီဝင် ရဲဘော် မိဆူးပွင့် က “ရဲဘော်ကျော်ကိုဟာ သဘောတရားနဲ့ လက်တွေ့ မျှတညီညွတ်သူဖြစ်တယ်။ နိုင်ငံရေးပိုင်း စစ်ရေးပိုင်း ၂ ဖက်စလုံးမှာ ဦးဆောင် နိုင်သူ ဖြစ်တယ်။ ရဲဘော်အများစု (အားလုံးနီးပါး) ချစ်ခင်လေးစားခံရသူဖြစ်တယ်။ အဖွဲ့အစည်းအတွင်း နေရာယူကြမယ့် အချိန်မှာ မထင်မရှား ကိုယ်ယောင်ဖျောက် နေတတ်ပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်ဆို သူရှိနေတာကို ကိုယ်ယောင်ပြတတ်တဲ့ ခေါင်းဆောင်မျိုးဖြစ်ပါတယ်။ ကျမတို့အတွက် ABSDF အတွက် အလွန်ကြီးမားတဲ့ဆုံးရှုံးမှုပါ” ဟု မှတ်ချက်ပြုသည်။
ရဲဘော် ကျော်ကိုသည် တာဝန်ယူ၊ တာဝန်ခံတတ်သည့် စိတ်ဓာတ်၊ ရည်မွန်သည့် ဆက်ရေး တို့ကြောင့် နိုင်ငံရေးနယ်ပယ်နှင့် လူမှုရေးနယ်ပယ်တို့တွင် အများက လေးစား၊ ချစ်ခင်မှု ရရှိသူဖြစ်သည်။
ဘောလုံးအားကစားကို ဝါသနာထုံသူဖြစ်ပြီး မဲဆောက်၊ ချင်းမိုင် ရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ NGO များ၊ သတင်းမီဒီယာများ၊ ရွှေ့ပြောင်း အလုပ်သမားများ အကြား အားကစားဖြင့် ချစ်ကြည် ရင်းနှီးမှုရရှိစေရန် ချိတ်ဆက်စီစဉ်ပေးနိုင်ခဲ့သူလည်းဖြစ်သည်။
ထို့အပြင် ၎င်း၏ နိုင်နင်းစွာ ဦးဆောင်ထိန်းကျောင်းမှု၊ ဆက်ဆက်ရေး ကောင်းမွန်မှုတို့ကြောင့် ကစားသမားများအပေါ်တွင်လည်း ကွင်းတွင်းသာမက ကွင်းပြင်မှာပါ လွှမ်းမိုးနိုင်မှုရှိခဲ့သည်။ ပြိုင်ဘက် အသင်းသားများကပါ သူ့အား လေးစားချစ်ခင်ခဲ့ကြသည်။
ကိုဘိုကြည် က “သူနဲ့ကျနော် ပွဲတော်တေ်ာများများ ကန်ဖူးပါတယ်။ သူက ဆေးလိပ်၊ အရက်မသောက်၊ ကွမ်းမစား။ သူဒီလိုဖြစ်မယ်လို့ ထင်ကို မထင်မိဖူး” ဟု ပြောသည်။
ရဲဘော် ကျော်ကို ကွယ်လွန်သွားခြင်းသည် ABSDF အတွက်ရော၊ တိုင်းပြည်အတွက်ပါ ကြီးမားသည့် ဆုံးရှူံးမှုတခုဖြစ်ကြောင်း ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ ကလည်း ဧရာဝတီသို့ ပြောသည်။
ရဲဘော် ကျော်ကိုသည် စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒီမိုကရေစီအရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု ရရှိရေး တိုက်ပွဲတွင် စတင်တာဝန်ယူစဉ်ကလမှ ကွယ်လွန်ချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ တဦး ဖြစ်ပြီး လေးစား တန်ဘိုးထားထိုက်သည့် ခေါင်းဆောင်တဦး ဖြစ်ကြောင်းလည်း ABSDF ဥက္ကဋ္ဌ က ပြောသည်။
ရဲဘော် သံခဲ က “ဒီလိုလူမျိုးက ကျနော်တို့ ABSDF အဖွဲ့ အတွက်သာ မကပါဘူး။ မိသားစုတွေ၊ ရဲဘော်တွေ၊ မိတ်ဆွေတွေ အတွက်သာ မကပါဘူး။ လူ့အသိုင်းအဝိုင်း အတွက် အများကြီး အလုပ်အကျွေး ပြုနိုင်တဲ့သူပါ။ ဒီလိုလူမျိုးဆုံးရှူံးလိုက်ရတာဟာ ကျနော်တို့ အင်မတန်မှ စိတ်ထိခိုက်မိပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “သူ့မှာ ရှိတဲ့ ညာဏ်ပညာတွေ၊ သူ့မှာရှိတဲ့ ဆင်ချင်တုံ တရားတွေနဲ့ တိုင်းပြည် အနာဂတ် အတွက်ပဲဆိုဆို၊ လူ့အဖွဲ့အစည်း အတွက်ပဲဆိုဆို၊ မျှော်မှန်းထားတဲ့ သူ့အိမ်မက်တွေရှိနိုင်ပါတယ်။ ဒီအိမ်မက်တွေ ပြည့်ပြည့်ဝဝ မဖော်ဆောင်နိုင်ခင်မှာ ရုတ်တရက် ကွယ်လွန်သွားတဲ့ အတွက် ကျနော် အလွန် စိတ်ထိခိုက်မိပါတယ်” ဟု ပြောသည်။
ရဲဘော် ကျော်ကိုကိုသည် နိုင်ငံရေး၊ စည်းရုံး အားကောင်းသူတဦးဖြစ်ပြီး အပြောနှင့် အလုပ်ညီအောင် လုပ်နိုင်သူတဦးဖြစ်ကြောင်းလည်း ဥက္ကဋ္ဌ က ထပ်လောင်း ပြောဆိုသည်။
အသက် ၅၁ နှစ်ရှိပြီဖြစ်သည့် ရဲဘော် ကျော်ကိုကိုသည် မွန်တိုင်းရင်းသား တဦးဖြစ်ပြီး မွန်ပြည်နယ် မုဒုံဇာတိဖြစ်သည်။ ၎င်းကွယ်လွန်ချိန်တွင် ဇနီးနှင့် သမီး တဦး ကျန်ရစ်ခဲ့သည်။
You may also like these stories:
စစ်ဘေးရှောင် ပြည်သူများ မှတ်ပုံတင် ရရေး အထူးစီမံချက်ချ ဆောင်ရွက် ပေးနေ
တပ်မတော်နှင့် KNU ခေါင်းဆောင်များ ရန်ကုန်တွင် အလွတ်သဘောတွေ့ဆုံ
စစ်ဘက် ထောက်လှမ်းရေးကို မီဒီယာနှင့် ခိုင်းနှိုင်းမှု NLD အမတ်များ လက်မခံကြ
စိုးရိမ်ရသော ဆည်တချို့ ရှိ၍ ကယ်ဆယ်ရေး ကြိုပြင်ထား ဟု လူကယ်ပြန် ဆို