မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၆၆ လမ်း၊ ၁၄ လမ်းတွင် ယနေ့ နံနက် ၄ နာရီအချိန်ခန့်က လူတဦး ဓားရှည်ကိုင်၍ ရမ်းကားနေကြောင်း ရဲတပ်ဖွ့ဲမှ သတင်းရ၍ သွားရောက် ဖမ်းဆီးရာ၊ ပြန်လည် ရန်ပြုသဖြင့် သေနတ်နှင့် ပစ်ခတ် ဖမ်းဆီး စဉ် သေဆုံးကြောင်း သတင်းရသည်။
အဆိုပါ ဓားကိုင် ရမ်းကားသူမှာ အသက် ၄၅နှစ် အရွယ် အမျိုးသား တဦးဖြစ်ပြီး ၆၆ လမ်းပေါ်တွင် သွားလာနေသည့် လမ်းသွားလမ်းလာများနှင့် ဆိုင်ကယ်များကို ငှက်ကြီးတောင် ဓားဖြင့် ရန်ပြုတိုက်ခိုက်နေကြောင်း၊ ၁၉လမ်းပေါ်ရှိ နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အဖွဲ့ထံ ပြည်သူတဦး၏ သတင်းပေးခဲ့ခြင်း ဖြစ်သည်။
နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင်က “အဲဒီနေရာ ဓားကိုင်ပြီးတော့ လမ်းသွားလမ်းလာ တွေနဲ့ ဆိုင်ကယ်တွေကို လိုက်ခုတ်နေတယ် ဆိုပြီး ကျနော်တို့ဆီကို သတင်း ပို့တာနဲ့ အမှတ်၁ ကို အကြောင်းကြားပြီးတော့ ကားနဲ့ ချက်ချင်းထွက်တာ၊ အဲဒီရောက်တော့ ရဲတွေကိုရော ကျနော်တို့ကိုပါ ဓားနဲ့လိုက်ခုတ်နေတာ၊ ရဲက ဓားကို အောက်ချဖို့ အကြိမ်ကြိမ် ပြောတာကို မရတာနဲ့ ပစ်ဖမ်းလိုက်တာ”ဟု ပြောသည်။
အဆိုပါ ဓားကိုင် ရမ်းကားသူသည် အမှတ် ၁ နယ်မြေ စခန်းမှ နယ်ထိန်း ခေါင်းဆောင်နှင့် အဖွဲ့ကို ပြန်လည်ခုခံရာ ရဲတပ်ဖွဲ့ မှ သေနတ်ဖြင့် နှစ်ချက် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း၊ ဝဲဘက်နံကြားနှင့် လက်မောင်းတို့တွင် ဒဏ်ရာရရှိသည့် အတွက် ထိုသူအား မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း နာရီဝက်ခန့် အကြာတွင် သေဆုံးသွား ကြောင်း သိရသည်။
“မနက်က ၄နာရီလောက်ကြီး ၆၆လမ်းပေါ်က အလုပ်သမား ဆေးရုံရှေ့မှာ ဓားကိုင် ရမ်းကားနေတာကို သတင်းရတာနဲ့ ချက်ချင်းပဲ လူမှုကူညီရေး အသင်းတို့၊ မီးသတ်တို့နဲ့အတူ နယ် ထိန်းခေါင်းဆောင် အဖွဲ့သွားတာပေါ့၊ အဲဒီမှာ ထိန်းမရလို့ ပစ်ပြီး ဖမ်းခဲ့ရတာပါ”ဟု စခန်းမှူး ရဲအုပ် ကံအောင်မြင့်က ပြောသည်။
နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဦးသိန်းထွန်းအောင်ကလည်း အဆိုပါ ရမ်းကားသူမှာ ဝဲ၀မ်းဗိုက်၊ ဝဲလက်မောင်း တို့ တွင် ဒဏ်ရာရသွားကြောင်း၊ ထိုသူကို လူမှုကယ်ဆယ်ရေး အသင်းကားဖြင့် ဆေးရုံကြီး ပို့ပေးခဲ့ကြောင်း၊ ဆေးရုံရောက် ပြီး မိနစ် ၃၀ခန့်တွင် သေဆုံးသွားကြောင်း ဆိုသည်။
ယခုသေဆုံးသူမှာ မည်သူ မည်ဝါဖြစ်သည်၊ မည်သည့်အရပ်တွင် နေသည်ကိုမူ ယခုတိုင် မသိရသေးကြောင်း အမှတ် ၁ နယ်မြေ ရဲစခန်းက ပြောသည်။
ယခုအခါ အဆိုပါသေဆုံးမှုအတွက် အမှတ်၁ နယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ် ၄/၂၀၁၉ဖြင့် အမှုဖွင့်လက်ခံ ဆောင်ရွက်ထားကြောင်း သိရသည်။
မန္တလေးမြို့၌ ယခုလအတွင်း ဓားဖြင့် အကြောင်းမဲ့ လိုက်လံ ထိုးခုတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာရာ မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ နှိမ်နင်းမှုများ ပြုလုပ်လျှက်ရှိရာ မေလ ၅ရက်မှ မေလ ၁၁ရက်အတွင်း စုစုပေါင်း အမှု ၁၆၁ မှု၊ တရားခံ ၂၂၅ ဦးကို အရေးယူထားကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဓားခုတ်မှုများလာသည့် မန္တလေးမြို့ လုံခြုံရေးပိုကြပ်မည်ဟု နယ်လုံဝန်ကြီး ပြော
You may also like these stories:
အသက်အန္တရာယ်ရှိလာသဖြင့် သစ်မှောင်ခိုဖမ်းသည့် ရဲနှစ်ဦး ထွက်စာတင်
မြန်အောင်တွင် ဘုန်းကြီး အချင်းချင်း ဓားခုတ်မှုကြောင့် တပါး ပျံလွန်
ကိုရီယားသူကို အဓမ္မပြုကျင့်ရန် ကြံစည်သည့် ဆိုင်ကယ် ကယ်ရီသမား ဖမ်းမိ