စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နှင့် ၇ မိုင်ခန့် ဝေးသော ထူးဟန်သစ် ကုမ္မဏီ၏ ကျောက်မီးသွေးတွင်း၌ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၅ ဦးနှင့် တရုတ်နိုင်ငံသား ပညာရှင်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ ပြင်ပလုပ်ကွက်တာဝန်ခံ ကိုကျော်စံဝင်းမှ အတည်ပြုသည်။
ကုမ္ပဏီ၏ လုပ်ကွက်တခုအတွင်းရှိ ကျောက်မီးသွေးတွင်းတခု၌ မေလ ၁၉ ရက်နေ့ညနေက ကျောက်မီးသွေး တူးဖော် နေစဉ် မြေအောက်မီသိန်းဓာတ်ငွေ့ ပေါက်ကွဲမှုကြောင့် တဖက်တွင်းထံသို့ ကူးစက်ပြီး လုပ်ကွက်အနီး လုပ်သမား ၆ ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော်စံဝင်း က “မီးလောင်ပေါက်ကွဲတာက တကယ်တော့ ၁၀ မိနစ်ဝန်းကျင်လောက်ပဲရှိတာ။ အဓိကက တွင်း တူးဖော်တဲ့ ဆီမှာသုံးတဲ့ ဓာတ်ငွေ့နဲ့ တူးနေရင်း ထွက်လာတဲ့ ဓာတ်ငွေ့တို့ ထိစပ်ပြီး မီးလောင်တာ။ တွင်းထဲကနေ ၅ မိနစ်လောက် အတွင်းကို တွင်းအပေါက်ဝဘက်ကို ထွက်သွားတာ။ အဲ့ဒီမှာ ကျနော်တို့က ကျောက်မီးသွေး တူးတဲ့ စံနှုန်းဖြစ်တဲ့ အတိုင်းလုပ်နေပေမယ့် အခန့်မသင့်တော့ ညနေပိုင်း ဂျူတီချိန်လဲချိန်လေး ဖြစ်သွာတာ။ ဒါတောင် တရုတ်ပညာရှင်က လုပ်ထုံးလုပ်နည်းကို ညွှန်ကြားလိုက်သေးတယ်။ အဲ့ဒါကြောင့် သက်သာတာ” ဟု သူကဆိုသည်။
ကုမ္ပဏီဘက်မှ ဆေးဝါးခနှင့်တကွ နေစရိတ်၊ စားစရိတ်များကို ကူညီထောက်ပံ့ပေးကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ အတွက်ကိုတော့ နောက်ပိုင်းတွင် ကုမ္ပဏီနှင့် ဆက်လက် စကားပြောဆိုရမည်ဖြစ်ကြောင်း အဆိုပါဖြစ်စဉ်တွင် မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်များတွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် ကလေးဝမြို့နယ်၊ စခန်းကြီးကျေးရွာမှ နေ့စားလုပ်သားဖြစ်သူ အသက် ၃၉ နှစ်အရွယ် ကိုစိုးအောင်က ပြောသည်။
၎င်းသည် လက်ရှိအချိန်တွင် ကလေးဝမြို့ဆေးရုံတွင် စိုးရိမ်စရာရှိသည့် လူနာအဖြစ် ဆေးကုသမှု ခံယူနေရပြီး အဆိုပါ ကျောက်မီးသွေးတွင်းကတော့ ဆက်လက် လည်ပတ်နေကြောင်းကို ကြားသိရသည်ဟု သူက ဆိုသည်။
အဆိုပါ ကလေးဝမြို့ရှိ ဆေးရုံတွင် ထိခိုက်ဒဏ်ရာ ရသူများကို ကူညီပေးနေသည့် ထူးဟန်သစ်ကုမ္ပဏီ၏ အပြင်ဆိုက် တာဝန်ခံဖြစ်သူ ကိုဇော်မင်းထိုက် က “အဓိက ဘေးက ကျောက်မီးသွေးတူးတဲ့ကျင်းက စဖြစ်တာ။ ဒီဘက်ကျင်းထိပါ မီးကူးတာ။ ကျနော်လည်း ဒီမှာက လုပ်လတာ ၆ လလောက်ပဲ ကြာသေးတော့ တချို့ဟာတွေ မပြောတတ်သေးဘူး။ ဒါပေမယ့် သူတို့နစ်နာတာတွေကို ကျနော်တို့ တာဝန်ယူပေးမှာပါ” ဟု သူက ဆိုသည်။
ထို့အပြင်လက်ရှိအချိန်တွင် အဆိုပါ ကျောက်မီးသွေး လုပ်ကွက်အတွင်း ကုမ္ပဏီ ၁၀ ခုမျှ လုပ်ကိုင်လျှက်ရှိပြီး တချို့လုပ်ကွက်များသည် ယခုနှစ်ကုန်တွင် လုပ်ကွက်သက်တမ်း ကုန်ဆုံးမည့် အနေအထားမျိုးရှိကြောင်း ကလေးဝမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းမြင့် က ပြောသည်။
ယခု အခင်းဖြစ်ပွားသည့် ထူးဟန်သစ်ကုမ္ပဏီသည် ၂၀၂၁ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် လုပ်ကွက်တခုဟု ကြားသိထားရပြီး လက်ရှိအချိန်တွင် ထွက်ရှိနေသည့် ကျောက်မီးသွေးများသည် မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရာတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အနည်းဆုံး အရည်အသွေးရှိသည့် ကျောက်မီးသွေးများကို ထုတ်လုပ်နိုင်သည့် အနေအထားမျိုး ရှိသည်ဟု သူက ဆက်ဆိုသည်။
မြန်မာနိုင်ငံတွင် ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်းများနှင့် ပက်သက်ပြီး သတ္တုတွင်းဥပဒေတွင် မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို အတိအလင်း ပြဌာန်းထားသလို ယခုဖြစ်စဉ်ကို လေ့လာကြည့်လျှင် သတ်မှတ်ထားသည့် အတိုင်း အတိအကျ လိုက်နာကျင့်သုံးမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ကျောက်မီးသွေးတွင်းများတွင် ထွက်လာမည့် ဓာတ်ငွေ့များကို မည်ကဲ့သို့ ပိုက်လိုင်းစွဲကာ တွင်းပြင်ပသို့ ထုတ်ရမည်ကို သတ်မှတ်ထားသော်လည်း ငွေကုန်ကြေးကျ များမည့်အတွက် ကုမ္ပဏီတချို့မှာ လိုက်နာခြင်းမရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စိုးသူရထွန်းက သုံးသပ်သည်။
ဒေါက်တာ စိုးသူရထွန်းက “ဒါက အများလွယ်လွယ် လုပ်လိုက်ကြတာ။ လုံခြုံရေးအပိုင်းကို အပြည့်အ၀ မလုပ်လို့ ဖြစ်တာ။ ဒီလိုပေါက်ကွဲမှုတွေကို ထိထိရောက်ရောက် အရေးယူပြမှ ကြောက်ကြမှာ အခုတော့ လူထိခိုက်တာတွေ လာပြီ။ အမှန်က ကျောက်မီးသွေးတွင်းတွေမှာ ဘယ်လိုလုပ်ရမယ်ဆိုတာ တိတိကျကျ ဥပဒေကလည်း ပြဌာန်းပြီးသား။ ညွှန်ကြားချက်တွေလည်း လုပ်ပြီးသားပါ” ဟု သူကဆိုသည်။
စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကလေးဝမြို့နယ်ရှိ ကျောက်မီးသွေး လုပ်ကွက်တခု အတွင် ၂၀၁၈ ခုနှစ် သြဂုတ်လပိုင်းကလည်း မီသိန်း ဓာတ်ငွေ့လိုင်း ပေါက်ကွဲ၍ အောက်ဆီဂျင် ပြတ်လပ်ကာ ပိတ်မိနေခဲ့မှု တခု ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် အလုပ်သမား ၅ ဦးကို သေဆုံးလျက် ပြန်လည် တွေ့ရှိရသည်။
ဆက်စပ်ဖတ်ရှူရန် – ကလေးဝ ကျောက်မီးသွေး လုပ်ကွင်းအတွင်း ပိတ်မိသူ ၅ ဦး သေဆုံး