၂၀၁၉-၂၀ ဘဏ္ဍာနှစ်အတွင်း ဆိုလာစနစ်အသုံးပြု အသေးစား လျှပ်စစ်ဓာတ်အားပေးစနစ်ဖြင့် တိုင်းဒေသကြီး ၅ ခု အတွင်းရှိ ကျေးရွာပေါင်း ၁၃၀၀ ကျော်ကို အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (National Electrification Project – NEP) အရ လျှပ်စစ်မီးရရှိရန် ဆောင်ရွက်သွားပေးမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်းဟု သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးဌေးအောင် က “ရှိပြီးသား မဟာဓာတ်အားလိုင်းနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်ကျေးရွာတွေလည်း လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ဖို့ ကြိုးစားပြီး လုပ်ဆောင်ပေးနေပါတယ်၊ တိုးချဲ့ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဆိုရင် ဒေသနေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမှာလည်း ဖြစ်တယ်၊ အဲဒီလိုလျှပ်စစ် မရောက်သေးခင် အချိန်မှာ ဆိုလာစနစ်နဲ့ မီးလင်းအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ပြောသည်။
ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးရရှိရန်အတွက် ကုန်ကျစရိတ်ကို ဆိုလာတပ်ဆင်မည့် ကျေးရွာနေသူများက ၂၀ ရာခိုင်နှုန်း၊ အကောင် အထည်ဖော်မည့် ပုဂ္ဂလိက ကုမ္ပဏီက ၂၀ ရာခိုင်နှုန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနက ၆၀ ရာခိုင်နှုန်း အကုန်အကျခံ၍ လုပ်ဆောင်ပေးနေခြင်းဟု သိရသည်။
အဆိုပါ ကျေးရွာပေါင်း ၁၃၀၀ ကျော်မှာ မန္တလေး၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ စသည့် တိုင်းဒေသကြီးအတွင်းမှ ကျေးရွာများဖြစ်ပြီး မဟာဓာတ် အားလိုင်းမှ ၁၀ မိုင်ကျော်ကွာဝေးကာ လာမည့် ၁၀နှစ်အထိ လျှပ်စစ်မီး မရနိုင်သေးသည့် ကျေးရွာများအား ဦးစားပေး၍ ဆိုလာစနစ်ဖြင့် မီးလင်းရေးကို ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
NEP ကို ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ရေးဆွဲခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ စီမံကိန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၃၀ ပြည့် နှစ်တွင် နိုင်ငံ တဝှမ်းလုံး လျှပ်စစ်မီးရရှိရန် ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လုပ်ဆောင်နေခြင်းဖြစ်သည်။
အဆိုပါ NEP စီမံကိန်းကို ကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန် ဒေါ်လာ သန်း ၄၀၀ ဖြင့် ၂၀၁၆ မှ ၂၀၂၁ ခုနှစ် အထိ ၅ နှစ်တာ ကနဦး စီမံကိန်းကာလအတွင်း ကျေးရွာပေါင်း ၈၀၀၀ ကျော်နှင့် အိမ်ခြေပေါင်း ၇ သိန်းနီးပါး မီးရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
ဦးဌေးအောင် က “ကျနော်တို့ ဌာနအနေနဲ့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်းလုပ်ငန်းတွေကို အချိန်နှင့် တပြေးညီ အကောင် အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ပြည်ပချေးငွေဖြစ်တဲ့ ADB ၊ JICA ၊ KFW ၊ World Bank တို့ကနေ အတိုးနှုန်း သက်သာသော နှစ်ရှည်ချေးငွေ (Concessional Loan) ကို ရယူပြီး ဆောင်ရွက်နေပါတယ်” ဟု ပြောသည်။
NEP စီမံကိန်းအရ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မဟာဓာတ်အားလိုင်း တိုးချဲ့သွယ်တန်းခြင်း (Grid extension) ကို တာဝန်ယူ ဆောင်ရွက်နေသလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မဟာဓာတ်အားလိုင်း (National Grid) မရောက်ရှိနိုင်သေးသော ဒေသများအတွက် မဟာဓာတ်အားလိုင်း ပြင်ပမီးလင်းရေး (Ps-Grid Electrification) ကို တာဝန်ယူ ဆောင်ရွက်နေခြင်းဟု သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန (Grid extension) ကဏ္ဍအတွက် အမေရိကန် ဒေါ်လာ သန်း ၃၁၀ အသုံးပြုသွားမည်ဖြစ်သလို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မဟာဓာတ်လိုင်း ပြင်ပ မီးလင်းရေး အတွက် အမေရိကန် ဒေါ်လာ သန်း သန်း ၉၀ အသုံးပြု၍ ဆောင်ရွက်နေခြင်းဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဓာတ်အားသုံးစွဲမှု များပြားလာလျက်ရှိရာ ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းထိ တိုးမြှင့်သုံးစွဲ လာကြောင်း သိရသည်။
အဆိုပါလိုအပ်ချက်များအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၄၅၃၀ မဂ္ဂါဝပ်ခန့် တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းရသဖြင့် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ၄၄၉ မဂ္ဂါဝပ်၊ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ၇၃၇ မဂ္ဂါဝပ်၊ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် ၁၃၅၁ မဂ္ဂါဝပ်၊ စုစုပေါင်း၂၇၅၇ မဂ္ဂါဝပ် ထပ်မံတိုးတက် ထုတ်လုပ်ပေးနိုင်ရေးအတွက် စီမံချက် ရေးဆွဲ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထို့အပြင် NEP စီမံကိန်း ပထမအဆင့်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးသို့ မဟာဓာတ်အားလိုင်းမှ ၂ မိုင် အတွင်းရှိ ကျေးရွာ ၅၁၈၀ ရွာ လျှပ်စစ်ဓာတ်အာရရှိရေးကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ပြီးစီးမည်ဖြစ် ကြောင်းသိရသည်။
အဆိုပါ ပထမအဆင့်ပြီးစီးပါက ကျေးရွာ ၅၀၈၀ ရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ အတွက် ဓာတ်အားစနစ်မှ ဓာတ်အား ရရှိနိုင်မည်ဖြစ်ကာ ဒုတိယအဆင့် အနေဖြင့် မဟာဓာတ်အားလိုင်းမှ ၅ မိုင်အတွင်း ကျေးရွာများဓာတ်အား ရရှိရေးကိုလည်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်ရန် လျာထားကြောင်း သိရသည်။
ယခုအခါ နိုင်ငံတော်ဓာတ်အားစနစ်မှ အမြင့်ဆုံးဓာတ်အားသုံးစွဲမှုမှာ ၃၄၈၃ မဂ္ဂါဝပ်ရှိပြီး ရေအားလျှပ်စစ် စက်ရုံ ၂၈ ရုံမှ ၂၄၀၀ မဂ္ဂါဝပ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၆ ရုံမှ ၁၀၈၃ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိပြီး နိုင်ငံရှိ အိမ်ထောင်စု ဦးရေ၏ ၄၁ ဒသမ ၈၂ ရာခိုင်နှုန်းကိုသာ လျှပ်စစ်မီး ဖြန့်ဖြူးနိုင်သေးပြီး ၅၉ ဒသမ ၁၈ ရာခိုင်နှုန်းမှာ လျှပ်စစ်မီးရရှိရန် ကျန်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။
ဆက်စပ်ဖတ်ရှူရန် – တိုးလာနေတဲ့ လျှပ်စစ်ပမာဏ ပြည့်မီဖို့ မလွယ်ဟု ဝန်ကြီးဌာန ဆို
အမြန်ဆုံး ဘယ်လို မီးပေးနိုင်မလဲ (သို့မဟုတ်) မြန်မာ့ ပြည့်မြဲစွမ်းအင် အမြင်
လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီးရဲ့ ဖြေကြားချက်အပေါ် သူတို့အမြင်