အမေရိကန်သည် ဟွာဝေး၏ စွမ်းပကားကို လျှော့တွက်ထားကြောင်း ကုမ္ပဏီကို တည်ထောင်သူ ရင်ကျင့်ဖေက ပြောကြား လိုက်ပြီး၊ ၎င်းကုမ္ပဏီ၏ ကမ္ဘာ့အတိုင်းအတာ ရည်မှန်းချက်ကို အမေရိကန်မှ ပိတ်ဆို့တားဆီးရန် ကြိုးပမ်းမှု အပေါ်လည်း ၎င်းက ရှုတ်ချလိုက်သည်။
ဟွာဝေး စီးပွားပျက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် သမ္မတဒေါ်နယ်ထရမ့်က အမိန့်ထုတ်ခြင်းဖြစ်ကြောင်း၊ နောင်လာမည် မျိုးဆက် 5G နည်းပညာတွင် မိမိတို့ကုမ္ပဏီက ထိပ်တန်းဦးဆောင်မှုကဏ္ဍသို့ ရောက်လာမည့်အရေးကို လနှင့်ချီ၍ အမေရိကန်က တားဆီးရန် ကြိုးပမ်းခဲ့ရာ ယခုလုပ်ရပ်က နောက်ဆုံး ထိုးနှက်ချက်ဖြစ်ကြောင်း ရင်ကျင့်ဖေက တရုတ်အစိုးရ မီဒီယာမှ တဆင့် ပြောကြားခြင်းဖြစ်သည်။
“ကျနော်တို့ရဲ့စွမ်းပကားကို အမေရိကန်နိုင်ငံရေးသမားတွေက အခုလက်တွေ့ လျှော့တွက်လိုက်တာပါပဲ၊ ဟွာဝေးရဲ့ 5G ကို လုံးဝထိခိုက်သွားမှာမဟုတ်ပါဘူး။ 5G နည်းပညာသုံးစွဲမှုအနေနဲ့ ၂ နှစ်၊ ၃ နှစ်အတွင်းမှာ တခြားသူတွေ လိုက်မီဦးမှာ မဟုတ်ပါဘူး” ဟု ရင်ကျင့်ဖေက CCTV ရုပ်သံမှတဆင့် ပြောကြားခဲ့သည်။
ယခင်သီတင်းပတ်က ထရမ့်သည် အရေးပေါ်ကြေညာချက်အဖြစ် ဟွာဝေးအပါအဝင် တရုတ်ကုမ္ပဏီတချို့ကို အမျိုးသား လုံခြုံရေး အတွက် လက်မခံနိုင်သော အန္တရာယ်ရှိသည့် စာရင်းတွင် ထည့်သွင်းလိုက်ရာ ထိုအရွေ့မှာ ဟွာဝေးကို အတိ အလင်း ရည်ရွယ်ခြင်းဟု သုံးသပ်သူများ ဆိုသည်။
တချိန်တည်းမှာပင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက အမေရိကန်ကုမ္ပဏီများအနေဖြင့် ဟွာဝေးသို့ နည်း ပညာရောင်းချခြင်း၊ လွှဲပြောင်းခြင်းမှ ထိရောက်စွာတားမြစ်သည့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။
ထို့အတွက် အမေရိကန်ကုမ္ပဏီ ဂူဂဲလ်ကလည်း ယခုသီတင်းပတ်မှ စ၍ ၎င်း၏ စီးပွားဖြစ် ဝန်ဆောင်မှုများဖြစ်သည့် Gmail နှင့် မြေပုံအပါအဝင် apps များကို ဟွာဝေးဖုန်းဖြင့် သုံးမရအောင် ဖြတ်တောက်ပြီဖြစ်သဖြင့် အဆိုပါအရွေ့ကြောင့် ဟွာဝေး စမတ်ဖုန်းသုံးစွဲသူများအကြား သိသိသာသာ ဂယက်ရိုက်ခဲ့ကြောင်း ယင်းဖြစ်စဉ်နှင့်နီးစပ်သော သတင်းရင်းမြစ်တခုက AFP သို့ ပြောသည်။
ကမ္ဘာပေါ်တွင် လူသုံးအများဆုံး Android မိုဘိုင်းဖုန်းလည်ပတ်မှုစနစ်ပိုင်ရှင် အမေရိကန်အင်တာနက်ဘီလူးကြီး ဂူဂဲလ်ကလည်း အမေရိကန်ပိတ်ပင်မှုအရ ဟွာဝေးနှင့်ပတ်သက်၍ ယခုသီတင်းပတ်မှစ၍ အွန်လိုင်းကွန်ရက်ပေါ်မှ ပံ့ပိုးမှုများ စတင်ဖြတ်တောက်ခဲ့သည်။
သို့သော် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဌာနက တနင်္လာနေ့တွင် နည်းပညာ အကူးအပြောင်း ပြုလုပ်နိုင်ရန်အတွက် တားမြစ်မိန့်ကို ရက် ၉၀ ဆိုင်းငံ့ကာလ သတ်မှတ်ပေးထားသည်။
“အမေရိကန် ရက် ၉၀ ယာယီခွင့်ပြုတယ် ဆိုတာက ကျနော်တို့အတွက် ကြီးကြီးမားမား ထိခိုက်မှုမရှိပါဘူး။ ကျနော်တို့က အသင့်ပါပဲ”ဟု ရင်ကျင့်ဖေ က ပြောသည်။
ဟွာဝေးပစ္စည်းများတွင်သုံးထားသည့် ချစ်ပ်(chips) ထက်ဝက်ခန့်မှာ အမေရိကန်မှ လာခြင်းဖြစ်ပြီး ကျန်တဝက်မှာ တရုတ် ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အမေရိကန် ချစ်ပ်(chips)တွေလိုမျိုး အလားတူ chip တွေ ကျနော်တို့လည်း ထုတ်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ကျနော်တို့မဝယ်ဘူးဆိုတဲ့သဘောတော့ မဟုတ်ပါဘူး”သူက ထပ်လောင်းပြောကြားသည်။
You May Also Like These Stories:
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
Huawei ကို Android နှင့် Google အသုံးပြုခွင့် ပိတ်သိမ်း
အမေရိကန်က Huawei ပိတ်ပင်ထားမှုကို ခေတ္တ ဖြေလျော့ပေး
Huawei ဖုန်းများ Google Apps ရပ်ဆိုင်းမှု ဈေးကွက် ထိခိုက်နိုင်ဟု ဆို
5G ကွန်ရက် အတွက် Huawei ပံ့ပိုးမှု လက်မခံရန် EU ကို အမေရိကန်သတိပေး
Huawei နဲ့ ZTE ပစ္စည်းတွေ ဝယ်ယူမှု ဂျပန် ရပ်ဆိုင်းမည်