ရခိုင်ပြည် မြောက်ဦးမြို့နယ် ၊ လက္ကာကျေးရွာမှ ရွာသား ၂၄ ဦးကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ဖြင့်အမှုဖွင့်ကာ ဒုတိယ အကြိမ် စစ်တွေမြို့နယ် တရားရုံး၌ ရမန် ယူခဲ့ကြောင်း သိရသည်။
အဆိုပါ လက္ကာရွာသား ၂၄ ဦးကို မေလ ၁၇ ရက် မွန်းလွဲပိုင်းက စစ်တွေမြို့ အမှတ် ( ၁ ) ရဲစခန်းမှ ခေါ်ဆောင်ကာ မေလ ၃၁ ရက်နေ့အထိ ချုပ် ရမန် နှစ်ပတ်ယူခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံ ရွာသား ဦးထွန်ကြည်က “ကျနော်တို့ကို မေလ ၃၁ ရက်နေ့အထိ ထပ်ပြီး တော့ ဒုတိယ အကြိမ် ရမန်ယူ ပါတယ်။ ကျနော်တို့ ပြောချင်တာက ကျနော်တို့ AA အဖွဲ့ဝင်တွေ မဟုတ်ပါဘူး ။ ကျနော်တို့ ရွာသားတွေ မတရား ဖမ်းဆီး ခံရတာပါ” ဟု တရားရုံးမှ အပြန် သတင်းမီဒီယာ များသို့ ပြောကြားခဲ့သည်။
၎င်း လက္ကာ ရွာသားများကို AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုဆိုကာ ဧပြီလ ၁၀ ရက်နေ့က ကျေးရွာ အတွင်းသို့ လာ ရောက် ကာ တပ်မတော်က ဖမ်းဆီး ခဲ့ခြင်းလည်း ဖြစ်သည်။
မေလ ၁ ရက်နေ့တွင် ၎င်းတို့ကို တပ်မတော်က ရဲတပ်ဖွဲ့သို့ လွဲပြောင်း ပေးခဲ့ပြီး ရဲတပ်ဖွဲ့က မေလ ၃ ရက်နေ့တွင် ပထမ အကြိမ် အဖြစ် စစ်တွေမြို့ နယ် တရားရုံး၌ ရမန်ယူခဲ့ကြောင်းလည်း သိရသည်။
လက္ကာကျေးရွာသားများအား တပ်မတော်က ဖမ်ဆီး စစ်ဆေးခဲ့စဉ်က ညှဉ်း ပန်းနှိပ်စက်မှုများကို ဆိုးဝါးစွာ ခံခဲ့ရကြောင်း လည်း ဖမ်းဆီးခံ ရွာသားများက တရားရုံးမှ အပြန် သတင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
ဖမ်းဆီးခံ လက္ကာရွာသား ကို ပြက်ယေက “ တပ်က ဖမ်းပြီး စစ်ဆေးတဲ့ အချိန်တုန်းက ကျနော်တို့ကို မျိုးစုံ နှိပ်စက်ပါ တယ်။ သူတို့ လိုချင်တာကို မပြောမချင်း သံတုတ်တွေနဲ့ ရိုက်ပါတယ်” ဟု သတင်း မီဒီယာများသို့ ပြောကြားခဲ့သည်။
ဖမ်းဆီးခံ ရွာသားများတချို့တွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဒဏ်ရာများ ရရှိထားသည့်အတွက် ဆေးကုသမှု ခံယူရန် လိုအပ်နေကြောင်းလည်း မိသားစုဝင်များက ဝိုင်းဝန်းပြောဆိုကြသည်။
ယင်း ဖမ်းဆီးခံ ရွာသားများအား အမှုဖွင့် စစ်ဆေးနေခြင်းနှင့် ပတ်သက်၍ ဧရာဝတီမှ အသေးစိတ် သိရှိနိုင်ရန် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းသို့ သွားရောက်ရာ စခန်းမှူး ဒုရဲမှူး အောင်မြဦးက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ဈ)၊ ၅၂ ( က ) တို့ဖြင့် အမှုဖွင့် ထားခြင်း မှန် ကန်ကြောင်း အတည်ပြု သော်လည်း အသေးစိတ်ကိုမူ ပြောဆိုခွင့် မရှိကြောင်း ပြောသည်။
ဧပြီလ ၉ရက်နေ့ ညက မြောက်ဦးမြို့နယ်အတွင်း ရဲတပ်ရင်းတခုနှင့် လေးမြို့မြစ်ကမ်းရှိ တပ်မတော်၏ ယာယီစခန်းတခု ကို AA က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်တနေ့တွင် လက္ကာ ကျေးရွာသို့ တပ်မတော် စစ်ကြောင်းက ဝင်ရောက် စစ် ဆေးရာ အရပ်အသား အယောင်ဆောင် ထားသည့် AA တပ်ဖွဲ့ဝင် ၂၇ ကို ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆို ထားသည်။
ရက္ခိုင့်တပ်တော် ( AA )ကတော့ ယင်း တိုက်ပွဲအတွင်းက AA တပ်ဖွဲ့ ဝင် များ ဖမ်းဆီး ခံရမှု မရှိကြောင်း ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံ ရွာသား ၂၇ ဦးအနက် ကိုဇော်မျိုးထွန်း (၂၅) နှစ် ၊ ဦးသိန်းထွန်းစိန် (၃၅) နှစ် နှင့် ဦးမောင်သန်းနု (၄၁) နှစ်တို့ ၃ဦးမှာ တပ်မတော် စစ်ကြောရေး၌ သေဆုံးခဲ့သည်။
သေဆုံးသွားသည့် ကျေးရွာသား ၃ ဦးနှင့် ပတ်သက်ပြီး တပ်မတော်ဘက်က ထုတ်ပြန်ရာတွင် ဆေးပြတ်၍ သေဆုံးသူ တဦး ၊ ဆွဲကြိုးချသေဆုံးသူ တဦးနှင့် နှလုံးဖောက် ၍ သေဆုံး တဦး စသည့် ဖြစ်စဉ်များကြောင့် သေဆုံးကြောင်း ထုတ် ပြန်ခဲ့သည်။
ရွာသား ၃ ဦး သေဆုံးမှုနှင့်ပတ်သက်ပြီးလည်း လုပ်ထုံး ၊ လုပ်နည်းနှင့်အညီ စစ်တွေမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ကာ ရင်ခွဲ စစ်ဆေးချက်များကို ရယူခဲ့ ပြီး တဘက်တွင်လည်း သက်ဆိုင်ရာ ရဲစခန်းတွင် သေမှု သေခင်းနှင့် အမှုဖွင့်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောဆိုထားသည်။
သို့သော် သေဆုံးသူ မိသားစုဝင်များ ကမူ အလောင်းများကိုလည်း တွေ့မြင်ခွင့် မရဟု ဆိုသည်။
မြောက်ဦးမြို့နယ်အတွင်းက အမှတ် ၃၁ ရဲတပ်ရင်းနှင့် လေးမြို့ မြစ်ကမ်းဘေး လေညှင်းတောင်အနီး တပ်မတော် ယာယီ စခန်းတခုကို ရက္ခိုင့်တပ်တော် AA က ဧပြီလ ၉ ရက် ညဉ့်အချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိ ၊ စစ်သည် တချို့ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတည်ပြုသည်။
တိုက်ပွဲမှာ ညလုံးပေါက် ဖြစ်ပွားခဲ့ပြီး ဆုတ်ခွာသွားသည့် AA တို့ နောက်သို့ တပ်မတော်(လေ)မှ ဂျက်လေယာဉ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်များက လိုက်လံတိုက်ခိုက်ခဲ့သည်။
ထို တိုက်ခိုက်မှု နောက်ပိုင်း ဧပြီလ ၁၀ ရက်နေ့တွင် AA တပ်ဖွဲ့ဝင်များကို လိုက်လံ ရှင်းလင်းရာတွင် လက္ကာ ကျေးရွာ အတွင်းမှ အရပ်ဝတ်ဖြင့် AA အဖွဲ့ဝင် ၂၇ ဦးကိုဖမ်းဆီး ရမိကြောင်း တပ်မတော်က သတင်း ထုတ်ပြန်သည်။
သို့သော် အဆိုပါ တပ်မတော်က ဖမ်းဆီးသွားသူ များမှာ ဒေသခံကျေး ရွာသားများ ဖြစ်ပြီး တချို့မှာ အနီးဝန်းကျင် ကျေးရွာများမှ အလုပ် လုပ်ရန် ရောက်ရှိနေသူများသာ ဖြစ်ကြောင်း ကျေးရွာသားများက ဝိုင်းဝန်း ပြောကြားသည်။
တပ်မတော်က AA ဖွဲ့စည်းပုံစာရင်း စာရွက်များ ရရှိထားသည်ဆိုခြင်းမှာလည်း ဒေသအတွင်း မတည်ငြိမ် မှုများကြောင့် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များ နှင့်တိုင်ပင်ကာ ကျေးရွာအတွင်း အလှည့်ကျ ကင်းစောင့်ရန် ဖွဲ့စည်း ထား သည့် စာရွက်များသာ ဖြစ်ကြောင်း လက္ကာကျေးရွာသားများက ပြောသည်။
You may also like these stories:
ကော့ကရိတ်တွင် BGF နှင့် DKBA တိုက်ပွဲဖြစ်
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို
ကျောက်တန်းရွာ ဖြစ်စဉ်က ၂ ဦး လွတ်ပြီးမှ ပြန်အဖမ်းခံထားရ