အိန္ဒိယ-မြန်မာနယ်စပ် မှတ်တိုင် ၁၄၉ အနီးမှာ မြန်မာ့တပ်မတော်နှင့် အိန္ဒိယသူပုန် ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦး(NDFB)တို့ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲသည် စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်အတွင်းရှိ အိန္ဒိယ-မြန်မာနယ်စပ် မိုင်တိုင် ၁၄၉ အနီးမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ဟိုဘက် အိန္ဒိယနဲ့ နယ်စပ်ဘက်မှာ တိုက်ပွဲ ဖြစ်တာ၊ ကသည်းနဲ့ ဖြစ် တာလို့ သိရတယ်။ ကသည်း အဖွဲ့ကလည်း ကျနော်တို့ အထဲကတော့ မဟုတ်ဘူး ဟိုဘက်က အိန္ဒိယဘက် ကပေါ့ အိန္ဒိယ ဘက်က NDFB ဆိုတဲ့ အဖွဲ့လို့ သိရပါတယ်ဗျ”ဟု ပြောသည်။
NDFB ဆိုသည်မှာ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးဖြစ်ပြီး အိန္ဒိယအစိုးရကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော အဖွဲ့ဖြစ်ကာ အိန္ဒိယအစိုးရက မတရားအသင်း ကြေညာထားသည်။
ထိုအဖွဲ့ဝင်များသည် မြန်မာနိုင်ငံတွင် အခြေစိုက်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K) ဖြင့် မဟာမိတ် ဖွဲ့ထားပြီး မြန်မာနိုင်ငံအတွင်းမှာ စစ်သင်တန်းများ လာတက်ရောက်လေ့ရှိရာ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း က စစ်သင်တန်းတက်ပြီး အိန္ဒိယနိုင်ငံသို့အပြန် အဖွဲ့ဝင် ၅ ဦးထက်မနည်း အိန္ဒိယအစိုးရ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးသည်။
တချို့သော သတင်းများတွင်မူ မေလ ၁၆ ရက်က ဖြစ်ပွားသော တိုက်ပွဲသည် နာဂအမျိုးသားဆိုရှယ်လစ် ကောင်စီ-ကပ္ပလန်(NSCN-K)နှင့် တပ်မတော်ကြား တိုက်ပွဲဖြစ်ပွားခြင်းဟု ဆိုကြသည်။
သို့သော် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက NSCN-K နှင့်မဟုတ်ကြောင်း၊ ကသည်းသူပုန် NDFB နှင့်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လွှတ်တော်ကိုယ်စားလှယ်တဦးကတော့ မိမိတို့ အနေဖြင့် တိုက်ပွဲဖြစ်ပွား သည် ကိုသာ သိပြီး မည်သည့်အဖွဲ့ဖြစ် တိုက်ပွဲဖြစ်သည်ကိုမူ အတည်မပြုနိုင်ကြောင်း၊ နာဂနှင့် အိန္ဒိယ သူပုန်များသည် ရောနှောနေထိုင်ခြင်းကြောင့် အတည်ပြုပေးရန် ခက်ခဲကြောင်း ဧရာဝတီသို့ ပြောသည်။
နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့မှ အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် လဟယ်မဲဆန္ဒနယ်မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးလောရုံက တိုက်ပွဲသည် လောလောက်ကုန်း ရွာနှင့် ယမ်းကျန်ရွာအနီး၌ မေလ ၁၆ ရက်က တကြိမ်၊ ရွေလော လက်ဟောက်နှင့် နယ်စပ် မိုင်တိုင် ၁၅၁ ကြား၌ မေလ ၁၇ ရက်တွင် တကြိမ် ၂ ရက်ဆက် ဖြစ်ပွားခဲ့ကြောင်း ရွာသားများကပြောသည်ဟု ဧရာဝတီသို့ ပြောသည်။
“ရွာသားတွေ သတင်းအရ ၁၆ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီနဲ့ ညနေပိုင်း ၅ နာရီကြား ဖြစ်တယ်လို့ကြားတယ်၊ ၁၇ ရက်နေ့ ကျတော့ မနက် ၁၀ နာရီဝန်းကျင်းလောက်မှာ သေနတ်သံတေ ွကြားတယ်လို့ ပြောတယ်၊ ဒါပေမယ့် စစ်မြေပြင်ထဲထိ သတင်းအတိအကျတော့ ကျနော်တို့ သွားပြီးတော့ စုံစမ်းတဲ့လူ မရှိပါဘူး၊ ဘေးက ကျေးရွာက အသိပေးလာလို့ သိတာပါ” ဟု ၎င်းက ဆိုသည်။
တပ်မတော်နှင့် အိန္ဒိယသူပုန် NDFB တို့ကြား တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကဆိုသည်။
အလားတူ ဦးလောရုံကလည်း တိုက်ပွဲသည် ကျေးရွာအတွင်း ဖြစ်ပွားခြင်း မရှိကြောင်းနှင့် ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်ရသည့် အခြေအနေတရပ်ထိ မဖြစ်ပွားခဲ့ကြောင်း ဆိုသည်။
မြန်မာ့တပ်မတော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အာသံနှင့် ကသည်း အိန္ဒိယသူပုန်များ ခိုအောင်းနေကြောင်း သတင်းအရ NSCN-K ၏ ဌာနချုပ် တကားစခန်းကို ဝင်ရောက်၍ နယ်မြေရှင်းလင်းရေး လုပ်ကာ ယခုနှစ် ဇန်နဝါရီ ၂၉ ရက်က ထိန်းချုပ်လိုက်သည်။
ထို့နောက် အာသံနှင့် ကသည်းသူပုန် ၂၀ ကျော်ကို ဖမ်းဆီးခဲ့ပြီး ခန္တီးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ မတရားအသင်း ဆက်သွယ်မှုအက်ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့် အရေးယူခဲ့ရာ ပြီးခဲ့သည့် မေလ ၁၅ရက်နေ့တွင် အာသံနှင့် ကသည်း သူပုန် ၂၄ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်သည်။
ထိုထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံရသော သူတို့မှာ မဏိပူရ် ပြည်သူ့တပ် (MPA)၊ ညီညွတ် သော အမျိုးသား လွတ်မြောက်ရေး တပ်ဦး (UNLF)၊ Kanglei Yawol Kanna Lup (KYKL)၊ People’s Liberate Army (PLA)၊ PREPAK ကသည်းသူပုန် People’s Revolutionary Party of Kangleipak စသည့် အဖွဲ့များက ဖြစ်ကြောင်း သိရသည်။
အလားတူ အာသံနှင့် ကသည်း သူပုန်များကို ခိုအောင်းခွင့်ပေးခဲ့သော NSCN-K ကို အရေးယူသည့်အနေဖြင့် တပ်မတော်က NSCN-K မှ ခေါင်းဆောင်များဖြစ်သော သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်၊ သစ်တော ရေးရာဝန်ကြီး ဦးအန့်ကန်၊ ပြည်ထဲရေးဝန်ကြီး ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန် တို့ကို ဖမ်းဆီးခဲ့ပြီး ခန္တီးရဲတပ်ဖွဲ့မှူးရုံးမှာ ပုဒ်မ ၁၇/၁ ဖြင့် အမှုဖွင့်ထားခြင်းကြောင့် တရားရင်ဆိုင် နေရသည်။
ဆက်စပ်ဖတ်ရှု့ရန် – အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ်
ဖမ်းဆီးခံထားရသည့် NSCN-K မှ ခေါင်းဆောင် ၅ ဦး ပြန်လွတ်လာ
နာဂ NSCN-K ခေါင်းဆောင် ၅ ဦး အဖမ်းခံရမှု ပြန်စိစစ်နေဟု အစိုးရ ပြော
နာဂ NSCN-K ခေါင်းဆောင် ၅ ဦးကို ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ထား
NSCN-K ခေါင်းဆောင် တချို့ ထိန်းသိမ်းခံထားရဟု နာဂဒေသ ဦးစီး အဖွဲ့ပြော
နာဂဒေသ၌ အာသံနှင့် ကသည်း လက်နက်ကိုင်အဖွဲ့များကို ခိုလှုံခွင့်မပေးရန် NPSC ပြော
အိမ်နီးချင်းနိုင်ငံ တည်ငြိမ်မှု ပျက်အောင်လုပ်ခြင်း လက်မခံဟု တပ်မတော်ပြော