ပဏာမ အပစ်အခတ် ရပ်စဲရေး (Bilateral) စာချုပ် လက်မှတ်ထိုးနိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရနှင့် မြောက်ပိုင်း မဟာ မိတ်အဖွဲ့ တို့ကြား တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားသော်လည်း နေရာ ညှိနှိုင်းမှု အဆင်မပြေသည့် အတွက် မတွေ့နိုင်သေး ကြောင်း သိရသည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့ မေလ၂၄၊ ၂၅ ရက်တို့တွင် တွေ့ဆုံ၍ Bilateral မူကြမ်း အပေါ် ဆွေးနွေးရန် မူလကစီစဉ် ထားခြင်းဖြစ်သော်လည်း မေလကုန်ထိ တွေ့ဆုံရန် မဖြစ်နိုင်သေးကြောင်း ကြားဝင် စေ့စပ်ပေးနေသော ငြိမ်းချမ်းရေး အကျိုး ဆောင် အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ ပြောသည် ဦးလမိုင်ဂွန်ဂျာ က “အဲဒီကိစ္စက မေ ၂၄-၂၅ ရက်မှာ တွေ့ဖို့ ရက် ရပြီးပြီ ဖြစ်တယ်။ ဒါပေမယ့် တွေ့ဆုံဖို့ နေရာ အခက်အခဲလေး နည်း နည်း ဖြစ်နေကြတယ်။ မြောက်ပိုင်း အဖွဲ့တွေကတော့ ပန်ဆန်းမှာလို့ ပြောတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့က မူဆယ်မှာ ဟိုတခေါက် ဧပြီလ ၃၀ ရက်က တွေ့ကြတော့ မူဆယ်မှာပဲ လုပ်ရအောင် ဆိုပြီး ပြောတယ်။ အခု မူဆယ်မှာ လုပ်မယ်ဆိုပြီး ပြောတဲ့အပေါ်မှာ အခုက အကြောင်း အမျိုးမျိုးကြောင့် အစိုးရဘက်က နောက်ဆုံး မူဆယ် မဟုတ်ဘဲနဲ့ လားရှိုးမှာလို့ ပြန် ပြောတယ်” ဟု ဆိုသည်။
၎င်းကဆက်၍ “ဒါပေမယ့် လားရှိုးမှာ ဆိုတဲ့ အပိုင်းမှာ ကျတော့ မြောက်ပိုင်း အဖွဲ့ ၃ ဖွဲ့က လာရောက်ဖို့ အတွက် နည်းနည်းလေး အခက်အခဲရှိတဲ့ အတွက်ကြောင့် အခုက ညှိရင်း ညှိရင်းနဲ့ ဒီ ၂၄-၂၅ ရက်ကတော့ မဖြစ်တော့ ဘူး။ ဒီမနက်ပဲ မဖြစ်တော့ဘူး ဆိုတာ ပြောကြတယ်” ဟု ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့မှာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA/KIO)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာ အမျိုး သား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)နှင့် ရက္ခို စစ်တပ်(AA) တို့ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်က ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် နယ်မြေ ပန်ဆန်း (ပန်ခမ်း)မြို့၊ တရုတ်နိုင်ငံ ခွင်မင်း(ကူးမင်း)မြို့၊ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့ စသဖြင့် အဆိုပြုရာ အစိုးရဘက်က နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ လားရှိုး စသည့် မြို့များ၌ တွေ့ဆုံနိုင်ကြောင်း အဆိုပြုသဖြင့် ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် TNLA က အထွေအထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်က မိမိတို့ အနေဖြင့် နောက်ဆုံး မူဆယ်မြို့မှာ ပြန်တွေ့ရန် အဆိုပြုထားသော်လည်း တပ်မတော်နှင့် အစိုးရဘက်က အကြောင်းကြားလာမှု မရှိသေးကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးချုပ် တာဘုန်းကျော်က “ကျနော်တို့ဘက်က “ဝ”နယ်မြေ ပန်ဆန်းပေါ့။ ပန်ဆန်းကို သဘောမတူနိုင်ရင် တရုတ်နိုင်ငံ၊ ခွင်မင်း (ကူမင်း)၊ နောက်ဆုံး သဘောမတူနိုင်ရင် မူဆယ်မှာပဲ ပြန်တွေ့မယ်။ ၃ နေရာ အဆိုပြုထားပါတယ်။ အစိုးရဘက်က နေပြည်တော်နဲ့ မြစ်ကြီးနား အဆိုပြုထားတယ်။ ကျနော်တို့ဘက်က အဓိက ရခိုင်ဘက်မှာ တိုက်ပွဲ တွေဖြစ်နေလို့ ဒီအချိန်မှာ သွားရေး လာရေး ကိစ္စက တော်တော်လေး စဉ်းစားစရာ ဖြစ်နေပါတယ်” ဟု ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှ ကိုယ်စားလှယ်များ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်တွင် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တွေ့ဆုံ၍ Bilateral ရေးထိုးနိုင်ရေး ကိစ္စ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုတွင် ၂၀၁၉ မေလထဲ၌ ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် သဘောတူညီခဲ့ကြကာ မြောက်ပိုင်း မဟာမိတ် အဖွဲ့က ၎င်းတို့ လိုလားသော Bilateral စာချုပ် မူကြမ်းကို အစိုးရ ကိုယ်စားလှယ်များထံ ပေးခဲ့ပြီး ထပ်မံ ဆွေး နွေးရန် စီစဉ်ထားကြခြင်း ဖြစ်သည်။
ထို အခြေအနေများနှင့် ပတ်သက်၍ အစိုးရ ကိုယ်စားလှယ်များကို ဆက်သွယ် မေးမြန်းသော်လည်း မရရှိသဖြင့် သီးခြားမှတ်ချက် ဖော်ပြနိုင်ခြင်းမရှိပါ။
ဗိုလ်မှူးချုပ် တာဘုန်းကျော် က “ကျနော်တို့ အဆိုပြုထားတဲ့ Bilateral မူကြမ်းက အလုပ်စဖြစ်နိုင်တဲ့ မူကြမ်းလို့ မြင်ပါတယ်။ ကျနော်တို့ ၄ ဖွဲ့လုံး အဆိုပြုထားတဲ့ မူကြမ်းထဲမှာ အများကြီးလည်း မပါဘူး။ နှစ်ဖက် အပစ်ရပ်ကြမယ်၊ ပြီးပြီဆိုရင် အပစ် ရပ် ကာလ အတွင်းမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ၊ ထပ်ဆွေးနွေးရမယ့် ဟာတွေ ရှိမယ်။ ပြီးရင် ရေရှည် တွေ့ ဆုံ ဆွေးနွေးမှုတွေ ဖြစ်နိုင်ဖို့ အတွက် NCA ကို ဘယ်လိုပုံစံ လုပ်မယ် ဆိုတာ ဆွေးနွေးကြမယ်။ ဒီလောက်ပဲ ပါတယ်။ တပ် မတော် အနေနဲ့ အဲဒါ လက်ခံ စဉ်းစားမယ် ဆိုရင်တော့ တဆင့် တိုးတဲ့ အပစ်အခတ် ရပ်စဲရေး ကိစ္စ ဖြစ်လာမယ်လို့ ထင်ပါ တယ်”ဟု ပြောသည်။
နိုင်ငံရေး လေ့လာသူများနှင့် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့က မြောက်ပိုင်း မဟာမိတ်အဖွဲ့နှင့် အစိုး ရကြား Bilateral ရေးထိုးမှုများ ယခုနှစ် အတွင်း ဖြစ်လာနိုင်ကြောင်း ခန့်မှန်း ပြောဆိုမှုများ ရှိနေကြသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် အစိုးရ တွေ့ဆုံရေး ကြားဝင် ညှိပေးနေသော PCG မှ ဦးလမိုင်ဂွန်ဂျာက “ဒီ Bilateral ကိစ္စနဲ့ ပတ်သက်ပြီး အကျေအလည် ညှိရဦးမယ့် အပိုင်းတွေ ရှိမယ်။ တပ်ပိုင်း ဆိုင်ရာတို့ ဆွေးနွေးရဦးမယ့် အပိုင်းတွေ ရှိသေး တယ် ဆိုတော့ အဲဒါတွေ အားလုံး ညှိနှိုင်းပြီးမှပဲ အဆင်ပြေမယ်။ အစီအစဉ်က ဖြစ်ပေါ်လာမယ်လို့ ကျနော် ကတော့ ဒီလိုပဲ မြင်တယ်” ဟု သုံးသပ် ပြောဆိုသည်။
You May Also Like These Stories:
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် Bilateral ထိုးနိုင်ရေး ညှိနှိုင်းမည်