သတင်း

ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်း မာလာကျေးရွာနှင့် မျောက်တော်ကျေးရွာ အကြားတွင် မေလ ၁၉ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၄ တန်းကျောင်းသူ ၁ ဦး သေဆုံးပြီး  ၂ ဦးပြင်း ထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ယင်း ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့်  ၄ တန်းကျောင်းသူ မအသိန်းချေ ၁၀ နှစ်မှာ မျောက်တောင်ကျေးရွာသူ ဖြစ်ပြီး ဦးခေါင်း တွင် ကျည် ဆန်ထိမှန်သော ဒဏ်ရာဖြင့် ယမန့်နေ ညနေအတည်းက ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း ဒေသခံကျေးရွာသားများက ပြောသည်။

ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ အရေးပေါ်နာရေးကူညီမှုအသင်းမှ ကိုမောင်မဲစိန် က “အခုဖြစ်တဲ့ရွာနဲ့ ကျနော်တို့ရွာနဲ့ဆို ရွာနီးချင်းတွေပါ။  မနေ့ကဖြစ်စဉ်မှာ မျောက်တောင်ရွာက ၄ တန်းကျောင်းသူ ၁ ဦးသေဆုံးတာ ရှိပါတယ်။ စေတီတည်ထားတဲ့ တောင်ကုန်းကနေ မောင်နှမ နှစ်ယောက် ဆင်းလာတဲ့အခါ အပစ်ခံရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဦးခေါင်းတွင် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားသည့် မအသိန်းချေ၏ အလောင်းအား ယနေ့ နံနက်ပိုင်းက ကျောက် တော်မြို့နယ် အတွင်းရှိ လူမှုကူညီရေးအဖွဲ့အစည်းများက သက်ဆိုင် ရာဌာန ဆိုင်ရာများထံ သတင်းပို့ပြီး  ရင်ခွဲ ဆေးစစ်ချက်များ ယူရန် ကျောက်တော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ထားခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်းက  ကစ္ဆပနဒီမြစ် အထက်ပိုင်း မာလာ ကျေးရွာ အနီးဝန်းကျင်တွင် ရက္ခိုင်စစ်တပ် (AA) နှင့် တပ်မတော်တို့ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားမှု ရှိခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသွားသည့် မအသိန်းချေမှာ အစ်ကိုဖြစ်သူ နှင့်အတူ မျောက်တောင်ကျေးရွာနှင့် မာလာကျေးရွာ အကြားတွင် ရှိသော စေတီကုန်း၌ သီတင်းသုံးနေသော ဆရာတော်အား လှူဖွယ်ပစ္စည်းများ ပေး၍ တောင်ကုန်းပေါ်မှ ဆင်းလာစဉ် ပစ်ခတ်ခံရခြင်း ဖြစ်သည်ဟုလည်း ဒေသခံကျေးရွာသားများက ပြောသည်။

ရွှေပြည်ကျေးရွာ အရေးပေါ်နာရေးကူညီမှုအသင်းမှ ကိုမောင်မဲစိန်က “ဒီနေ့ အလောင်းကလေးမ လေးအလောင်းကို သွားယူတဲ့အခါ  ကျနော်တွေ့ခဲ့တာက လမ်းဘေးမှာ  ဗုံးကွဲတဲ့ ပုံစံမျိုး တခုတွေ့ခဲ့တယ်။ မနေ့က ကျနော်တို့ ကြားတာကလည်း  နှစ်ဘက် တိုက်ပွဲဖြစ်ကြတဲ့ ပစ်ခတ်သံတွေတော့ မကြားရဘူး။ ကလေးမလေး အကို ပြောပြတာ ကလည်း သူတို့ တောင်ကုန်းပေါ်ကဆင်းလာတဲ့အခါ ရန်သူတွေဆိုပြီး စစ်တပ်က လှမ်းပစ်လို့  ကျတာလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။

နေအိမ်အတွင်းသို့ လက်နက်ကြီး အစလာမှန်၍ ထိခိုက်ဒဏ်ရာ ရရှိသွားသူ မာလာကျေးရွာနေ ဦးအောင်နီ ၇၅ နှစ် နှင့် အသက် ၃ နှစ်အရွယ် မောင်ခိုင် လင်း ဌေး တို့ ၂ ဦး မှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိ ခဲ့သည့်အတွက် လက်ရှိအချိန်တွင် အတွင်း လူနာ အဖြစ် ကု သမှု ခံယူနေရသည်။

ကျောက်တော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က “မာလာရွာက ဒဏ်ရာ ရတဲ့ ကလေးငယ်ကိုတော့  မနေ့က ညနေကတည်းက ကျနော်တို့ သက်ဆိုင်ရာကို သတင်း ပို့ပြီး ရေကြောင်းကနေ ကျောက်တော်ဆေးရုံသို့  ယူ ဆောင်နိုင်ခဲ့တယ်။ တိုက်ပွဲဖြစ်တာလား။ ပစ်ခတ်တာလားဆိုတာကတော့ ကျနော်တို့ သေချာမသိဘူး။ ရှေ့မှာလည်း ဖြစ်စဉ်တွေ အများကြီး ရှိနေပြီး ဆိုတော့ ကာယကံရှင် မျက်မြင် ရွာသားတွေ ပြောတာက အမှန်ဆုံး ဖြစ်ပါ လိမ့်မယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် ဒဏ်ရာ ပြင်းထန်သော အသက် ၃ နှစ်အရွယ် မောင်ခိုင်လင်းဌေးကို  ဒဏ်ရာ ပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံမှနေ စစ်တွေဆေးရုံသို့ ပြောင်း ရွေ့ ကုသနေရပြီး အသက် ၇၅ နှစ်အရွယ် ဦးအောင်နီကိုမူ ကျောက် တော်ပြည် သူ့ဆေးရုံတွင် အတွင်းလူနာ အဖြစ်ကုသမှုခံ ယူနေရကြောင်းလည်း သိရ သည်။

ဖြစ်စဉ်အား သိရှိနိုင်ရန်အတွက် စစ်တွေဆေးရုံသို့ ရောက်ရှိနေသော မောင်ခိုင်လင်းဌေး ၏ မိခင်ဖြစ်သူ ဒေါ်မအောင်ထွီးအား သွားရောက်တွေ့ဆုံးခဲ့ရာတွင်  ပစ်ခတ်သံ ကြား၍ နေအိမ်အောက်တွင် ပုန်းနေစဉ် လက်နက်ကြီး အစ လာမှန်ခြင်း ဖြစ်ကြောင်း ပြောပြသည်။

ဒေါ်မအောင်ထွီး က “မနေ့က ညနေ  ၆ နာရီ ကျော်လောက်မှာ ပလက်ဝ ဘက်ကနေ စစ်တပ်ကား ၁၀ လောက် ရွာနားကနေ ဖြတ်သွားတာ မြင်ရပါတယ်။ ဖြတ်သွားတာ ခဏနေတော့  သေနတ်ပစ်သံအများကြီး ကြားတယ်။ ကျမတို့ အိမ်အောက်မှာ ဝပ်နေတော့ လက်နက်ကြီး အစတွေ မိုးသီးကျသလို လာကျတာပါ။ ကလေး ကိုလည်း မှန်တယ်။ ကျမ ဆီမှာလည်း လာမှန်တာ ရှိပါတယ်” ဟု ကြုံတွေ့ခဲ့ရပုံကို ပြန်ရှင်းပြသည်။

နောက်ကျောတွင် လက်နက်ကြီး အစလာမှန်၍ ကုသနေရသော မောင်ခိုင်လင်းဌေး၏ မိခင် ဒေါ်မအောင်ထွီးမှာလည်း ဘယ်ဘက်ပေါင်တွင် လက်နက်ကြီး အစ ထိမှန်ထားသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ “မနေ့က ကျနော်တို့ဆီက အောက်ကို ပြန်ဆင်းလာတဲ့ ယာဉ်တန်း တခုကို AA ကနေပြီး တော့ မာလာရွာ ဝန်းကျင်ကနေ  ပစ်ခတ်တာ ရှိတယ်။  ဖြတ်တိုက် တာ မဟုတ်ဘူး။  ကျနော်တို့ ယာဉ်တန်းလာတာကို သိတဲ့အတွက် စောင့်ပြီး ချတာ။  အဲဒီမှာ အပြန်အလှန် ပစ်ခတ်မှုဖြစ်တာတော့ ရှိတယ်။ ဒါပေမဲ့ ရွာသား ထိခိုက်ဒဏ်ရာ ရရှိမှု ရှိ၊ မရှိဆိုတာတော့ ကျနော် မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ထိုပစ်ခတ်မှုအတွင်း  တပ်မတော်ဘက် ထိခိုက်မှု တစုံတရာ မရှိဟုဆိုသည်။ ထို့အတူ AA ဘက်မှ  ထိခိုက်ကျဆုံးမှု အခြေနေကို မသိရှိကြောင်း  ဗိုလ်မှူးကြီး ဝင်းဇော် ဦးက သည်။

AA သတင်းပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုကမူ ယမန်နေ့ က ကျောက် တော်မြို့နယ် အတွင်းက ၎င်းကျေးရွာ အနီးတွင် ၎င်းတို့ နှင့် တိုက် ပွဲဖြစ်ပွားမှု မရှိကြောင်း၊ တပ်မတော်က ကျေးရွာသားများကို အကြောက်တရား ကြီးစိုးအောင် တမင် လုပ်ဆောင်ပြီး ပစ်ခတ်ခြင်းများသာ ဖြစ်သည်ဟု ဆိုသည်။

You may also like these stories:

အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ်

PPST ကို အဆင့်နိမ့် ဖွဲ့စည်းပါက အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည်ဟု PNLO ပြော

AA ဖမ်းဆီးသွားသည့် ခူမီးချင်းလူမျိုး ၅၂ ကို ပြန်လွှတ်ပေးရန် တောင်းဆို

ဘိန်းအစားထိုး စီမံကိန်း ဆောင်ရွက်ရန်အဆို လွှတ်တော်အတည်ပြု

Loading