ကရင်ပြည်နယ်၊ မြိုင်ကြီးငူအထူးဒေသတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် ၅၅၀၀ ကျော်မှာ အိမ်ပြန်နိုင်ရေးအတွက် အာဏာပိုင်များက မိုင်းရှင်းလင်းရေး ဆောင်ရွက်ပေးရန် မျှော်လင့်နေကြသည်ဟု သတင်းရရှိသည်။
စစ်ဘေးရှောင်ဒုက္ခသည် ၅၅၀၀ ကျော်၏ တာဝန်ခံ ဦးစောစိန်ပန်း က “အခု တိုက်ပွဲဖြစ်တဲ့ အသံတွေလည်း မကြားတော့တာ ကြာပြီလေ။ အဲ့တော့ ဒုက္ခသည်တွေက ပြန်ဖို့ အဆင်သင့်ပဲ။ မိုင်းရှင်းပေးဖို့ပဲ မျှော်လင့်နေတာ။ ပြန်ဖို့က အားလုံးအဆင်သင့်ပဲခဗျ” ဟု ပြောသည်။
မြိုင်ကြီးငူဒေသတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၅၅၀၀ ကျော်မှာ ၂၀၁၆ ခုနှစ်က တိုးတတ်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် ( DKBA ခွဲထွက်အဖွဲ့) နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးခဲ့ရသည့် ရွာ ၃၀ ခန့်မှ အရပ်သားများ ဖြစ်သည်။
ဒုက္ခသည် ၅၅၀၀ ကျော်မှာ မြိုင်ကြီးငူဒေသတွင်းရှိ အေးလင်းမြတ်ရှင် စစ်ဘေးရှောင်စခန်းနှင့် မြတ်ပန်းဝတ်မှုံ စစ်ဘေးရှောင်စခန်းတို့တွင် ခိုလှုံလျှက်ရှိသည်။
စားဝတ်နေရေးအတွက် ကရင်ပြည်နယ်အစိုးရဘက်မှ ထောက်ပံ့သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အသားတု တို့ကိုသာ ရိက္ခာအဖြစ် အားကိုးနေရပြီး အလုပ်အကိုင်၊ ဝင်ငွေ အခွင့်အလမ်းလည်း မရှိကြပါဟု ဦးစောစိန်ပန်းက ပြောသည်။
တိုက်ပွဲများ ငြိမ်သွားသည်မှာ ၂၀၁၈ ခုနှစ်၊ နှစ်ကုန်ပိုင်းမှ ယနေ့ထိ ဖြစ်ပြီး အာဏာပိုင်များက တိုက်ပွဲများ ငြိမ်သွားပါက မိုင်းရှင်းပေးမည် ဟု ပြောဆိုထားချက်အပေါ်တွင် စောင့်ဆိုင်းနေကြသည်ဟု ဦးစောစိန်ပန်းက ဆိုသည်။
BGF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က တိုက်ပွဲများ မရှိတော့ပါက စစ်ဘေးရှောင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရန် မိုင်းရှင်းလင်းရေး လုပ်ဆောင်ပေးပါမည်ဟု ဧရာဝတီကို ၂၀၁၈ ခုနှစ်က ပြောဆိုထားသည်။
ဦးစောစိန်ပန်းက “တချို့က စပါးစိုက်ဖို့ တောင်ယာရှင်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာက ပြန်ကြတယ်။ တောင်ယာ ခုတ် မီးရှို့တော့ မိုင်းထပေါက်တယ်။ လူတော့မထိဘူး။ သူတို့ ပြန်ပြေးလာကြတယ်လေ။ အစိုးရနဲ့ နယ်မြေခံ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ညှိနှိုင်းပြီး မိုင်းရှင်းပေးမယ်ဆိုရင် ဒုက္ခသည်တွေကပြန်နိုင်မယ်။ လိုအပ်ချက်က အဲ့တာပဲ”ဟု ပြောသည်။
မြိုင်ကြီးငူဒေသတွင်း စတင် စစ်ဘေးရှောင်ရစဉ် ၂၀၁၆ ခုနှစ်က မြေမြှုပ်မိုင်းကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၄ ဦး သေဆုံးထားသည်။
ကရင်လူ့အခွင့် အရေးအဖွဲ့ (KHRG) က မြိုင်ကြီးငူဒေသတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ၏ အခြေအနေ များကို မှတ်တမ်းကောက်ယူထားသည့် အစီရင်ခံစာ တစောင်ကို မေ ၂၂ ရက်က ထုတ်ပြန်လိုက်သည်။
ထိုထဲတွင် ဒုက္ခသည်များမှာ လုံလောက်သည့် စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် သောက်ရေသန့်များ မရရှိသည့် အပြင် တကိုယ်ရေသန့်ရှင်းရေးအတွက် ဆပ်ပြာ၊ အိမ်သာများလည်း အလုံအလောက် မရှိပါဟု ရေးသား ထားသည်။
ထို့ပြင် KHRG ၏ အစီရင်ခံစာထဲတွင် ဒုက္ခသည်များမှာ ကောင်းမွန်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိ သည့် အပြင် ကလေးငယ်များမှာလည်း မူလတန်းလွန် ပညာရေးကို သင်ကြားရေး မရှိကြောင်း၊ စခန်းတွင်း ဒုက္ခသည်များမှာ ဘုန်းတော်ကြီးကျောင်း၏ ကူညီမှုအောက်တွင် နေထိုင်ရသဖြင့် ဘုန်းကြီးကျောင်းများ၏ အဓမ္မခိုင်းစေမှုဟု ယူဆနိုင်သည့် အခကြေးငွေမရပဲ လုပ်အားပေးမှုမျိုးကိုလည်း လုပ်ဆောင် နေရပါသည် ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။
KHRG မှ ပြောရေးဆိုခွင့်ရှိသူ ဦးစောဝေလေး က “IDPs တွေက သဘောရိုးနဲ့ မြေမြှုပ်မိုင်းတွေကို ဖယ်ပေး စေချင်တာပါ။ သို့သော်လည်း မြေပြင်မှာက အစိုးရလက်အောက်က အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့က တင်းမာမှုတွေ ရှိနေပါသေးတယ်။ မိုင်းရှင်းလည်း အချိန်မရွေး ပြန်ထောင်နိုင်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောသည်။
ဦးစောဝေလေးက မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စမှာ နှစ်ဖက်တပ်များ၏ သဘောတူညီမှုများ ရယူရန် လိုပြီး တဦးတဖက်တည်းက လုပ်ဆောင်၍ မရသည့် ကိစ္စဖြစ်သည်ဟု ဆိုသည်။
KHRG ၏ လက်ရှိ အခြေအနေများအပေါ် သုံးသပ်ချက်မှာ ဒုက္ခသည်များအတွက် လိုအပ်သည့် လူသားခြင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီ အားလုံး အပြည့်အဝရရေးကို အစိုးရဘက်မှ ကူညီပေးသင့်သည်ဟု ဦးစောဝေလေးက ဆိုသည်။
DKBA မှ ဗိုလ်မှူးကြီး စောဆန်းအောင်က ၎င်းတို့ တပ်ဖွဲ့နှင့် BGF ကြား ထိပ်တိုက်ပစ်ခတ်မှုများ မရှိသေး သော်လည်း မြိုင်ကြီးငူဒေသတွင်း DKBA က လှုပ်ရှားနေထိုင်နေဆဲ ဖြစ်သည်ဟု ပြောသည်။
ဗိုလ်မှူးကြီး စောဆန်းအောင် က “အဲ့ဘက်မှာ ဗိုလ်ဘိက သူ့အောက်ခြေက တပ်မှူးတွေနဲ့ ရှိပါတယ်”ဟု ဆိုသည်။
ဗိုလ်မှူးကြီးစောဆန်းအောင်က ၎င်းတို့ တပ်ဖွဲ့တွင်း လက်နက်ခဲယမ်းအင်အား တောင့်တင်းမှုမှာ BGF နှင့် မယှဉ်နိုင်သဖြင့် ၂၀၁၆ ခုနှစ်၊ တိုက်ပွဲစဖြစ်စဉ်ကတည်းက မြေမြှုပ်မိုင်းကိုသာ အားထား အသုံးပြုကြောင်း ပြောဆိုထားသည်။
လက်ရှိအခြေအနေတွင်လည်း တပ်ဖွဲ့ဝင်များ၏ လုံခြုံရေးအတွက် မြေမြှုပ်မိုင်းကိုသာ အသုံးပြုနေသည်ဟု ဗိုလ်မှူးကြီး စောဆန်းအောင် ကိုယ်တိုင်က ဝန်ခံထားသည်။
ဗိုလ်မှူးကြီးစောဆန်းအောင် က ” မိုင်းတို့ မည်သည်မှာ ဒီနေ့ရှင်းရင် နောက်နေ့ အသစ်လုပ်ရတာ မဆန်းဘူးလေ။ သူ့လုံခြုံရေး၊ ကိုယ့်လုံခြုံရေးဆိုတာ ရှိတယ်။ စစ်သားမှန်သမျှက နှစ်ဖက်လုံး၊ ၃ ဘက်လုံးက ထောင်တာပဲ။ ခုဏ ပြောတဲ့ စစ်ဘေးရှောင် ၅၀၀၀ ကျော်က သူ့ဒေသကို ပြန်ဖို့ ဒီနေ့ချိန်ထိ မိုင်းသွားရှင်းဖို့ ဆိုတာ မလွယ်ဘူးလို့ ကျနော်မြင်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းနှင့် ထပ်ဆင့်ပေါက်ကွဲစေတတ်သည့် မိုင်းများကို အသုံးမပြုရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာတမ်းများကို လက်မှတ်ရေးထိုးထားခြင်း မရှိပါ။
မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) မှ မြန်မာအစိုးရကို မိုင်းများ အသုံးမပြုရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာတမ်းများတွင် လက်မှတ်ထိုးရန် ၂၀၁၈ ခုနှစ်တွင်းက ညှိနှိုင်းမှုများ ရှိသော်လည်း အစိုးရဘက်မှ လက်မှတ်ထိုးခြင်း မရှိသေးပါ။
ကရင်ပြည်နယ်တွင်း အင်အားကြီးသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့မှာလည်း အစိုးရ၊ တပ်မတော်တို့နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တည်းက လက်မှတ်ထိုးထားသော်လည်း တပ်မတော်အပေါ် ယုံကြည်မှု မရှိသဖြင့် အပစ်ရပ်စာချုပ်ပါ အချက်များအတိုင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။
ဆက်စပ်ဖတ်ရှူရန် – ကော့ကရိတ်တွင် BGF နှင့် DKBA တိုက်ပွဲဖြစ်
မိုင်းခင်းလမ်း၊ စစ်ဘေး ဒုက္ခ နဲ့ မယ်သဝေါ ဒေသ
You may also like these stories:
ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို
ကော့ကရိတ်တွင် BGF နှင့် DKBA တိုက်ပွဲဖြစ်