ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဖျားဒေသ ငှက်ပျောချောင်းကျေးရွာသား ၂ ဦး အိမ်ဆောက်ရန် တိုင်လုံးများ သွားသယ်ယူရင်း မေလ ၂၁ ရက်နေ့က မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အဆိုပါ ၂ ဦးမှာ အသက် ၂၇ နှစ်အရွယ် ကိုနိုင်ဇော်ဦးနှင့် ၂၅ နှစ်အရွယ် ကိုမောင်ပု တို့ဖြစ်ပြီး ဒဏ်ရာများ ပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံသို့ တက်ရောက်၍ ဆေးကုသမှု ခံယူနေရကြောင်း ကျောက်တော်မြို့ပေါ် ဖြူစင်မေတ္တာ လူမှုကူညီရေး အသင်းမှ ကိုညီပုက ပြောသည်။
ကိုညီပုက “မိုင်းထိတဲ့ ရွာသား ၂ ဦးကတော့ ဒဏ်ရတော့ ပြင်းတယ်။ ခြေထောက် နှစ်ဘက်လုံးမှာ ဒဏ်ရာတွေရကြတယ်။ အခြေအနေကတော့ လောလောဆယ်တော့ စိုးရိမ်စရာ မရှိဘူးလို့ ပြောတယ်။ တကယ်လို့ လိုအပ်ရင် စစ်တွေ ဆေးရုံကိုပို့ဖို့ ကျနော်တို့ စီစဉ်ထားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ၂ ဦး အပါအဝင် ရွာသား ၃၀ ကျော်သည် ယမန့်နေက အိမ်ဆောက်ရန်အတွက် ရွာ၏ အနောက်ဘက် တောင်တန်းများပေါ်တွင် ခုတ်ထားသော တိုင်လုံးများကို သွားရောက် သယ်ယူရာမှ အပြန်တွင် မိုင်းနင်းမိခြင်း ဖြစ်ကြောင်း ၎င်း တိုင်လုံးများ သွားသယ်သည့်အထဲတွင် ပါဝင်သူ တရွာတည်းသား ကိုမောင်မောင်သန်းက ပြောသည်။
ကိုမောင်မောင်သန်း က “ကျနော်တို့ ရွာအနောက်ဘက်က တောင်တန်းမှာ အိမ်ဆောက်ဖို့ ခုတ်ထားတဲ့ တိုင်လုံးတွေ ရှိပါတယ်။ တိုင်လုံးတွေက တော်တော်ကြီးတော့ လူအင်အားနဲ့ သွားသယ်တာ။ လူပေါင်း ၃၀ ကျော်လောက် ပါတယ်။ သွားတဲ့ အချိန်ကလည်း အဲဒီလမ်းကပဲ ဘာမှမဖြစ်ဘူး။ တိုင်လုံးတွေကို ထမ်းပြီး တောင်ပေါ်ကနေ အောက်ကို ထိုးချပြီး အဲဒီလမ်းအတိုင်းပဲ တောင်အောက်ကို အုပ်စုလိုက်ဆင်းလာကြတာ။ အဲဒီ မိုင်းနင်းမိပြီး ပေါက်ကွဲမှုဖြစ်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မိုင်းထိသူများမှာ ခြေထောက်၊ လက်မောင်း၊ ကျောကုန်းတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
လွန်ခဲ့သော ၂ လခန့်က အဆိုပါ ငှက်ပျောချောင်းရွာ အနောက်ဘက် တောင်တန်းတွင် မြန်မာ့တပ်မတော် နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားမှုများ ရှိခဲ့ကြောင်း ဒေသခံ ရွာသားများက ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဧရာဝတီက သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် မြို့နယ် ရဲတပ်ဖွဲ့တို့ထံ ဆက်သွယ်ခဲ့သော်လည်း ဖုန်းဆက်ခံ ဖြေကြာခြင်း မရှိသဖြင့် သီးခြားမှတ်ချက် ဖော်ပြနိုင်ခြင်းမရှိပါ။
ကျောက်တော်မြို့မရဲစခန်းမှ ရဲအုပ်သန့်ဇင်ကတော့ မိုင်းနင်းမိ၍ ရွာသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိသည့် ဖြစ်စဉ်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း တခြား အလုပ်တာဝန်များကို ထမ်းဆောင်နေရသဖြင့် အသေးစိတ်ကို မသိရှိသေးကြောင်း ဧရာဝတီသို့ ဖြေကြားသည်။
ပြီးခဲ့သော မေလ ၈ ရက်နေ့ကလည်း အဆိုပါ ယိုးချောင်းဖျားဒေ၊ ခမောင်းကျေးရွာတွင် နေထိုင်သည့် ကို ပန်းအောင်ချေ ၃၄ နှစ်မှာ ရွာ၏ အနောက်ဘက် တောင်တန်းသို့ ဝါးခုတ်ရန် သွားရောက်ရင်း မိုင်းနင်းမိ၍ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူခဲ့ရသည်။
ဆက်စပ်ဖတ်ရှူရန်
ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ
ရခိုင်တိုက်ပွဲ ဘယ်လို ရပ်တန့်နိုင်မလဲ
ခွဲထွက်ရေးလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလား