ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် အရေးကြီး အဆိုတခုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်က အပြင်းအထန် ကန့်ကွက်နေစဉ် တိုက်ရိုက် ထုတ်လွှင့် ပြသလျက် ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားလိုင်းတွင် အချိန်ပိုင်း ပြတ်တောက်ခဲ့မှုအတွက် ဌာနတွင်း စုံစမ်း စစ်ဆေးမှုများကို ပြန်ကြားရေး ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည်။
လွှတ်တော်မှ မြန်မာအသံနှင့် ရုပ်မြင်သံကြား (တပ်ကုန်း) ရုံးချုပ်သို့ ဖိုက်ဘာ ဆက်ကြောင်းမှ တဆင့် ပေးပို့ထုတ်လွှင့်ရာ ယင်းအချိန်တွင် ဖိုက်ဘာလိုင်းကျ၍ အစီအစဉ် ပြတ်တောက်ခဲ့ရပြီး ဂြိုလ်တု ဆက်ကြောင်းဖြင့် ပြောင်းလဲ ထုတ်လွှင့်ခဲ့ရကြောင်း ပြန်ကြားရေးဝန်ကြီး ဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်လက် စုံစမ်းစစ်ဆေးသည့်အခါ မဟုတ်မှန်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။
ပြန်ကြားရေး ဝန်ကြီး ဒေါက်တာ ဖေမြင့် က “ဘာကြောင့် မမှန်မကန်သတင်း ဖြစ်ရတာလဲ ဆိုပြီးတော့ သက်ဆိုင်တဲ့သူတွေကို အရေးယူတာ ဖြစ်ပါတယ်။ အဲဒါကို တစိတ်တပိုင်း ပြီးနေပါပြီ” ဟု ပြောသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ပြည်သူ့အတွက် တတိယ ၁ နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနကို ဧရာဝတီက အထက်ပါကိစ္စအား မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုကို MRTV မှ တာဝန်ရှိသူတချို့က လိမ်လည် ထုတ်ပြန်ခဲ့သည် ဆိုသော်လည်း မည်သည့် ကိစ္စကြောင့် လိမ်လည်ခဲ့သည့် ဆိုသည့်အချက်မှာ မရှင်းလင်းသေးပေ။ သို့သော် အဓိက တာဝန်ရှိသည့် မြန်မာ့အသံနှင့် ရုပ်မြင် သံကြားဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကို ဌာနပြောင်းရွှေ့ မှုဖြင့် အရေးယူခဲ့ရသည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမျိုးမြင့်မောင်က ပြောသည်။
ဦးမျိုးမြင့်မောင် က “သူ့ (ဦးမြင့်ထွေး) ကို ဌာနပြောင်း အရေးယူထားတယ်ဆိုတာ ဟုတ်ပါတယ်။ MRTV ကို ကျနော်က ယာယီ တာဝန်ယူပေးနေပါ တယ်။ လောလောဆယ်ကတော့ Ongoing Case မိုလို့ ဒီလောက်ပဲ ပြောနိုင်ပါတယ်”ဟု ပြောသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် တာဝန်ယူထားသူ ဦးမြင့်ထွေးကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) သို့ ယာယီ တွဲဖက် ပြောင်းပေးထားသည်မှာ မှန်ကန်ကြောင်း သမ္မတရုံး အရာရှိတဦးက အတည်ပြုသည်။
ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်က ယင်းကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်စရာ ကိစ္စရပ်များ ကျန်ရှိနေသောကြောင်း လော လောဆယ်တွင် အသေးစိတ် ထုတ်ဖော်ပြောဆိုလိုခြင်း မရှိကြောင်း၊ အရေးယူမှုများ ပီပီသသ ဆောင်ရွက်ပြီးသည့်အခါတွင် ထုတ် ပြန်ပေးမည် ဖြစ်ကြောင်း ပြောသည်။
ဒေါက်တာ ဖေမြင့် က “ဒီနေရာမှာ ပြောလို့ရတာကတော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့ နေရာက အရာရှိတချို့လည်း ပါဝင်တာဖြစ်တဲ့ အတွက်ကြောင့် ဒီလို ပုဂ္ဂိုလ်တွေကို အရေးယူဆောင်ရွက်ရလို့ရှိရင် ဖုံးထားလို့ မရပါဘူး။ အသိပေးရပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ရှိရင် ကျနော်တို့ ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုမှာပါ”ဟု ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနက ဖိုက်ဘာလိုင်း ပြတ်တောက်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း တပတ်အတွင်း တပ်မတော်က ရုပ်မြင် သံကြားလိုင်း ပြတ်တောက်ရသည့် အကြောင်းရင်းမှာ ယင်းနေ့က ဖိုက်ဘာလိုင်း အသုံးပြုမှု လုံးဝ မရှိသဖြင့် ဖိုင်ဘာလိုင်းနှင့် မ ဆိုင်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည့်အခါ အဖြစ်မှန်ကို စုံစမ်း စစ်ဆေးရန် ဖြစ်လာရသည်။
ယင်းနေ့က မြန်မာအသံနှင့် ရုပ်မြင်သံကြား (MRTV) ၏ ရုပ်သံ ထုတ်လွှင့်မှုသည် မွန်းလွဲ ၂ နာရီ မိနစ် ၂၀ မှ ၂၅ မိနစ် အထိ ၅ မိနစ် ပြတ်တောက်ခဲ့ရပြီး ပြတ်တောက်နေသည့် အချိန်အတွင်း အဆိုတော် ဟေမာနေဝင်း အပါအဝင် တေးသီချင်များ ထုတ်လွှင့်ပေးခဲ့ရ သည်။
MRTV အနေဖြင့် ပြည်သူများထံသို့ ပြတ်တောက်မှု ဖြစ်ရခြင်း အတွက် အသိပေး တောင်းပန်ခြင်း စာသား လွှင့်တင်ခြင်း၊ ပြတ် တောက်သွားခဲ့ရသည့် အပိုင်းကိုလည်း ထည့်သွင်းပြီး အစအဆုံး ပြန်လည် ထုတ်လွှင့်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
ဆက်စပ်ဖတ်ရှူရန် – လွှတ်တော် ရုပ်သံလိုင်း ပြတ်တောက်ခဲ့မှု စုံစမ်းစစ်ဆေးနေ