တိုက်ပွဲများကြောင့် ရခိုင်တွင် လမ်း၊ တံတား စီမံကိန်းတချို့ ရပ်နားထားရ
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် မြန်မာ့ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ကြား ဖြစ်ပွားလျက် ရှိသည့် တိုက်ပွဲများကြောင့် ယင်းဒေသတွင် ဆောင်ရွက်လျက်ရှိသော လမ်းတံတား ဖွံ့ဖြိုးရေး စီမံကိန်းတချို့ကို ရပ်နားထားရကြောင်း သိရသည်။
နေပြည်တော်တွင် မေ ၁၇ ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ အစိုးရ ၃ နှစ်ပြည့် သက်တမ်းအတွင်း လုပ် ဆောင်ချက်များအကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ယင်းဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးကျော်လင်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင် လမ်းပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ ယင်းလမ်းပိုင်းတွင် တာဝန် ထမ်းဆောင်နေသည့် ဆောက်လုပ်ရေး ဝန်ထမ်းများကို ရုတ်သိမ်းထားပြီး ယင်းလမ်းပိုင်းကိုလည်း “မသွားရ” ဆိုကာ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း၊ ထို့ပြင် ကျောက်တော်မြို့နယ်တွင်လည်း တိုက်ပွဲများကြောင့် ယင်းဒေသရှိ ဝန်ထမ်းများကို ပြန်လည် ခေါ်ယူလိုက်ပြီဟု သိရသည်။
ဒုတိယ ဝန်ကြီး ဦးကျော်လင်းက “အန္တရာယ်ရှိလား ဆိုတော့ အန္တရာယ် ရှိပါတယ်။ ဝန်ထမ်းဖြစ်တဲ့အတွက် ကျနော်တို့မှာ ရွေးချယ်စရာ မရှိပါဘူး။ အဲ့နေရာမှာ ကျ နော်တို့ရဲ့ တံတားဆောက်တဲ့ ဝန်ထမ်းတဦး ဖမ်းဆီးခေါ်ဆောင်ထားခြင်း ခံခဲ့ရတာ ရှိပါတယ်။ ဒီနေ့အထိတော့ ကျနော်တို့ ဆက် သွယ်ပြီး ပြန်လည် ရရှိအောင် ဆောင်ရွက်နေပါတယ်။ လောလောဆယ်တော့ ကျနော်တို့ အဆက်အသွယ် မရသေးပါဘူး”ဟု ပြောသည်။
ရခိုင်မြောက်ပိုင်းရှိ ဆောက်လုပ်ရေး ဝန်ထမ်းများသည် AA နှင့် ARSA တို့ကဲ့သို့သော လက်နက်ကိုင်အဖွဲ့ များ၏ အန္တရာယ်အပြင် တောဆင်ရိုင်း၊ ငှက်ဖျား အန္တရာယ်တို့ကိုပါ ရင်ဆိုင်ရကြောင်း၊ ထို့ကြောင့် ယင်းဒေသတွင် တာဝန်ထမ်းဆောင်သူများကို စီမံချက် ပြီးစီးပါက ၎င်းတို့ သွားရောက်လိုသည့် နေရာများသို့ ပြောင်းရွေ့ ပေးနေကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
တိုက်ပွဲများ ဖြစ်လာပါက ဖွံ့ ဖြိုးရေး ထိခိုက်မှုများ ရှိနိုင်ပြီး လမ်း၊ တံတား တည်ဆောက်ရေး နေရာများ ဖြစ်သည့် ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေ၍ လမ်းလုပ်သားများမှာ စိုးရိမ်ကြောင့်ကြမှုများ ရှိနေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေက “တပ်မတော်ဘက်ကလည်း အလုပ်သမားတွေကို AA နဲ့ ပတ်သက်မှု ရှိ၊ မရှိ ခေါ်ယူမေးတာတွေ ရှိသလို ဟိုဘက်ကလည်း အဲလို မျိုး တွေ လုပ်နေတော့ ၂ ဦး ၂ ဖက်ကတော့ ရှိကြတာပေါ့။ သူတို့ကလည်း ဒါကို စိုးရိမ်တယ်ပေ့ါနော်။ အဲဒါကြောင့်လည်း ဒီလုပ်ငန်း တွေကို တားထားတယ်လို့ အန်တီတို့ သိရတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “တိုက်ပွဲတွေကြားမှာတော့ ဘယ်သူမှ အသက်အသေခံပြီးတော့ လုပ်ချင်ကြမှာ မဟုတ်ဘူး။ ဘတ်ဂျက် ဆိုတာမျိုးက ပြီးရမယ့်လမှာ ပြီးရမှာ။ မပြီးတဲ့အခါကျတော့ လုပ်တဲ့ ကန်ထရိုက်မှာလည်း အခက်အခဲ ရှိတယ်။ ဆောက်လုပ်ရေးဘက်မှာလည်း အခက်အခဲ ရှိတယ်။ ဒီလိုသာ ဆက်ဖြစ်နေရင် ရခိုင်ပြည်နယ်က အရင်က နောက်ကျပါတယ်ဆိုမှ အခု ပိုပြီး နောက်ကျသွားနိုင် တယ်”ဟု သုံးသပ်ပြောကြားသည်။
သို့သော် လမ်းလုပ်ငန်း ဆောင်ရွက်၍ ရသည့် နေရာများဖြစ်သည့် မေယုတောင်ကျော်လမ်း ၄ လမ်းဖြစ်သည့် ကျောက်ပန်သု-အင်း ဒင်-စေတီပြင်လမ်း၊ ဥဒေါင်းညောင်ချောင်းလမ်း၊ ကြိမ်ချောင်း-ဂုတ်ပိလမ်း၊ သက်ကိုင်ညာ-ပတ္တမြားလမ်းများကို ဆောင်ရွက်နေပြီး ကျောက်ပန်သု-အင်းဒင်-စေတီပြင်လမ်းမှာ ကျောက်အားလုံးခင်းပြီးပြီ ဖြစ်ကြောင်း သိရသည်။
ဒုတိယ ဝန်ကြီး ဦး ကျော်လင်း က “လက်ရှိလည်း တံတား ၄ စင်း ဆောက်နေတာသည် မိုးမကျခင် ပြီးပါမယ်။ ဥဒေါင်းညောင်ချောင်းလမ်းနဲ့ ဒီကြိမ်ချောင်း၊ ဂုတ်ပိလမ်း တွေက အခု လက်ရှိလည်း အလုပ်လုပ်နေပါတယ်။ တံတားတွေကော လမ်းတွေကော ဆောင်ရွက်လျက် ရှိပါတယ်။ သက်ကိုင်ညာ ပတ္တမြားလမ်းကတော့ ဒီနှစ်ထဲ တကြောင်း လမ်းပေါက်သွားဖို့အတွက် ဦးစားပေး ဆောင်ရွက်နေပါတယ်”ဟု ပြောသည်။
ထို့ပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ- အိန္ဒိယလမ်းပိုင်း ဖောက်လုပ်နေသည့် ဆုထူးစံကုမ္ပဏီမှ ဝန်ထမ်း ၁၃ ဦး ၂၀၁၈ ခုနှစ်၊ မတ်လကုန်ပိုင်းက အဖမ်းခံခဲ့ရပြီး ၅ ဦး ပြန်လွှတ်လားသော်လည်း ၈ ဦး ကျန်နေသေးရာ ၎င်းတို့မှာ အသက်ရှင်နေ သေးသည်ဟုသာ သိရသည်။
AA အဖွဲ့ကမူ ဆုထူးစံမှ ဝန်ထမ်းများသည် လမ်းလုပ်သား အစစ်များ မဟုတ်ပဲ ကုလားတန် စီမံကိန်းကို အကာအကွယ်ယူ၍ AA ကို ထောက်လှမ်း ရန်၊ စစ်ဘက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် ဆောင်ရွက်နေသဖြင့် ဖမ်းဆီးထားရခြင်း ဖြစ်သည်ဟု ပြောဆို ထားသည်။
၎င်းတို့ ၈ ဦးအပြင် ချင်းပြည်နယ်၊ ပလက်ဝမြို့ နယ်ထဲမှ အရပ်သား ၁၂၀ ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ခေါ်ဆောင်သွားခံရပြီး ယနေ့ အချိန်အထိ ၂ ဦးသား ထွက်ပြေးလွတ်မြောက်လာသေးသည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက “အဲဒီလူတွေကို အခုချိန်အထိ ပြန်မလွှတ်သေးဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် ရောက်တော့လည်း အတင်းအကျပ် သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ အလုပ်ခံရတဲ့သူတွေကို ငါတို့က ကယ်တင်လာတာလို့ ပြောဆိုပြီး ခိုင်းတယ်။ ဟိုလူတွေက မပြောဘူး။ ကျနော်တို့ကို ဖမ်းဆီးခေါ်ဆောင်လာတာ ဘာညာပြောပြန်ရော။ အဲဒါကြောင့် ရိုက်ပုတ်ဆိုတော့ ၂ ယောက် ထွက်ပြေးလာနိုင်တယ်”ဟု ပြောသည်။
ထို့ကြောင့် ဆုထုူးပန်မှ လူများ၊ ပလက်ဝများ လူများအပါအဝင် AA က ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၃၄ ဦး ရှိကြောင်း၊ ၎င်းတို့ အားလုံး ပြန်လည် လွတ်မြောက်ရန် ပြည်နယ် အစိုးရများမှ တဆင့် ညှိနှိုင်းမှုများ ဆောင်ရွက်နေကြောင်း သိရသည်။
၂၀၁၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့က ချင်းပြည်နယ်၊ ပလက်ဝ တံတား စီမံကိန်းအတွက် လိုအပ်သော သံဘောင်များ တင်ဆောင် လာသည့် MV – ရတနာဝင်း ရေယာဉ်ကို AA အဖွဲ့ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် သံဘောင်များ၊ သုတ်ဆေးများ ဆုံးရှုံးခဲ့ရပြီး အာမခံထား သည့် IKBZ ကလည်း ယနေ့အချိန်အထိ အာမခံငွေ ထုတ်မပေးသဖြင့် တံတားစီမံကိန်း လုပ်ငန်းများ နှောင့်နှေးနေရဆဲ အခြေ အနေနှင့် ရင်ဆိုင်နေရသည်။
ရေယာဉ်တွင်ပါသည့် ငွေကျပ် ၁ ဒဿမ ၀၇၂ ဘီလီယံ တန်ဖိုးရှိသည့် သံပေါင် ၂၅၆ ဒဿမ ၀၈၅ တန်၊ သံပေါင်အထိုင်ခုံ ၂၄ ဒဿမ ၉၆ တန်၊ သုတ်ဆေး ၀ ဒသမ ၃၅ တန်၊ High Tension Bolt ၄ ဒသမ ၈၃၅ တန် တို့ ပျက်စီးသွားသည်ဟု အစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရေယာဉ်ကို တိုက်ခိုက်မီးရှို့စဉ်ကလည်း ၎င်းတို့ကို သတင်းပေးပို့ခြင်း မရှိသဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု AA က သတင်း ထုတ်ပြန်ထားသည်။
ယင်းသဘောၤ တိုက်ခိုက်ခံရပြီး နောက်ပိုင်းတွင် နောက်တကြိမ် ပလက်ဝတံတား စီမံကိန်းအတွက် လိုအပ်သော ကုန်ပစ္စည်းများကို မြန်မာတပ်မတော် (ကြည်း)နှင့် (ရေ)တို့၏ အကူအညီဖြင့် ထပ်မံတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မြစ်ရဲ့ အနေအထားကလည်း ဧရာဝတီလို မြေပြန့်မှာ စီးတဲ့ပုံစံမျိုး မဟုတ်ဘဲ တောင်ပေါ်မှာ စီးတဲ့ပုံစံမျိုးဆိုတော့ တဖက်တွေမှာ ကုန်းမြင့်တွေ ရှိတယ်။ အချိန်မရွေး နေရာမရွေးက အန္တရာယ် ပြုနိုင်တယ်။ ပလက်ဝ စီမံကိန်းပေါ်မှာ အနှောက်အယှက် ပြုတာ ၂ ကြိမ် ရှိတယ်။ ပလက်ဝ စီမံကိန်းကို မလိုလားတဲ့သဘော ဖြစ်နေတယ်”ဟု ပြောသည်။
ယင်းပလက်ဝတံတား စီမံကိန်းကို ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် ချင်းပြည်နယ်နေ့ အခမ်းအနားတွင် ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပြီး အာမခံငွေ ရရှိပါက တံတား သံဘောင် အချိန်မီ ထုတ်၍ အချိန်မီ တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဒုတိယ ဝန်ကြီးက မနေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် AAတို့ကြား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၃၀ မှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲများကြောင့် အရပ်သား တသောင်းကျော် ထွက်ပြေးနေရပြီး စစ်ဘေးရှောင်ဒုက္ခသည်များ ဖြစ်နေသည်။
တိုက်ပွဲများ လျော့ချနိုင်ရေးနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး ရခိုင်ပြည်နယ်တွင် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်ရမည်ဟု အစိုးရနှင့် AA တို့ ၂ ဘက်စလုံးက ပြောဆိုနေသော်လည်း လက်တွေ့ တွင် အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးပါ။
You may also like these stories:
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို
ရခိုင်စစ်ရှောင်စခန်းသို့ ကုလကိုယ်စားလှယ် သွားခွင့်မရမှု နစ်နာဟုဆို
ရခိုင် မြောက်ပိုင်း လုံခြုံရေး ရဟတ်ယာဉ်ကွင်း ၁၅ ကွင်း တည်ဆောက်ခဲ့ဟုဆို
ကျောက်တန်း ဖြစ်စဉ်တွင် အဖမ်းခံရသူ အားလုံး လွှတ်ပေးပြီး ဟု တပ်မတော် ပြော