သတင်း

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိမ်းစောင်းနေပြီဟု KNU ဆို

Want create site? Find Free WordPress Themes and plugins.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးဖြစ်စဉ် လမ်းကြောင်း တိမ်းစောင်း နေပြီဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့များ၏ ထိပ်သီး အစည်းအဝေးအတွင်း ပြောဆိုခဲ့သည်။ KNU သည် NCA ထိုးထားသည့်အဖွဲ့ တဖွဲ့ဖြစ်ပြီး NCA ပါ လုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် အနာဂတ် ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးတို့အတွက် ညှိနှိုင်းမှုများတွင် ဦးဆောင်ပါဝင်နေသောအဖွဲ့အစည်း ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs) ၏ ၅ ရက်ကြာ ကျင်းပသည့် ထိပ်သီးညီလာခံတွင် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ EAO အဖွဲ့အချို့ကလည်း ထိုသို့ တသဘောတည်း မြင်ကြောင်း ဆိုသည်။ အဆိုပါ အစည်းအဝေးသည် အစိုးရက အခြား EAOs များ အထူးသဖြင့် အရှေ့မြောက်ပိုင်း အခြေစိုက်အဖွဲ့များကို NCA တွင် ပါဝင်လက်မှတ်ထိုးရေး ကြိုးစားစည်းရုံးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မေလ ၁၄ ရက်မှ ၁၈ ရက်အထိ NCA လက်မှတ်ထိုးထားသည့်အဖွဲ့ ၁၀ ဖွဲ့၏ ၄ကြိမ်မြောက် ထိပ်သီးညီလာခံသို့ ကိုယ်စားလှယ် တရာနီးပါးခန့် တက်ရောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းများ ကျော်လွှားနိုင်ရေး နည်းလမ်းရှာဖွေနိုင်ရန် စုစည်းဆွေးနွေးခဲ့ကြသည်။

NCA လက်မှတ်မရေးထိုးရသေးသည့်အဖွဲ့နှစ်ဖွဲ့ဖြစ်သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့မှ ကိုယ်စားလှယ်များလည်း အဆိုပါ ထိပ်သီးညီလာခံသို့ လေ့လာသူများအနေဖြင့် တက်ရောက်ခဲ့ကြသည်။

အဆိုပါညီလာခံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) ၏ ဖွဲ့စည်းပုံကိုလည်း ပြန်လည်သုံးသပ်သည်။ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ဥက္ကဋ္ဌ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် PPST အဖွဲ့ကို ၂၀၁၆ ခုနှစ်၊ မတ်လက နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် ဖွဲ့စည်းခဲ့သည်။

ပြီးခဲ့သည့် မတ်လတွင် ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက PPST ဦးဆောင်မှုမှ အနားယူခဲ့ပြီး အဆိုပါအဖွဲ့ကို ယခုအခါ ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီဦးဆောင်နေသည်။

၎င်းက NLD လက်ထက် ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ်ခေါ်ယူခဲ့ပြီး ဖြစ်လင့်ကစား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှေးကွေးနေရခြင်းသည် ဘက်ပေါင်းစုံမှ စေ့စပ်ညှိနှိုင်းသူများ အနေဖြင့် ၎င်းတို့မူဝါဒများကိုသာ အသေဆုပ်ကိုင်ထားပြီး အပြန်အလှန်လိုက်လျောရန် ဆန္ဒမရှိသည့်အတွက် ဖြစ်သည်ဟု ဆိုသည်။

တစ်ဆို့မှုအရင်းခံများ

“တပ်မတော်က ခွဲမထွက်ရ၊ တခုတည်းသောတပ်မတော်၊ ငြိမ်းချမ်းရေးမူ ၆ ချက်တင်မကဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းကွာဆဲဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က အင်္ဂ ါနေ့တွင် ၎င်း၏အဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၇ ခုနှစ်၊ မေလ၌ ၂၁ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအစည်းအဝေးကျင်းပပြီးကတည်းက တပ်မတော်နှင့် EAOs အဖွဲ့များ ညှိနှိုင်းအဖြေရှာ၍ မရသောကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အကျပ်အတည်းဖြစ်လာခဲ့သည်။ EAOs အဖွဲ့များအနေဖြင့် ပြည်ထောင်စုမှ ခွဲမထွက်ရေးကတိ ပေးရန် တပ်မတော်က လိုလားနေပြီး၊ ယင်းအချက်ကို လိုက်နာနိုင်မှသာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးတို့ကို ဆက်လက်ညှိနှိုင်းနိုင်မည်ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက တပ်မတော်ဘက်မှ ကန့်သတ်ထားသည့် လုံး၀ ခွဲမထွက်ရ ဆိုသည့် ကိစ္စရပ်အား တဖွဲ့ချင်း အဆုံးအဖြတ်ပေးရန်မှာ မလွယ်ကူသည့်အပြင် ခွဲမထွက်ရ ဆိုသည်ကို သဘောတူရေး/မတူရေးမှာ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်တွင် တိုင်းရင်းသားပြည်နယ်အချို့ကို ခွဲထွက်ပိုင်ခွင့် ပေးထားသည်ကို ထည့်သွင်းစဉ်းစားရသည်ဟု ဆိုသည်။

တိုင်းရင်းသားလူနည်းစုများ ရထိုင်သည့် အခွင့်အရေးများအပေါ် အာမခံမှု မရေရာ မသေချာခြင်းသည်လည်း EAOs အဖွဲ့များအတွက် ဆုံးဖြတ်ချက်ချမှတ်ရန် ခဲယဉ်းစေလျက် ရှိသည်။

“ပြည်နယ်တွေရဲ့ အခွင့်အရေး တိုင်းရင်းသားတွေရဲ့ အခွင့်အရေး ဘယ်လိုရှိလဲဆိုတာ ဘာမှ မပြောတတ်သေးတဲ့ အနေအထားမှာ ဒါ ကတိကဝတ်ပေးထားဖို့ဆိုတဲ့ဟာက မလွယ်ဘူး။ အမှန်တော့ အဲဒီလို ယတိပြတ် (တိုင်းရင်းသားအဖွဲ့တွေဆီက ခွဲမထွက်ရေးကတိ) တောင်းမယ့်အစား တိုင်းရင်းသားတွေကို (အခြေခံ)အခွင့်အရေးတွေ အပြည့်အဝပြဋ္ဌာန်းပေးသင့်ပါတယ်။ တကယ်တမ်း တိုင်းရင်းသားတွေက သူတို့အခွင့်အရေး အပြည့်အဝရှိရင် ဘယ်သူမှ ပြည်ထောင်စုက ခွဲထွက်မှာ မဟုတ်ဘူး” ဟု နိုင်ဟံသာက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်အတိုင်း လူနည်းစုတိုင်းရင်းသားများ ပြည်ထောင်စုအတွင်း ရှိနေစေရေးအတွက် လူများစုဗမာတွင်လည်း တာဝန်ရှိကြောင်း ၎င်းကဆိုသည်။

KNU နှင့် RCSS တို့သည် NCA အပြင် တပ်မတော်နှင့် တဖွဲ့ချင်းကြား ပဏာမ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးထားသော်လည်း တိုက်ပွဲ ဖြစ်ပွားမှုများရှိသည်။ ဤသည်က အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးခြင်းသည် အမှန်တကယ်ငြိမ်းချမ်းရေးကို ဦးတည်စေမှု ရှိ/မရှိ အခြားအဖွဲ့များအတွက် စဉ်းစားစရာ ဖြစ်စေသည်။

“တကယ်လို့ ဒီအခြေအနေ(အကျပ်အတည်းဖြစ်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်) ကို ဒီလိုပဲ လွှတ်ထားရင် ဒါက ဘာမှတိုးတက်မှု မရှိဘူး” ဟု နိုင်ဟံသာက ဧရာဝတီသို့ ပြောသည်။

အပစ်ရပ်လက်မှတ်ထိုးထားသည့် EAOs များအနေဖြင့် စုစုစည်းစည်းဖြင့် ရှေ့ဆက်သွားရန် လိုသည်ဟု ၎င်းက ဆိုပြီး “ကျနော်တို့ ချည်းပဲ (တစ်ဆို့မှုတွေ ကျော်လွှားနိုင်ဖို့) ဆန္ဒရှိလိ့ု့ မရဘူး။ တဖက်ဆွေးနွေးဖက်တွေမှာ ဆန္ဒရှိဖို့ လိုပါတယ်။ ဒီနေရာမှာ အဓိက တစ်ဆို့နေတာက ဗမာ့တပ်မတော်ဘက်။ သူတို့ ပိတ်ထားတဲ့ လမ်းကြောင်းကို သူတို့က မဖွင့်ပေးဘူးဆိုင်ရာ လမ်းပွင့်စရာ အကြောင်းမရှိဘူး” ဟု သုံးသပ်ပြသည်။

NCA ကို အကောင်အထည်ဖော်ဆောင်ရာတွင် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်စေ၊ အပစ်ခတ်ရပ်စဲမှု ပူးတွဲစောင့်ကြည့်သည့်လုပ်ငန်းများတွင်ဖြစ်စေ NCA ပါ ပြဌာန်းချက်များအတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိဟု EAOs အဖွဲ့များက ပြောဆိုသည်။

NCA ပါ အခန်း ၇ ခန်း၏ အခန်းတိုင်းကို အကောင်အထည်ဖော်ရေးအတွက် စိန်ခေါ်မှုများရှိနေဆဲ ဖြစ်ပြီး ပြဋ္ဌာန်းချက်အချို့ကို အကောင်အထည်ဖော်နိုင်ရေး စတင်ခြင်း မရှိဟု KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောသည်။

ဥပမာအားဖြင့် NCA အခန်း ၃ ပြဋ္ဌာန်းချက်အရ NCA လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်က စတင်ကာ ၁၄ ရက်အတွင်း နှစ်ဘက်စလုံးမှ တပ်မှူးများ တွေ့ဆုံပြီး အပစ်ခတ်ရပ်စဲရေး ခိုင်မာအောင် မည်သို့ ရှေ့ဆက်ဆောင်ရွက်နိုင်ရေး တွေ့ဆုံညှိနှိုင်းရမည်ဟု ဆိုထားသော်လည်း လက်တွေ့တွင် တွေ့ဆုံနိုင်ခြင်း မရှိခဲ့သဖြင့် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေး တည်ဆောက်မှုနည်းလမ်းများ မဆွေးနွေးနိုင်ခဲ့ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ ထို့အပြင် အခန်း ၆ တွင် ပြဋ္ဌာန်းထားချက်များဖြစ်သည့် ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ကြားကာလအစီအစဉ်များကိုလည်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

အကျပ်အတည်းဖြစ်ပေါ်နေခြင်းမှာ တပ်မတော်ဘက်မှ မလိုက်လျောခြင်းကြောင့် ဖြစ်သည်ဟု အချို့က ယုံကြည်ကြသကဲ့သို့ EAOs များကိုယ်တိုင် လက်တွေ့ချဉ်းကပ်မှု လိုအပ်ချက်ရှိနေကြောင်း အချို့က သုံးသပ်သည်။

“အစိုးရက အခုလို(NCA ပါ အကြောင်းအရာတွေကို အကောင်အထည်ဖော်တဲ့အခါ တစ်ဆို့မှု) ဖြစ်နေတာကို မလုပ်သင့်ဘူး။ တဖက်မှာ ကျမတို့ဘက်ကလည်း ဆွေးနွေးမှု မဖြစ်အောင် ရပ်တန့်သွားတာမျိုး မဖြစ်သင့်ဘူး။ မဖြစ်ရဘူးပေါ့နော်” ဟု နောက်ထပ် NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့တဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တဦးဖြစ်သူ ဒေါ်စောမြရာဇာလင်းက ပြောသည်။

အစိုးရ၊ တပ်မတော်နှင့် EAOs တို့သည် NCA ကို သဘောတူထားသော်လည်း အဆင့်အားလုံး အကောင်အထည်နိုင်ခွင့် မရှိသေးသည်ကလည်း ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်စေသည့် အကြောင်းရင်းတချက်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က ၎င်း၏မိန့်ခွန်းတွင် မိမိတို့နှင့်ညီနောင် EAOs အဖွဲ့များအနေဖြင့် “သူ့မူကိုယ့်မူကို ခဏဘေးဖယ်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်” ငြိမ်းချမ်းရေး အောင်မြင်မှု ရရှိမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ဗိုလ်ချုပ်ကြီးယွက်စစ်က ထိုအကြံပြုချက်အား မြန်မာဘာသာစကားဖြင့် ပြောကြားသော ပထမဆုံး မိန့်ခွန်းတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၇ နှစ်တာကာလ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထို့သို့ မြန်မာစကားဖြင့် မိန့်ခွန်းပြောမှုမျိုး မကြားဖူးခဲ့ပေ။

၂၀၂၀ အလွန်

NCA တခုတည်းကိုသာ အကောင်အထည်ဖော်ခြင်းသည် တစ်ဆို့မှုကို ကျော်လွှားရန် မလုံလောက်ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။ သို့ဖြစ်၍ အစိုးရနှင့် သဘောတူညီမှုတရပ်ဖော်ဆောင်ရေး အာရုံစိုက်ရန် အဆိုပြုချက်တခုကို ၎င်းတို့ ကြံဆခဲ့ကြသည်။

၂၀၂၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ တဖက်က ၎င်းတို့ဆွေးနွေးဖက်၏အာရုံမှာ ရွေးကောက်ပွဲ ကိစ္စသာ ရောက်နေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒုတိယဦးစားပေးဖြစ်နေ၍ ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မည်သည့်အနေအထားဖြစ်သင့်သည်ကို ကြိုတင်ဆွေးနွေး သဘောတူရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောသည်။

KNU နှင့် RCSS တို့၏ ကနဦးအဆိုပြုချက်များတွင် နောက်ထပ်သဘောတူညီချက်တခု ထပ်ရရန်ဖြစ်ပြီး ယင်းသဘောတူညီချက်က မည်သည့်ပါတီ အာဏာရသည်ဖြစ်စေ ၂၀၂၀ အလွန်ကာလအထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်လက်သွားနိုင်ရေးအတွက် ရည်ရွယ်သည်ဟု ပဒိုစောတာဒိုမူးကလည်း ဆိုသည်။ EAOs များက ယင်းအဆိုပြုချက်ကို ဧပြီလ ၁၁ တွေ့ဆုံမှုအတွင်း အစိုးရကိုယ်စားလှယ်များ ထံသို့လည်း တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။

“NCA စာချူပ်က ရှင်းရှင်းပြောရရင်တော့ သူက Talk about Talk ပဲလေ၊ ရှေ့ဆက် စကားပြောနိုင်အောင် သဘောတူညီထားတဲ့ စာချူပ်တခုပဲ၊ နိုင်ငံရေးကဏ္ဍမှာလည်း ဆက်ပြီး ဆွေးနွေးကြမယ်၊ အပစ်အခတ်ရပ်စဲရေးမှာလည်း ဆက်ဆွေးနွေးကြမယ်ဆိုတဲ့ ဆက်ပြီးဆွေးနွေးနိုင်ရေးအတွက် သဘောတူတဲ့စာချူပ်ပဲဖြစ်တယ်။ ဒါပေမယ့် အဲ့ဒါကို ငြိမ်းချမ်းရေး ရပြီးလို့ ပုံဖော်လို့ မရဘူး။ အဲ့ဒါကြောင့် ဆက်ဆွေးနွေးဖို့အတွက် ကျနော်တို့ ထပ်ပြီးတော့ ဒီလိုဆွေးနွေးသင့်ပါတယ်ဆိုတဲ့ ပရိုပိုဇယ်ပေးတာပဲ ဖြစ်ပါတယ်။” ဟု KNU အထွေထွေအတွင်းရေးမှူးချုပ်က ဆိုသည်။

PPST ဆက်သွားဦးမှာလား

၎င်းအဆိုပြုချက်အတိုင်း ထိပ်သီးညီလာခံတွင် ပါဝင်ဆွေးနွေးသူများက “PPST ဆက်ထားရေး (သို့မဟုတ်) ယင်းကိုအဆုံးသတ်၍ ကိုယ်စားလှယ်အဖွဲ့သစ် ထပ်မံဖွဲ့စည်းရေး” အပေါ် ဆွေးနွေးဖလှယ်ခဲ့ကြသည်။

စေ့စပ်ညှိနှိုင်းရေးအဖွဲ့ ဆက်ရှိသည်ဖြစ်စေ၊ အမည်နာမ ပြောင်းသည်ဖြစ်စေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ အနေဖြင့် လုပ်ငန်းစဉ်ဆက်လက်သွားနိုင်ရေးအတွက်သာ အဖြေရှာရန် ကြိုးစားခြင်းဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ဧရာဝတီသို့ ပြောသည်။

သို့သော် PPST ဦးဆောင်မှုနေရာတွင် ရှိနေသည့် KNU က ယမန်နှစ် အောက်တိုဘာလက ပုံမှန်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပါဝင်ခြင်းအား ရပ်တန့်ပြီးကတည်းက ညှိနှိုင်းဆွေးနွေးမှု လုပ်ငန်းစဉ်အားလုံးမှာ အလွတ်သဘောချဉ်းကပ်မှုတခုဆီသို့ ပြန်လှည့်သွားခဲ့သည်။ အဖွဲ့အစည်း အသီးသီးသည်လည်း ပြီးခဲ့သည့် ၇ လကျော်ကာလအတွင်း အစိုးရဘက်မှ ငြိမ်းချမ်းရေး ညှိနှိုင်းသူများနှင့် သီးခြားစီ တွေ့ဆုံခဲ့သည်။ သို့သော် တစ်ဆို့မှုများကတော့ ရှိနေဆဲဖြစ်သည်။

ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက PPST ခေါင်းဆောင်သစ် အပြောင်းအလဲမှအပ PPST မှ အခြားတဖွဲ့ ဖွဲ့စည်းခြင်း (သို့မဟုတ်) PPST ၏ လုပ်ပိုင်ခွင့်များ လျော့ချခြင်းတို့ကို မိမိတို့အဖွဲ့က လက်မခံဟု ပြောဆိုခဲ့သည်။

“ppst ကို စုဖွဲ့ခဲ့တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်ထည်ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့က ဖက်ဒရယ် စနစ်ကို ဖော်ဆောင်တာ ဖြစ်တဲ့အတွက် ကျနော်တို့အတွင်းမှာလည်း ဖက်ဒရယ ်စနစ်ကို ကျင့်သုံးဖို့ လိုအပ်ပါတယ်။ ကျနော်တို့ကြားမှာ အပြန်လှန် တာဝန်ယူမှု တာဝန်ခံမှု အာမခံမှုက လိုတယ်။ အဲဒီအတွက် ဒီ PPST စုဖွဲ့မှုက မရှိမဖြစ် လိုအပ်တယ်။ PPCM (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး) ဆိုတာလည်း ဒါ အစည်းဝေးတွေကတော့ လိုအပ်မှာ ဖြစ်ပါတယ်။ သို့သော်လည်း ကျနော်တို့က ppst ဒီလိုစုဖွဲ့ထားတဲ့ အစုအဖွဲ့ကို ဖျက်သိမ်းပီး PPCM လို အစည်းဝေးပုံစံမျိုး သွားတာမျီုးတော့ ကျနော်တို့ကတော့ မနှစ်သက်ပါဘူးး။” ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

သတင်းရင်းမြစ်များ၏အဆိုအရ PPST ပြန်လည်စုဖွဲ့လိုခြင်းသည် KNU အနေဖြင့် စောမူတူးစေးဖိုးကို ကိုယ်စားလှယ်အဖြစ်မှ ဖယ်ရှားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အဖွဲ့အနေဖြင့် KNU ကိုယ်စားလှယ်အဖြစ် ပဒိုစောတာဒိုမူးကို ပြောင်းလဲတာဝန်ပေးခဲ့သည်။ ပဒိုစောတာဒိုမူးကို အခြား EAOs များက KNU ဥက္ကဋ္ဌထက် ထောက်ခံမှုနည်းကြသည်။

အဖွဲ့အစည်းအားလုံးတို့က လက်ခံသော စေ့စပ်ညှိနှိုင်းသူများသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးအတွက် အရေးပါသည့်ကဏ္ဍ၌ ရှိသည်ကို ငြိမ်းချမ်းရေး တည်ဆောက်မှု ကာလ ၈ နှစ်အတွင်း မြင်တွေ့နိုင်သည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကတည်းက EAOs ၇ ဖွဲ့တို့က ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သည့် KNU ၏ ခေါင်းဆောင်မှုကို လိုက်နာခဲ့ကြပြီး ၎င်း၏ဆုံးဖြတ်ချက်များနှင့် လမ်းညွှန်ချက်များကို တလေးတစား အရေးထားခဲ့ကြသည်။

ယခုညီလာခံတက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAOs)များ PPST ဆက်လက် ထား/ မထားကို စနေနေ့အထိ ဆက်လက်ဆွေးနွေးကြကာ အများမေ ျှာ်လင့်ထားသည့်အတိုင်း PPST ကို ဆက်လက်ထားရှိပြီး RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က တာဝန်ယူသွားမည်ဟု သိရသည်။

(ယခု ဖော်ပြသော ဆောင်းပါးသည် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ထိပ်သီးအစည်းအဝေးမပြီးခင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် Peace Process Is Foundering, KNU Chief Tells EAOs ဆောင်းပါးကို အခြေခံထားပြီး အချက်အလက်သစ် တချို့ ဖြည့်စွက်ထားသည်။)

You may also like these stories:

တိုက်ပွဲများကြောင့် ရခိုင်တွင် လမ်း၊ တံတား စီမံကိန်းတချို့ ရပ်နားထားရ

ဓားရှည်ကိုင်ပြီး ရမ်းကားသူ မန္တလေး ရဲ ပစ်ခတ်ဖမ်းဆီး

အပစ်ရပ် ၁၀ ဖွဲ့နှင့် အစိုးရ တွေ့ဆုံညှိနှိုင်းမည်

ပြဿနာများကို ဆွေးနွေးခြင်းဖြင့် အဖြေရှာမည်ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading