ကရင်အမျိုးသားအစည်းအရုံး (KNU) က ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် စနေနေ့အထိ ကျင်းပသော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ထိပ်သီးအစည်းအဝေးတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ နုတ်ထွက်စာ တင်ခဲ့သော်လည်း နာရီအတန်ကြာညှိနှိုင်းပြီးနောက် ထိပ်သီးအစည်းအဝေး (ဒုတိယပိုင်း) ပြီးစီးသည်အထိ ဆက်လက်တက်ရောက်မည်ဟု ဆုံးဖြတ်ဖြစ်ကြောင်း KNU ခေါင်းဆောင်များက ပြောသည်။
မေလ ၁၄ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပသော ထိုထိပ်သီးဆွေးနွေးပွဲတွင် NCA အပစ်ရပ်ထိုးထားသည့် EAOs ၁၀ ဖွဲ့ တက်ရောက်သည်။ ထိပ်သီးဆွေးနွေးပွဲ၏ ပထမအစည်းအဝေးတွင် တိုင်းရင်းသားအဖွဲ့များ အကြား စုဖွဲ့မှုဆိုင်ရာ မူဘောင်များနှင့်ပတ်သက်၍ KNU ၏ သဘောထားကို တင်ပြခဲ့ကြောင်း KNU အတွင်းရေးမှူး ဖဒို စောတာဒိုမူးက ဆိုသည်။
လက်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနှင့် နိုင်ငံရေး ညှိနှိုင်းမှုများပြုလုပ်ရန် PPST ကို ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး KNU ဥက္ကဌ စောမူတူးစေးဖိုးက ၃ နှစ်ကြာ ဦးဆောင်ခဲ့သည်။ ထိုနောက် မတ်လတွင် KNU ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး ဖဒို စောတာဒိုမူးကို လွှဲပေးခဲ့သည်။ PPST ကို ယခု မေလ ၁၉ ရက်မှ စတင်ကာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဦးဆောင်နေသည်။
KNU အနေဖြင့် PPST မှနုတ်ထွက်လိုသော ဆန္ဒရှိသော်လည်း ဆက်လက်ပါဝင်ရန် ထိပ်သီးဆွေးနွေးပွဲ ခေါင်းဆောင်များက တိုက်တွန်းသည်ဟု NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တခုဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဌ ခွန်မြင့်ထွန်းက ဆိုသည်။
အဖွဲ့အများစုက KNU ဆက်လက်ပါဝင်စေလိုသောကြောင့် ၎င်းတို့ ဆက်လက်ပါနိုင်ရေးအတွက် ထိပ်သီးအစည်းအဝေးကို နှစ်ပိုင်းခွဲကျင်းပရန် ဆုံးဖြတ်ကာ ယခုလအတွက် ပထမပိုင်းဖြင့် အဆုံးသတ်ခဲ့သည်။
၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းမှစတင်ပြီး PPST အတွင်း လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် အကြံပြုသော်လည်း လုပ်ဆောင်ခြင်း မရှိသောကြောင့် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဖဒို စောတာဒိုမူးက ဧရာဝတီ သတင်းဌာနသို့ပြောသည်။
“အမှန်ကတော့ PPST ကို ကျနော်တို့ ၂၀၁၇ ခုနှစ် မေလ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံပြီးကတည်းက ပြန်သုံးသပ်သင့်ပြီ ဆိုတာ ပြောခဲ့တယ်။ အဲဒီမှာ တွေ့ရှိချက်တွေကို ပြန်လည်သုံးသပ်မှုလုပ်ရုံတင်မကဘဲ ပြုပြင်ပြောင်းလဲမှုပါ လုပ်သင့်တယ်ဆိုတဲ့အချက်က ပါတယ်။ ဒါပေမယ့် ၂၀၁၉ ထိရောက်တော့ အဲဒီ reform ကို ထည့်သွင်းမစဉ်းစားဘူး။ အဲဒီတော့ reform မလုပ်ချင်ရင် ကျနော်တို့ ဒီထဲမှာ ဆက်ပါဖို့ မသင့်တော်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ကျနော်တို့ ထွက်လိုက်တာပဲ ဖြစ်ပါတယ်” ဟု ဖဒိုတာဒိုမူးက ဆိုသည်။
PPST အနေဖြင့် မည်ကဲ့သို့သော ပြုပြင်ပြောင်းလဲမှုလုပ်သင့်သလဲဆိုသည့် အသေးစိတ်ကိုမူ ၎င်းက ပြောဆိုခြင်းမရှိပေ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် KNU ၏ အခန်းကဏ္ဍ
KNU ၏ စစ်ရေးအင်အားအပြင် တော်လှန်ရေးလှုပ်ရှားမှုကို ၁၉၄၉ ခုနှစ်က ဦးဆုံး စခဲ့သည့် EAO အဖွဲ့ ဖြစ်ခြင်းကြောင့် KNU သည် လေးစားခံရသော အဖွဲ့တဖွဲ့ ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သော အဖွဲ့အစည်းဖြစ်သည်။ ထို့အပြင် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်းအနေဖြင့်လည်း KNU ၏ ဆုံးဖြတ်ချက်များသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို သက်ရောက်မှု ရှိသည်။ အဖွဲ့အများအပြား အထူးသဖြင့် မြန်မာနိုင်ငံတောင်ပိုင်းမှ EAOs အဖွဲ့များသည် KNU ၏ ဦးဆောင်မှုနောက်မှ လိုက်ပါကြသည်။
KNU သည် ၂၀ ရာစုနှောင်းပိုင်းတလျှောက်လုံးတွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်ဆိုင်းမှု မရှိခဲ့ဘဲ ၂၀၁၂ ခုနှစ် ရောက်မှသာ အရပ်သားတပိုင်းအစိုးရနှင့် ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးရန် KNU ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ဖဒို စောတာဒိုမူးက KNU ၏ သြဇာကြီးမားမှုကို ငြင်းဆိုသည်။
“(PPST မှာ) KNU ဦးဆောင်တယ်ဆိုတာက နာမည်ပဲ ဦးဆောင်နေတာပါ။ အဲဒီ ဆုံးဖြတ်ချက်ချတဲ့ လုပ်ငန်းစဉ် တွေက ကျနော်တို့ အဖွဲ့အစည်းမှာ အများကြီး ရှေ့ရေးအတွက် စဉ်းစားစရာတွေ ဖြစ်လာတဲ့အတွက်ကြောင့်။ အဲဒါက အဓိကပါ။ ကျနော်တို့က အမြဲတမ်း ဆုံးဖြတ်ချက်တွေကို အတူတကွ လုပ်ကြတယ်လေ။ ဒါပေမယ့် တချို့အပိုင်းတွေမှာက ရှင်းရှင်းပြောရရင် PPST ဘက်မှာ မတူညီတဲ့ အခြေခံတွေနဲ့ အကျိုးစီးပွား (interest) တွေရှိတယ်။ အဲဒီ အခြေခံတွေပေါ် မှာ မူတည်တယ်။ အဲဒီဟာတွေက ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ် တွေမှာ သွားပီး သက်ရောက်တဲ့အခါ ကျနော်တို့ နောက်ဆုံး ကိုယ့်အဖွဲ့အစည်းရဲ့ ရပ်တည်ချက်ကိုပါ အန္တရာယ်ရှိလာနိုင်တယ်ဆိုတဲ့ စဉ်းစားချက်ကြောင့်ပါ” ဟု ဆိုသည်။
PPST မှ KNU ရုတ်ခြည်း နှုတ်ထွက်ခြင်းသည် NCA လက်မှတ်ရေးထိုးပွဲ ၃ နှစ်ပြည့် အခမ်းအနားအတွင်း အစိုးရနှင့် PPST ဦးဆောင်သော EAOs များအကြား အောက်တိုဘာ ထိပ်သီးအစည်းအဝေးသို့ တက်ရန် ဆုံးဖြတ်ခဲ့သည့်နောက် PPST အဖွဲ့အတွင်း တင်းမာမှုမြင့်မားလာခြင်းက စတင်ပုံရသည်။ ထိုစဉ်က KNU အဖွဲ့ဝင်များကြား ထိုထိပ်သီးတွေ့ဆုံမှု (၁၀+၁၀) တွင် ပါဝင်ရေး မပါဝင်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုှရှိခဲ့ပြီး၊ KNU ဦးဆောင်နေသည့် PPST ကပင် ထိုထိပ်သီးတွေ့ဆုံပွဲ တက်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။
ထိုစဉ်ကတည်းက KNU အတွင်း ကွဲလွဲမှုက သိသာထင်ရှားလာသော်လည်း KNU ခေါင်းဆောင်များက အုပ်စုကွဲများမရှိဟု ငြင်းဆိုကာ ၎င်းတို့အဖွဲ့အတွင်း အမြင်မတူမှုရှိသော်လည်း မူအရ အားလုံး တစုတစည်းတည်း ရပ်တည်သည်ဟု ပြောဆိုသည်။
EAOs များအားလုံး ပူးပေါင်းဆောင်နိုင်ရေး KNU အဆိုပြု
လက်ရှိ PPST စုဖွဲ့မှုက မလုံလောက်ဟု KNU က သုံးသပ်ပြီး၊ NCA ကို လက်မှတ်ထိုးသည်ဖြစ်စေ၊ မထိုးသည်ဖြစ်စေ EAOs များ အားလုံးပါဝင်သည့် ပူးပေါင်းဆောင်ရွက်နိုင်သည့် စုဖွဲ့မှုအသစ်တခု လိုအပ်သည်ဟု KNU က မေလ ၁၇ ရက်နေ့တွင် အဆိုပြုခဲ့သည်။
ဘုံရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များချမှတ်ရေး၊ သတင်းအချက်အလက်ဖလှယ်ရေးနှင့် အပြန်အလှန် ညှိနှိုင်းရေးတို့ကို ရည်ရွယ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) ကို ဖွဲ့စည်းရန် ထိပ်သီးဆွေးနွေးပွဲတွင် အဆိုပြုတင်သွင်းခဲ့ကြောင်း မေလ ၁၈ ရက်နေ့တွင် KNU က ထုတ်ပြန်သည့် ကြေညာချက်တွင် ထပ်မံဖော်ပြထားသည်။ PPCM တွင် NCA လက်မှတ်ထိုးသော အဖွဲ့များသာမက လက်မှတ်မထိုးသော အဖွဲ့များပါ ပါဝင်ခွင့်ရှိမည်ဖြစ်သည်။
အဆိုပြုထားသော PPCM စုဖွဲ့ပုံသည် ငြိမ်းချမ်းရေး ညှိနှိုင်းမှုများ ရှေ့ဆက်ရေးအတွက် အထောက်အကူပြုပြီး ၂၀၂၀ မတိုင်မီနှင့် ၂၀၂၀ နောက်ပိုင်း အဆင့်လိုက်ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် အထောက်အပံ့ဖြစ်နိုင်မည်ဟု ဖဒိုတာဒိုမူးက ယူဆသည်။
၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် NCA လက်မှတ်ရေးထိုးပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၄ ကြိမ်ကျင်းပခဲ့ရာ NCA လက်မှတ်ရေးထိုးသော အဖွဲ့များသာ ညီလာခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် ရှိသည်။ အခြား EAOs များက ညီလာခံကိုယ်စားလှယ်များအဖြစ် မပါဝင်နိုင်ခြင်းက NCA ကို အခြေခံထားသော နိုင်ငံရေးဆွေးနွေးမှုများတွင် အဖွဲ့အသီးသီး၏ အမြင်သဘောထားများ အပြည့်အ၀ မထင်ဟပ်နိုင်ဟု ရည်ညွှန်းလိုပုံရသည်။
“PPST members (အဖွဲ့ဝင်) တွေရဲ့ စဉ်းစားမှုက signatories ဆိုတဲ့ အခြေခံပေါ်မှာပဲ သွားချင်တဲ့ သဘောရှိတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က signatories ချည်းပဲ သွားလို့မရဘဲ non signatories တွေကို NCA လမ်းကြောင်းမှာ pros and cons (အဆိုး အကောင်း) ကို သိအောင်လုပ်ဖို့ အပိုင်းမှာ ကျနော်တို့မှာလည်း တာဝန်ရှိနေတယ်။ ပြောချင်တာက ကျနော်တို့ ဒီနေ့ NCA လမ်းကြောင်းကို သွားတဲ့နေရာမှာ ယုံယုံကြည်ကြည်နဲ့ ကျနော်တို့ စွန့်စွန့်စားစားနဲ့ သွားခဲ့တယ်။ ကျနော်တို့ KNU ရဲ့ မူဝါဒ ဖြစ်တဲ့ progressive realization ဆိုတဲ့အခြေခံ အတိုင်း တဆင့်ချင်း တိုးတက်အောင် သွားဖို့ ကြိုးစားခဲ့တယ်။ အားထုတ်ခဲ့တယ် ဆိုပေမယ့် ၃ နှစ်တာ ကာလအထိက ဒီ လက်ရှိ မြန်မာပြည်ရဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအရ ဘယ်မှမရောက်ဘဲ ဖြစ်နေတာက ဆုတ်ယုတ်မှုတခုလို့ပဲ ကျနော်တို့ ပြောလို့ရမလားပေါ့” ဟု ဖဒိုစော တာဒိုမူးက ဆိုသည်။
KNU သည် စောဘဦးကြီး၏ တော်လှန်ရေးမူ ၄ ချက် ဖြစ်သော “လက်နက်ချ စကား အလျဉ်း မပြောရ။ ကရင့် လက်နက် ကရင့် လက်ထဲတွင် ရှိရမည်။ ကရင့် ကံကြမ္မာ ကရင် ဖန်တီးမည်။ ကရင်ပြည်ကို အသိအမှတ် ပြုခြင်း ပြီးပြည့်စုံ စေရမည်” ကို အမြဲဆုပ်ကိုင်ထားသည်။
မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း သွားနေသည့်လမ်းကြောင်းသည် ထိုမူများနှင့် ဆန့်ကျင်သည်ဟု KNU ဗဟိုကော်မတီက ယူဆပါက KNU သည် မည်သည့် မဟာမိတ် သို့မဟုတ် ဆွေးနွေးပွဲမှမဆို ထွက်ခွာသွားရန် တုံ့ဆိုင်းမနေသည်ကို တွေ့ရသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ၂၀၁၄ ခုနှစ်တွင် KNU နုတ်ထွက်ခဲ့စဉ်ကလည်း NCA အပစ်ရပ်စာချုပ်မူကြမ်းအတွက် ညှိနှိုင်းမှုများ လုပ်နေချိန် ဖြစ်သည်။
ငြိမ်းချမ်းရေး ညှိနှိုင်းမှုများသည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် နှောင်းပိုင်းတွင် စတင်ခဲ့ပြီး ထိုစဉ်က အစိုးရ ငြိမ်းချမ်းရေး ညှိနှိုင်းသူများက EAOs အဖွဲ့ ၂၁ ဖွဲ့ခန့်နှင့် ညှိနှိုင်းမှုများ ရှိခဲ့သည်။ ထိုထဲတွင် ယခု ပျက်ပြယ်လုနီးနီးဖြစ်နေသော UNFC၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်အတွက် ပေါင်းစပ် ညှိနှိုင်းရေး အဖွဲ့ (NCCT) နှင့် ထိပ်သီးကိုယ်စားလှယ်များအဖွဲ့ (SDs) စသည်တို့ ပါဝင်ကာ ထိုအဖွဲ့များသည် NCA မူကြမ်းရေးဆွဲချိန် ၂၀၁၃ နှင့် ၂၀၁၅ ခုနှစ်များအကြား အဓိက ညှိနှိုင်းဆွေးနွေးမှုများကို ဦးဆောင်ခဲ့သည်။
ယခု လက်ရှိအခြေအနေနှင့် အလားသဏ္ဍာန် တူသည်မှာ KNU သည် UNFC မှ ပထမဆုံး နုတ်ထွက်ခဲ့သည့်အဖွဲ့ ဖြစ်ပြီး မဟာမိတ်ပုံသဏ္ဍာန် နိုင်ငံရေးစုဖွဲ့မှုသစ်ကို အဆိုပြုထားသော်လည်း တကယ်တမ်း အလုပ်ဖြစ် မဖြစ်က မေးခွန်းထုတ်စရာ ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် အင်စတီကျူးရှင်းကို အခြေခံပြီး ညီညွတ်မှု တည်ဆောက်ခြင်းထက် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ မူဝါဒကို အခြေခံကာ စုစည်းမှု၊ စုပေါင်းခေါင်းဆောင်မှု ရှာသည့်အတွက် ထိုသို့ ရည်ရွယ်ထားသည့် စုဖွဲ့မှု ပုံစံအသစ်က အလုပ်ဖြစ်လိမ့်မည်ဟု ယူဆကြောင်း ဖဒိုတာဒိုမူးက ခိုင်ခိုင်မာမာ ဆိုသည်။
(Nyein Nyein ၏ KNU Wants to Leave Peace Steering Team ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိမ်းစောင်းနေပြီဟု KNU ဆို
PPCM ဖြစ်လာရင် ငြိမ်းချမ်းရေး ပျက်နိုင်တဲ့ အခင်းအကျင်း ဖြစ်နိုင်တယ်
မြောက်ပိုင်း မဟာမိတ်နှင့် အစိုးရတို့ တွေ့ဆုံနိုင်ရေး နေရာညှိမရ၍ ကြန့်ကြာနေ
ခွဲထွက်ရေးလား၊ ကွန်ဖက်ဒရေးရှင်းလား၊ ဖက်ဒရယ်လား၊ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးလား