သတင်း

ဦးသန်းရွှေသား၏ ဟိုတယ် စီမံကိန်းနေရာ ပယ်ဖျက်ရန် အစိုးရ အဖွဲ့ထံသို့ တင်ပြထား

Want create site? Find Free WordPress Themes and plugins.

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၏ သားဖြစ်သူ ဦးထွန်းနိုင်ရွှေ ပိုင်ဆိုင်သည့် Myanmar Naing Group ကုမ္ပဏီက အင်းလေးကန် မြေဧက ၉၀ ပေါ်တွင် ဟိုတယ်တခု ဆောက်လုပ်ရန် စီစဉ်ဆောင်ရွက်မှုကို ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ယင်းစီမံကိန်းကို ပယ်ဖျက်ရန် အစိုးရ အဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန် ဒေသအတွင်းရှိ မိုင်းသောက် ကျေးရွာ အုပ်စု၊ သကြားစက်ကွင်း အတွင်း မြေဧရိယာ ၉၀ ပေါ်တွင် အထက်ပါ ကုမ္ပဏီက ဟိုတယ် တည်ဆောက်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလက မြေအသုံး ချခွင့် စတင် လျှောက်ထားစဉ် ဒေသခံများ၏ လက်မှတ်ရေးထိုး၍ ကန့်ကွက်မှုကို ခံခဲ့ရသဖြင့် ယာယီ ရပ်နားထားရသည်။

သစ်တော ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် က “အဲဒီအချိန်မှာ ဒေသအာဏာပိုင်ရယ်၊ လွှတ်တော် ကိုယ်စားလှယ်တွေရယ် စိစစ်ပြီး ဒါကို ကြိုးဝိုင်းပြန်ဖွဲ့ဖို့ သင့်တယ် ဆိုပြီးတော့ အစိုးရ အဖွဲ့ကို တင်ထားပါတယ်။ အစိုးရ အဖွဲ့ က ခွင့်ပြုရင်တော့ ကြိုးဝိုင်းပြန်ဖွဲ့ ဖို့အတွက် ဆောင်ရွက်ဆဲ ဖြစ်ကြောင်း ဖြေကြားလို ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အင်းလေးကန်ကို ၁၉၈၅ ခုနှစ်ကတည်းက အင်းလေးကန် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟု ဖွဲ့ စည်းခဲ့သလို ဟိုတယ် စီမံကိန်း နေရာမှာလည်း သဘာဝ သစ်တောကြိုးဝိုင်း ဖြစ်သော်လည်း ၂၀၁၁ ခုနှစ်တွင် အကြောင်း ကြောင်းကြောင့် လုပ်ငန်းရှင် တဦးလက်သို့ ပါသွားခဲ့ရကြောင်းသိရသည်။

ဒေါက်တာ ညီညီကျော် က “အဲဒီလုပ်ငန်းရှင်ကလည်း အဲဒီအချိန်တုန်းက ဘာမှမလုပ်ဘဲနဲ့ ပြီးခဲ့တဲ့နှစ်ကမှ ဟိုတယ်ဆောက်ဖို့ စတင် ဆောင်ရွက်တယ်လို့ သိရ ပါတယ်။ အဲဒီအတွက် မြေရှင်းတဲ့အခါမှာ ဒေသခံတွေက ကန့်ကွက်ပါတယ်။ ဒီမြေကို သူတို့ အနေနဲ့ ရှင်း ခွင့်မပြုဘူး။ ဒီမြေဟာ ဘေးမဲ့တောထဲမှာပါပြီး သူတို့အတွက်လည်း အသုံးချနေတာ ဖြစ်တဲ့အတွက် သူတို့ ကန့်ကွက်ပါတယ်” ဟု ရှင်းပြသည်။

ထို့ကြောင့် ရှမ်းပြည်နယ် အစိုးရက ယင်းကိစ္စကို စိစစ်ရန် ဌာနဆိုင်ရာများ၊ လွှတ်တောကိုယ်စားလှယ်များ ပါဝင်သည့် ကော်မတီ တခုကို ၂၀၁၈ ခုနှစ်ထဲတွင် ဖွဲ့ စည်းပေးခဲ့ပြီး ယင်းကော်မတီကလည်း ဟိုတယ် စီမံကိန်းကို ပယ်ဖျက်၍ သဘာဝ ကြိုးဝိုင်းတော ပြန်လည် ပြုလုပ်ရန် ထောက်ခံချက်ပေးသဖြင့် ယခုအခါ ယင်းထောက်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း သိရသည်။

သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က “အစိုးရ အဖွဲ့ဆီကို တင်ပြထားဆဲ ဖြစ်ပါတယ်။ အကြောင်းပြန်ကြား လာရင်တော့ သစ်တောကြိုးဝိုင်း ပြန်လည် စုဖွဲ့ဖို့ ဖြစ်စေ ဒါကတော့ အစိုးရ အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပြန်လည် ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၁ ခုနှစ်တွင် ယင်းမြေဧက ၉၀ ပေါ်၌ နိုင်ငံတကာ အဆင့်မီ ဟိုတယ်တခု တည်ဆောက်ရန်ဟုဆိုကာ သဘာဝ သစ်တောမြေမှ ပယ်ဖျက်ပြီး ခွင့်ပြုချက် ပေးထားသော်လည်း ၂၀၁၆ ခုနှစ် အထိ မြေဂရမ် လာရောက် လျှောက်ထားခြင်း မရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ်တွင်မူ ဟိုတယ် ဆောက်လုပ်ခွင့်ပြုရန် သက်ဆိုင်ရာ ကုမ္ပဏီက ပြန်လည် တင်ပြလာခဲ့သည်ဟု သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ဧရာဝတီသို့ ပြောဆိုဖူးသည်။

ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ အာဏာရှိနေဆဲ အချိန်တွင် ၎င်း၏ သားဖြစ်သူမှာ သဘာဝတောရိုင်းနယ်မြေကို ဖျက်သိမ်းပြီး ဟိုတယ် စီမံကိန်း လုပ်ပိုင်ခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။

အစိုးရ ဝန်ကြီးဌာန တခုဖြစ်သည့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမျိုးသား လွှတ်တော်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီသို့ ပြန်ကြားသည့်စာတွင် ဒေသခံများ၏ ထောက်ခံချက်ဖြင့် “ဘေးမဲ့တော” ပြုလုပ်ရန် သင့်လျော်ကြောင်း ထောက်ခံပေးခဲ့သည်။

အဆိုပါ ထောက်ခံပေးခဲ့သည့်စာတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်း ကိုယ်တိုင် လက်မှတ်ရေးထိုးထားပြီး ရှမ်းပြည်နယ် အစိုးရနှင့် အမျိုးသား လွှတ်တော် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မ တီတို့ကလည်း ထောက်ခံပေးရန် လိုကြောင်း ဖော်ပြထားသည်။

ယခုအခါ ပြည်နယ် အစိုးရနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတို့ကလည်း “သဘာဝ ဘေးမဲ့ တော” ဖြစ်သင့်ကြောင်း ထောက်ခံလာသဖြင့် ပြည်ထောင်စု အစိုးရ အဖွဲ့ (သို့မဟုတ်) သမ္မတရုံး အဆုံးအဖြတ်သာ ကျန်ရှိတော့ သည်။

ယခုအခါ အင်းလေးကန်နှင့် ပတ်ဝန်းကျင်တွင် ဟိုတယ် ၁၄ လုံးအထိ ရှိနေပြီး ယခင် ခေတ်အဆက်ဆက်က ကန့်ကွက် ခွင့် မရခဲ့၍ မပြောနိုင်ခဲ့ကြောင်း၊ ယခုအခါ ယင်းနေရာများမှာလည်း မြေသိမ်း ဆိုင်ရာ ကိစ္စများနှင့် အချင်း များ နေဆဲ ဖြစ်ကြောင်း၊ ဟိုတယ်ဇုန် အတွက်လည်း ဧက ၆၀၀ ကျော် ရှိပြီ ဖြစ်ကြောင်း ဒေသခံများထံက စုံစမ်း သိရှိရသည်။

ကုမ္ပဏီသည် ၎င်း၏ ဟိုတယ် စီမံကိန်းကို ဒေသခံ ၄၀၀၀ ကျော်၏ ကန့်ကွက်မှုကို ကြုံရချိန်တွင် ဟိုတယ် စီမံကိန်းကို ထောက်ခံ ကြောင်း လူဦးရေ ၁ သောင်းခွဲ၏ လက်မှတ် ပြန်လည်ရရှိရန် ကြိုးစားခဲ့သေးသည်။ ဒေသခံများကို စည်းရုံးပြီး အင်လေးဒေသ ညောင်ရွှေမြို့နယ်ရှိ ကျေးရွာ အုပ်စု ၁၂ အုပ်စုမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ လက်မှတ်နှင့် ထောက်ခံကြောင်း စာရင်း သက် ဆိုင်ရာသို့ တင်ပြခဲ့သေးသည်။

သို့သော် ထောက်ခံသူများသည် အင်းလေးကန် ပျက်စီးယိုယွင်းမှု ထိခိုက်မှု မရှိပါက စီမံကိန်းကို ထောက်ခံကြောင်း လက်မှတ် ရေးထိုးပေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆက်စပ်ဖတ်ရှူရန်ဦးသန်းရွှေသား ဟိုတယ်စီမံကိန်း ဒေသခံ အများစု ထောက်ခံဟု သမ္မတရုံး ပြော 

Did you find apk for android? You can find new Free Android Games and apps.
Loading