ကယားပြည်နယ် အစိုးရက တရားစွဲဆိုထားမှုကြောင့်ဟု ဆိုကာ ကရင်နီလူငယ် ခေါင်းဆောင် ၆ ဦးအား လွိုင်ကော် မြို့နယ် ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးလျက် ရှိကြောင်း သိရသည်။
ကရင်နီလူငယ်များ၏ ပြီးခဲ့သည့် မတ်၂၅ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက် တခုကြောင့် ပြည်နယ် အစိုးရက တရားစွဲ ထား၍ ယင်းကဲ့သို့ လိုက်လံ ဖမ်းဆီးနေခြင်းဟု သိရသော်လည်း မည်သည့် ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို မသိရသေး ကြောင်း၊ တရားဝင် ဆင့်ခေါ်စာလည်း မရောက်သေးကြောင်း ကရင်နီလူငယ် ခေါင်းဆောင် တဦး ဖြစ်သူ ကိုဒီးဒီက ဧရာ ဝတီ ကို ပြောသည်။
၎င်းက“မတ် ၂၅ ရက်က ၆ ယောက် လက်မှတ်နဲ့ ကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲတာပါ။ အဲဒီတုန်းက တော့ အဲဒီစာနဲ့ ပတ်သက်ပြီးတော့မှ အစိုးရကနေ တရားဝင် ကန့်ကွက်တာတို့ ဘာတို့ လုပ်တာ မရှိဘူး။ အခုမှ ဆွေးနွေးပွဲ ပျက်သွားမှပဲ ပြန်စွဲတဲ့ သဘောပါ”ဟု ဆိုသည်။
လွန်ခဲ့သည့် ၂ ရက်လောက်မှ စတင်ကာ ကိုဒီးဒီ အပါအဝင် ၆ ဦး၏ နေအိမ်များသို့ ရဲဝန်ထမ်းများနှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူးများက လာရောက် ရှာဖွေခြင်း၊ စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်လျက် ရှိသည်ဟုလည်း ကိုဒီးဒီက ဆက်လက် ပြောသည်။
မတ် ၂၅ ရက် ထုတ်ပြန်ချက်ပါ လက်မှတ် ရေးထိုးထားသည့် ကရင်နီ လူငယ်များဖြစ်သော ခူးကြူးဖဲကေး၊ ခူးရီးဒူ၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ၆ ဦးကို လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။
ခွန်းသောမတ်စ်ကလည်း“ကျနော့်ဆီတော့ မရောက်သေးဘူး။ ကျန်တဲ့ ၃၊ ၄ ယောက်ဆီမှာတော့ လိုက်လံ မေးမြန်းတယ်လို့ ကြား ပါတယ်။ ကယား ပြည်နယ် အစိုးရက ကျနော်တို့ကို အမှုဖွင့်ထားတယ်လို့ ကြားရတယ်။ အဲဒီအတွက်ကြောင့် လိုက်လံ ဖမ်းဆီးတယ်လို့ နားလည်ထားတယ်”ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ လိုက်လံ ဖမ်းဆီးမှုသည် ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ လှုပ်ရှားမှု များ ကို ဆက်မလုပ်နိုင်စေရန် အာဏာသုံးကာ လိုက်လံ ခြောက်လှန့်နေသည့် ပုံစံမျိုးဖြစ်နေသော်လည်း လူငယ်များ အနေဖြင့် မည်သည့် အမှားအယွင်းမှ မရှိသဖြင့် ဥပဒေကြောင်း အရ ရင်ဆိုင်ရန် အသင့်ရှိနေသည်ဟု ဆိုသည်။
ကိုဒီးဒီက“အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့တွေ ကြေးရုပ်နဲ့ ပတ်သက်ပြီးတော့မှ လုပ်ဆောင်လာနိုင်တာတွေကို ဟန့်တားဖို့ရယ်။ ပါဝင်ချင်တဲ့သူတွေကို တနည်းအားဖြင့် ခြိမ်းခြောက်လိုက်တဲ့ သဘောရယ်လို့ မြင်ပါတယ်”ဟု မှတ်ချက် ပြုသည်။
အဆိုပါ လူငယ် ၆ ဦးကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေမှုအား သတင်း အတည်ပြုရန်နှင့် အသေးစိတ် မေးမြန်းနိုင်ရန် ဧရာဝတီက လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့ထံသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည် ဖြေဆိုခြင်း မရှိပါ။
ကရင်နီ လူငယ်များ၏ မတ် ၂၅ ရက် ထုတ်ပြန်ချက်တွင် ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ရေးနှင့် ပတ်သက်၍ ကရင်နီပြည် လူငယ်ထု၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၊ စာပေ ယဉ်ကျေးမှု ကော်မတီများ၊ လူထု အခြေပြု အသင်း အဖွဲ့များက အချိန်မီ တားမြစ် ကန့်ကွက်ခဲ့သော်လည်း ပြည်နယ် ဝန်ကြီးချုပ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီး တို့က အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေကြေး အင်အား အသုံးပြု၍ အတင်း အဓမ္မ တည်ဆောက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ပြင် အစိုးရ ပါဝင်ပတ်သက်မှု မရှိဟု ငြင်းဆိုသော်လည်း ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ ကျော် ကို အုတ်ခုံ အတွက် အသုံးပြုခြင်း၊ ကြေးရုပ် အတွက် သိန်း ၄၀၀ ပံ့ပိုးခြင်းကို လွှတ်တော်ကိုပင် အသိမပေးဘဲ မိမိသဘောဖြင့် သုံးစွဲခြင်းသည် အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုပင် ဖြစ်သည်ဟုလည်း ပါရှိသည်။
ထို့ကြောင့် ကယားပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုး၊ စီမံ/ဘဏ္ဍာဝန်ကြီး ဦးမော်မော်နှင့် ကြေးရုပ်ဖြစ် မြောက်ရေး ကော်မတီတို့အား ‘ရာဇဝတ်ကောင်များ၊ ကရင်နီ အမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသား သွေးစည်း ချစ် ကြည်ရေး၏ ရန်သူများ၊ ကျေးဇူးကန်း သူများ’ အဖြစ် သတ်မှတ် ကြေညာသည်ဟု ဖော်ပြထားသည်။
ပြည်နယ် အစိုးရက လွိုင်ကော်မြို့ကန္ဒာဟေဝန် ပန်းခြံတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု စိုက်ထူးခြင်းအပေါ် ကန့် ကွက် သော ကရင်နီလူငယ်များကို ဖမ်းဆီး တရားစွဲခြင်းများ၊ ဆန္ဒဖော်ထုတ်သူများကို အကြမ်းဖက် ဖြိုခွင်းမှုများ ပြုလုပ် ခဲ့ပြီးနောက် ကရင်နီ လူငယ်များ အင်အားစုနှင့် ပြည်နယ် အစိုးရတို့ကြား တရားဝင် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။
သို့သော် ပြီးခဲ့သည့် မေ ၁၄ ရက် တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် အယ်လ်ဖောင်းရှိုးက ဗိုလ်ချုပ် ရုပ်တုအား လုံးဝ မပြောင်းရွှေ့ ပေးနိုင်ကြောင်း ပြောကြားပြီးနောက် ပြည်နယ် အစိုးရနှင့် ကရင်နီလူငယ်များ အင်အားစု သပိတ် ကော်မတီတို့ကြား တွေ့ဆုံ ညှိနှိုင်းမှု လမ်းဆုံးသွားခဲ့ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန် – ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြည်သူအများစု ဆန္ဒကို ရှေးရှုဆောင်ရွက်ရန် KNPP တိုက်တွန်း