အစိုးရ အရာရှိကြီးများသည် အောက်ခြေမှ အဂတိ လိုက်စားမှုများ ကျူးလွန်သည့်အခါ ဖြစ်ရပ်မှန်ကို စုံစမ်း စစ်ဆေး ဖော်ထုတ်ရ မည့်အစား ကျုးလွန်သော အပြစ်များကို ဖုံးဖိ ပြုပြင်ပေးပြီး ပေါ့လျော့အောင် ပြုလုပ်ပေးနေ၍ အရေးယူနေရကြောင်း အဂတိ လိုက် စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြောသည်။
ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ နှစ်ပတ်လည် လုပ်ငန်း ဆောင် ရွက်မှု အစီရင်ခံစာနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က ပြန်လည် ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် က “အဂတိလိုက်စားမှုတွေ မကျဆင်းရခြင်း၏ အဓိက အကြောင်းရင်းကတော့ ရုံးတွင်းဌာနတွေမှာ အရိုးစွဲနေတဲ့ ဌာနတွင်း အဂတိ လိုက်စားမှု (Internal Cooruption) များကြောင့် ဖြစ်ရတယ်ဆိုတာ သိသာထင်ရှားပါတယ်”ဟု ပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံတွင် အစိုးရဌာနတွင်း အဂတိ လိုက်စားမှုကို တိုက်ဖျက်ရန် လက်ရှိ တာဝန် ထမ်းဆောင်နေကြသည့် ဦးစီး ဌာ န အကြီးအမှူး၊ လုပ်ငန်းဌာန အကြီးအမှူး ၂၀၀ ခန့်၏ အားထုတ်မှုအပေါ်တွင် မူတည်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် က လွှတ်တော်တွင် တရားဝင် ပြောသည်။
၎င်းပြောဆိုသည့် ဦးစီးဌာန၊ လုပ်ငန်းဌာန အကြီးအမှူးများ ဆိုသည်မှာ ဝန်ကြီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူး၊ အထွေထွေ မန်နေဂျာ၊ ဒုတိယ အထွေထွေ မန်နေဂျာ၊ ဌာနမှူး၊ ဌာနကြီးမှူးများကို ဆိုလိုခြင်း ဖြစ်သည်။
ယခုအခါ ကော်မရှင်က ဝန်ကြီးဌာနများတွင် ဌာနတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ (CPU) များ ဖွဲ့ စည်းပြီး လုပ်ထုံး လုပ်နည်းများ ရေးဆွဲကြရန်၊ အဂတိမှု အသေးစားများကို ဌာနတွင်းမှာပင် ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းနှင့် အရေးယူရန်၊ ကြီး မားသော ပြဿနာများကို ကော်မရှင်သို့ လွှဲပေးရန် အချက် ၃ ချက်ကို ညွှန်ကြားထားကြောင်း သိရသည်။
ကော်မရှင် ဥက္ကဌ ဦးအောင်ကြည် က “ဥပဒေအရ အစိုးရဌာနများတွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအတွက် ကော်မရှင်မှာ ဒီထက်ပိုပြီး လုပ်ပိုင်ခွင့် မရှိတော့ ပါဘူး” ဟု လွှတ်တော်တွင် ပြောသည်။
အစိုးရ ဌာနရှိ တာဝန်ရှိသူ ညွှန်ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး ၂၀၀ ခန့်သည် တိုင်းပြည်တွင် အသွင်ကူးပြောင်းနေသည့် ဒီမို ကရေစီကို ယုံကြည်ရန်လိုပြီး ၎င်းတို့ကိုယ်တိုင် လိုက်ပါ ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။
ဦးရဲထွဋ်က “ဝန်ထမ်း ယန္တရားထဲမှာက ပြောင်းဖို့ အများကြီး ကျန်သေးတယ်။ မလိုက်နိုင်ဘူး။ မလိုက်ချင်ဘူး။ တချို့ကလည်း လိုက်ဖို့ နောက် တွန့်နေတာတွေ ရှိတယ်။ အခုက နိုင်ငံရေး အပြောင်းအလဲတခုကို အသစ်ကနေ ပြန်စမယ်ဆိုပြီးတော့ အကုန်လုံး သဘောတူပြီ စိတ်တူကိုယ်တူ လုပ်ကြမယ်ဆိုရင်တော့ ဒီအဂတိဆိုတာ တဖြည်းဖြည်း လျော့လာမှာ”ဟု ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို ကော်မရှင် တဖွဲ့ ထဲ ဆောင်ရွက်ရန်မှာ မဖြစ်နိုင်သဖြင့် တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်သလို တ ချို့ ကိစ္စများကို အနောက်မှနေ၍ ပြန်ကျစ်ရန် လိုမည် ဖြစ်ကြောင်း၊ ယခုလို ဌာနများ၊ အောက်ခြေအဖွဲ့ အစည်းများကို ပြန်လွှဲချပြီး ပြီး ပြီ ဆိုရုံဖြင် မရကြောင်း၊ အဂတိ တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် နည်းလမ်းဆက်ရှာရမည် ဖြစ်ကြောင်း NLD ပါတီမှ အမျိုး သား လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းကလည်း ပြောသည်။
ဦးမျိုးဝင်း က “တိုင်စာတွေ အပေါ်မှာ ၄၆ မှုပဲ အရေးယူနိုင်တာကတော့ ၁ ရာခိုင်နှုန်း တောင် မပြည့်ဘူး။ ဒါတွေကို ထပ်တိုးချဲ့ ဖို့ လိုတယ်။ ကော်မရှင် ဥက္ကဋ္ဌ ပြောသွားတာ တရုတ်နိုင်ငံလို ဆောင်ရွက်လို့ မရဘူး ဆိုရင် ဒီမှာ ဆောင်ရွက်လို့ ရနိုင်မယ့် သင့်လျော်တဲ့ နည်းလမ်း တော့ ရှာရမယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ တွေကို အစိုးရ အနေနဲ့ ပံ့ပိုးပေးရမယ်။ အဖွဲ့ တွေကို ပြည်နယ်နဲ့ တိုင်း အဆင့် တိုင်းမှာ ထားနိုင်ရင်ကို မဆိုးဘူး” ဟု ပြောသည်။
၂၀၁၈ ခုနှစ်တွင် ကော်မရှင်သည် တိုင်ကြားစာ ၁၀၅၄၃ စောင် လက်ခံရရှိရာ ယင်းတို့အထဲမှ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသည့် တိုင်ကြားစောင် ၄၆ စောင် ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အရေးယူသင့်သည့် တိုင်ကြားစာ ၁၇၉၅ စောင်ကို အစိုးရဌာနများထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
အစိုးရဌာနများသို့ လွှဲပြောင်းပေးခဲ့သည့် တိုင်ကြားစာ ၁၇၉၅ စောင်တွင် အရေးယူခဲ့ကြောင်း ပြန်ကြားသည့် စာအရေအတွက်မှာ ၅ ၃၆ စောင် ရှိသဖြင့် ကျန်စာများကို အစိုးရ ဌာနများက “ဘာလုပ်လိုက်သလဲ” ဟု လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းထုတ်ခဲ့ ကြသည်။
ပြည်ထဲရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးခိုင်ထွန်းဦး က “ကျနော်တို့လည်း CPU အဖွဲ့တွေ ဖွဲ့ထားပါတယ်။ ဖွဲ့ ထားပြီးတော့ အဲ ဒီ CPU တွေက လိုအပ်တဲ့ဟာတွေကို စိစစ်ဆောင်ရွက်တာတွေ ရှိပါတယ်။ ဘယ်လို ဖြစ်မလဲဆိုတာတော့ ဆောင်ရွက်ဆဲ ဖြစ်တဲ့ အတွက် ပြောလို့ မရသေးဘူး။ ကျနော်တု့ိဆီမှာတော့ ဒုညွှန်ချုပ် အဆင့်တွေ ဦးဆောင်ပါတယ်။ ရဲဗိုလ်ချုပ်တွေ ပါပါတယ်။ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်း ဥပဒေအတိုင်းပဲ လုပ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနတွင်လည်း အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး အဖွဲ့များ (CPU) ကို ညွှန်ကြားရေးမှူးချုပ် တဦး ကို ဦးဆောင်ပြီး ဖွဲ့ စည်းပေးထားကြောင်း၊ ဝန်ကြီးဌာနတွင် ဌာန ၅ ခု ရှိပါက ဌာနတခုစီမှ ကိုယ်စားလှယ်တဦးစီ ပါဝင်ပြီး ဖွဲ့ စည်း ထား ကြောင်း၊ ကော်မရှင်က သင်တန်းများ ပို့ချပေးနေပြီး ကြိုတင်ကာကွယ်နိုင်အောင် ဆောင်ရွက်ပေးသည့် သဘော ဖြစ်ကြောင်း မြို့ ပြနှင့် အိမ်ရာ ဖွံ့ ဖြိုးရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။
ဦးမင်းထိန် က “ဌာနတွင်းမှာ ပညာပေးခြင်း လုပ်ငန်းလေးတွေ လုပ်နေတယ်။ စလုပ်နေပြီ။ လုပ်ငန်းစဉ်ကပေါ့။ တဦးချင်း ထိန်းသိမ်းလိုက်နာရမယ့် ကျင့်ဝတ်လေးတွေ၊ ဒါလေးတွေ လိုက်နာခြင်းအားဖြင့် ခုနကပြောတဲ့ ရည်ရွယ်ချက်ကို အထမြောက်တာပေါ့နော်” ဟု ဧရာ ဝတီသို့ ပြောသည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့် မည်သည့် ဝန်ကြီးဌာနလက်အောက်ရှိ CPU က အလုပ်လုပ်သလဲ ဆိုသည် ကို လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်ထောက်ပြနိုင်ရန် လာမည့်နှစ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌ၏ ပြောဆိုချက်အရ သိရသည်။
ဦးအောင်ကြည် က “လွှတ်တော်ကိုယ်စားလှယ်တဦး ဆွေးနွေးတဲ့အထဲမှာ CPU များဟာ မုန်လာခင်းစောင့်တဲ့ ယုန်တွေများ ဖြစ်လာလေမလားဆိုတဲ့ စိုး ရိမ်ချက်ကို သတိထားမိပါတယ်။ မှန်ပါတယ်။ CPU ဟာ ဌာနတွင်းက လူတွေပဲ ဖြစ်တဲ့အတွက် စိတ်မချရဘူး။ သူ့အထက်ကလူ အကျင့် ပျက်စေနိုင်တဲ့ အခြေအနေကို ဖန်တီးပေးထားရင် သူတို့လည်း ဆက်လက် အကျင့်ပျက်နေဦးမှာပါပဲ”ဟု ပြောသည်။
အစိုးရ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အစိုးရဌာနတွင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်ရာ တွင် အထက်ပါအတိုင်း အကြီးအကျယ် စိန်ခေါ်မှုများ ရင်ဆိုင်နေရသလို အခြား အဖွဲ့ အစည်းတခု ဖြစ်သည့် တပ်မတော်ကိုလည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ အဂတိ လိုက်စားမှု အခြေအနေများနှင့် ပတ်သက်၍ ကော်မရှင်တွင် စိစစ်ပိုင်ခွင့် မရှိပါ။
အဂတိလိုက်စားမှုများကို မျက်နှာမလိုက်ဘဲ ဖော်ထုတ်ပေးရန် တပ်မတော် တောင်းဆို
ထို့ပြင် ကော်မရှင်သည် ၂၀၁၇ ခုနှစ်အထိ နိုင်ငံရေးအရ ရာထူးရှိသူ တဦးတယောက်ကို အရေးယူနိုင်ခြင်း မရှိဘဲ ၂၀၁၈ ခုနှစ် ရောက်မှသာ တနသာၤရီတိုင်း ဝန်ကြီးချုပ်ကို အဂတိ လိုက်စားမှုဖြင့် အရေးယူနိုင်ခဲ့သဖြင့် ကော်မရှင်၏ အရေးယူမှုကို မေးခွန်းထုတ် မှုများ ရှိခဲ့သေးသည်။
အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ် က “၂၀၁၈ မှာ တခုပဲ ရှိတယ်။ ဒါတွေကလည်း ရာထူးက ထွက်သွားတဲ့လူတွေ ၃ နှစ်အတွင်းမှာ အများကြီး ရှိတယ်။ ဘာကြောင့်လဲလို့ ဘယ်သူမှ တိတိကျကျ မသိရဘူး။ ဘာကြောင့်ထွက်လဲ။ မလုပ်ချင်လို့ ထွက်တာလား။ အပြစ်တခုခုလုပ်လို့ ထွက်တာလား။ ပွင့် လင်း မြင်သာမှု ရှိဖို့ လိုတယ်”ဟု ထောက်ပြသည်။
ထို့ကြောင့် မေလ ၁၃ ရက်နေ့ကလည်း တပ်မတော်သား ကိုယ်စားလှယ်တဦးက ကော်မရှင် အနေဖြင့် လူမျိုးစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ အစွဲကင်းစွာဖြင့် မျက်နှာမလိုက်၊ အခွင့်အရေး မပေးဘဲ အဂတိလိုက်စားမှုများနှင့် ဆက်နွယ် ပတ်သက် သည့် ကိစ္စရပ်များအား တိတိကျကျ ဖော်ထုတ်အရေးယူပေးရန် ပြည်ထောင်စု လွှတ်တော်တွင် တောင်းဆိုခဲ့သည်။
သို့သော် ယနေ့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၏ လွှတ်တော်သို့ ပြန်လည် ရှင်းလင်းချက်တွင်မူ တပ်မတော်က မေးခွန်းထုတ် သည့် အဖြေမျိုးကို ထည့်သွင်း ဖြေကြားခဲ့ခြင်းမျိုး မရှိပေ။
ဆက်စပ်ဖတ်ရှူရန် – အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော
You may also like these stories:
ပုဒ်မ၂၆၁ ပြင်ဆင်ရေး NLD အစိုးရ လက်ထက် တပ်မတော် သဘောထား ပြောင်း
အဂတိမှုဖြင့် ကျေးလက်လမ်း ဦးစီးဌာန စာရေးမကို ထောင် ၄ နှစ် ချမှတ်
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ပြတ်ပြတ်သားသား ဆောင်ရွက်မည်ဟု ဆို