ကချင်ပြည်နယ်ရှိ ဖားကန့် သတ္တုတွင်း လုပ်ကွက်များကို မိုးတွင်း ကာလ၌ သုံးလ ရပ်နားရန် ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက ပြောသည်။
မိုးတွင်း ကာလတွင် ရပ်နားရန် စဉ်းစားရခြင်းသည် မြေပြိုမှုများ၊ နွံကန်ပြိုကျခြင်းများကြောင့် လူသေဆုံးရမှု ဖြစ်စဉ်များရှိခြင်းနှင့် အသစ် ရေးဆွဲထားသည့် သတ္တုတွင်း ဥပဒေအရ လုပ်ကွက် အသစ်များ ပြန်ချပေးရန် ရှိသည့် အတွက် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အမြဲတမ်း အတွင်းဝန် ဦးမင်းမင်းဦးက “မိုးတွင်းကာလ နားဖို့ စဉ်းစားရတာက အခုလည်း ဟိုဟာတွေ ပြို၊ ဒီဟာတွေ ပြိုတာရယ်။ နောက်တခုက လုပ်ကွက်သစ်တွေက ပြန်ပြီးတော့ ချပေးဖို့ ဥပဒေ အရ ရေးဆွဲထား တယ်။ အဲဒီတော့ လက်ရှိ လုပ်ကွက်တွေ ကလည်း သက်တမ်း ရှိတဲ့ လုပ်ကွက်က နည်းသွားပြီ။ အဲဒါ ကြောင့် ၃ လ နားမယ် ဆိုတဲ့ဟာ ဖြစ်တာ” ဟု ပြောသည်။
နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာနတွင် မေလ ၂၁ ရက်က ပြုလုပ်သော အစိုးရ၏ တနှစ်တာ ဆောင် ရွက်မှုများ သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများအား ပြောကြားခြင်း ဖြစ်သည်။
ရပ်နားရန် ကိစ္စကို လွှတ်တော်ဘက်မှ အဆိုပြုလာမည် ဖြစ်ပြီး ယင်းကို သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တဆင့် သမ္မတထံ တင်ပြကာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ် ကြောင်း ၎င်းက ဆိုသည်။
ဦးမင်းမင်းဦးက “လွှတ်တော်ဘက်ကနေ ကျနော်တို့ဆီကို အကြောင်းကြားမယ့်ဟာ ရှိတယ်။ မိုးတွင်း ဆိုတော့ ဖြစ်နိုင်ချေက ရှေ့လထဲမှာ စဖို့ ရှိတယ်” ဟု ဆိုသည်။
ဖားကန့် လုပ်ကွက်များသည် မိုးတွင်း ကာလတွင် ရေဝင်ခြင်းကြောင့် တူးဖော်ရေး လုပ်ငန်းများ မလုပ်နိုင်ကြ သည့်အချိန်တွင် ဝန်ကြီးဌာနမှ ဥပဒေသစ်တွင် ပါရှိသော လုပ်ကွက် အကျယ်အဝန်း တိုင်းတာ သတ်မှတ် ခြင်းများကို လုပ်ဆောင်မည့် သဘော ဖြစ်ကြောင်း ဥပဒေသစ် အရ ဝန်ကြီးဌာနဘက်မှ လိုအပ်သော အမိန့် ထုတ်ပြန်၍ တားမြစ်နိုင်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြောသည်။
ဦးစိုးသူရထွန်း က “မိုးရာသီ ဆိုတော့ အကိုက်ပေါ့။ အလုပ်လုပ်လို့လည်း မရတဲ့ အချိန်မှာ ရပ်ထား၊ ဥပဒေနဲ့ ပြန်ညှိပေါ့။ အကွက်တွေကို ပြန်တိုင်းပြီး ချပေးမယ့် သဘောလို့ ထင်တယ်” ဟု ဆိုသည်။
သို့ရာတွင် အဆိုပါ သုံးလ ရပ်နားရန် ကိစ္စနှင့် ပတ်သက်၍ လတ်တလောတွင် ၎င်းအနေဖြင့် သိရှိခြင်း မရှိ သေးကြောင်းလည်း ဆက်လက် ပြောသည်။
တူးဖော်ရေး ကုမ္ပဏီများ အနေဖြင့် မိုးတွင်း ကာလ၌ တူးဖော်ရ အန္တရာယ်များပြီး ကုန်ကျစရိတ် ကြီးမား၍ လုပ်ရလွယ် သည့် နေရာ အနည်းစုတွင်သာ တူးဖော်နိုင်ကြောင်း၊ ယခုကဲ့သို့ တားမြစ်မိန့် ထုတ်ပြန်ခြင်း ကြောင့် အကျိုးသက်ရောက်မှု ကြီးကြီးမားမား မဖြစ်နိုင်ကြောင်း ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက သုံးသပ် ပြောဆိုသည်။
ဦးတင့်စိုးက “၂၀၁၄ နောက်ပိုင်းကစပြီး တရားဝင် အမိန့်ကြေငြာစာ ထုတ်ပြီး ပိတ်တာ မတွေ့ရဘူး။ အခုလို ပြော တာကျတော့ သူ့ဝန်ကြီး ဌာနကနေ လုပ်တယ် ဆိုရင်တော့ လုပ်ရမှာပေါ့” ဟု ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် နှစ်စဉ် မေလမှ စက်တင်ဘာလ အထိ လုပ်ကွက်များ ပိတ်သိမ်း ရန် အမိန့် ထုတ်ပြန်ခဲ့ကြောင်း၊ နောက်ပိုင်းတွင် ကုမ္ပဏီများက လုပ်ကွက်သက်တမ်း ကုန်ဆုံးခါနီး ဖြစ်၍ ကျန်ရှိ အချိန်အတွင်း၌ မိုးတွင်ကာလတွင်ပါ တူးဖော်ခြင်းများ ရှိကြောင်း၊ ယခုအစိုးရ လက်ထက်တွင်း ယင်း ကဲ့သို့ တားမြစ်ခြင်းမျိုး မရှိသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။
NLD အစိုးရ လက်ထက်တွင် အကြီးစား သတ္တုတွင်း လုပ်ကွက်များ လုပ်ကိုင်ခွင့် လိုင်စင်ကို ထပ်မံ သက် တမ်းတိုးပေးခြင်း မရှိတော့ပေ။
လက်ရှိတွင် ဖားကန့် သတ္တုတွင်း လုပ်ကွက်များ၌ မြေပြိုခြင်း၊ နွံအိုင် ပြိုခြင်း၊ ယာဉ်မတော်တဆ ဖြစ်ခြင်းများကြောင့် မကြာခဏ သေဆုံးမှု၊ ဒဏ်ရာရမှုများလည်း ဖြစ်ပေါ်လျက် ရှိသည်။
ယခုနှစ် ဧပြီ ၂၂ ရက်တွင် ဖားကန့်ရှိ နွံကန် ကျိုးပေါက်မှုကြောင့် ကုမ္ပဏီ ၂ ခုမှ လုပ်သားဝန်ထမ်း ၅၄ ဦး နွံရေများနှင့် အတူ နစ်မြုပ်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၃ ရက်နှင့် ၂၅ ရက်တွင် ထပ်မံ ဖြစ်ပွားသည့် ဖြစ်စဉ်များကြောင့် လူ ၄ ဦး ထပ်မံ သေဆုံးခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ် လုံးခင်း/ဖားကန့် ရတနာနယ်မြေတွင် ၂၀၁၉ ခုနှစ် မေလအထိ တူးဖော်လုပ်ကိုင်ခွင့် သက်တမ်း ကျန်ရှိသေးသော ကုမ္ပဏီပေါင်း ၂၁၃ ခုက ကျောက်စိမ်းနှင့် ကျောက်မျက် လုပ်ကွက်ပေါင်း ၁၀၀၀ ကျော်တွင် တူးဖော်လုပ်ကိုင်နေကြောင်း သတ္တုတွင်း ဦးစီးဌာနစာရင်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှူရန်
သတ္တုတူးဖော်ရေးလုပ်ကွက် လိုင်စင်လျှောက်ထားမှု များပြား
ဖားကန့်တွင် နွံကန်ကျိုးပေါက်မှုအပြီး မြေပြိုမှုများ ထပ်ဖြစ်၍ လူသေဆုံးထပ်တိုး
ဖားကန့် နွံကန်ကျိုးပေါက်မှု ရုပ်အလောင်း ၂ လောင်း ရှာတွေ့၊ ၅၀ ကျော် ပျောက်နေဆဲ
ဖားကန့်တွင် မြေစာပုံပြိုမှုကြောင့် ၆ ဦးသေ
ဖားကန့်လုံခင်းတွင် မြေစာပုံပြိုကျ၊ လတ်တလော သေဆုံးသူ ၁၁ ဦးရှိ