သတင်း

ကျောက်တော် လက်နက်ကြီးကျည် ပေါက်ကွဲမှု ၂ ဦးသေ၊ ၁ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ် အလယ်ကျွန်း ကျေးရွာ အုပ်စု အလယ်ကျွန်း မွတ်ဆလင် ကျေးရွာ အတွင်း လက် နက်ကြီး ကျည်ဆံ ၁ လုံး ပေါက်ကွဲ သဖြင့် ရွာသား၂ ဦး သေဆုံးပြီး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

အဆိုပါ ကျေးရွာတွင် မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ လက်နက်ကြီး ကျည်ဆံ ပေါက်ကွဲ၍ သေဆုံးသူ များမှာ အသက် ၃၈ နှစ် အရွယ် ရော်ဘီနှင့် ၎င်း၏သား ဖြစ်သူ ၈ နှစ် အရွယ် အေဇာအမ် တို့ ဖြစ်ပြီး ၁၅ နှစ် အရွယ် မာမတ်အာဖိန်း မှာလည်း ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်း အလယ်ကျွန်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှထွန်း က ပြောသည်။

အုပ်ချုပ်ရေးမှူး ဦးဝင်းလှထွန်း က “ကျနော့်ကို မွတ်ဆလင် ကျေးရွာ တာဝန်ခံတွေ ပြောပြတာကတော့ လက်နက်ကြီး ကျည် အလုံး တလုံး အိမ်ထဲကို လာကျ တယ်လို့ ပြောတယ်။ အဲဒီမှာ ရှော်ဘီတို့ သားအဖ ၂ ဦး သေဆုံးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသူ ၂ ဦးကို ယင်းနေ့မှာပင် အလယ်ကျွန်း မွတ်ဆလင် ကျေးရွာ၌ သဂြိုဟ် လိုက်ကြောင်းလည်း ကျေးရွာသားများ ထံက သိရသည်။

ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်း မဟုတ်ဘဲ ကောက်ရသည့် လက်နက်ကြီး ကျည်ဆံအား ထုကြည့်ရာမှ ပေါက်ကွဲပြီး ရွာသား ၂ ဦး သေဆုံးကြောင်း၊ ယင်းဖြစ်စဉ်တွင် တခြား ထိ ခိုက်ဒဏ်ရာ ရရှိသူ မရှိကြောင်းလည်း ဧရာဝတီသို့ ပြောသည်။

ဦးသီဟဇော်က “မွတ်ဆလင် ရွာသား ၂ ဦး သေဆုံးတာတော့ ဟုတ်တယ်။ ရွာကို ကျည်ဆံ လာကျလို့ ဖြစ်တာ မဟုတ်ဘူး။ ကောက်ရတဲ့ လက်နက်ကြီး ကျည်ကို ထုကြည့်တယ်လို့ ပြောတယ်။ အဲဒီမှာ ပေါက်ကွဲတာ” ဟု ပြောသည်။

ရန်ကုန် အခြေစိုက် အစ္စလာမ် သာသနာရေး ကောင်စီမှ ရခိုင်ပြည်နယ် တာဝန်ခံ ဦးဝင်းထွန်းစိုး ကမူ တပ်မတော်က AA အဖွဲ့ရှိရာသို့ ရွာကို ကျော်ပြီး လက်နက်ကြီးဖြင့် လှမ်းပစ်ရာက ရွာထဲသို့ ကျည်ဆံ ကျရောက် ပေါက်ကွဲခြင်းသာ ဖြစ် သည်ဟု ဆိုသည်။

ဦးဝင်းထွန်းစိုးက “ကျနော် သိသလောက်ကတော့ ရွာသားတွေ ထုကြည့်လို့ ပေါက်ကွဲတာ မဟုတ်ဘူး။ တပ်ကနေပြီးတော့ AA အဖွဲ့ ရှိတယ် ဆိုပြီးတော့ လက်နက်ကြီးနဲ့ အဲဒီ အလယ်ကျွန်း မွတ်ဆလင် ရွာကို ကျော်ပြီး လှမ်းပစ်တာကနေ ရွာကို ကျည်ဆံ လာကျတာ။ အဲဒီမှာ ၂ ယောက် သေတယ်။ နောက် ၂ ယောက် ဒဏ်ရာရတယ် လို့ ပြောတယ်။ ဒဏ်ရာရတဲ့ လူ ၂ ယောက်က ဒဏ်ရာက သိပ်ပြင်းပြင်းထန်ထန် မဟုတ်တော့ အခု သူတို့ ရွာမှာပဲ ရှိတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက “၂၁ ရက်နေ့က အဲဒီ အလယ်ကျွန်းရွာနားမှာ ကျနော်တို့ တိုက်ပွဲ ဖြစ်ပွာခြင်းလည်း မရှိဘူး၊ ကျနော်တို့ဆီက ပစ်ခတ်မှုလည်း မရှိဘူး ” ဟု ဧရာဝတီသို့ ပြောသည် ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အလယ်ကျွန်း မွတ်ဆလင် ကျေးရွာ တာဝန်ခံနှင့် ရွာသားများထံသို့ ဧရာဝတီမှ ဆက်သွယ်ခဲ့ သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိ၍ သီးခြား မှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။

ကျောက်တော်မြို့နယ် အလယ်ကျွန်း ကျေးရွာအုပ်စုတွင် ရခိုင် တိုင်းရင်းသား ရွာ ၄ ရွာနှင့် မွတ်ဆလင် ဘာသာဝင်များ နေထိုင်သည့် ရွာ ၃ ရွာ ၊ စုစုပေါင်း ၇ ရွာ ပါဝင်လည်း သိရသည်။

You may also like these stories:

အာသံနှင့် ကသည်းသူပုန် ၂၄ ဦးကို ထောင် ၂ နှစ်စီ ချမှတ်

ကျောက်တော် ပစ်ခတ်မှု ကျောင်းသူ ၁ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာရ

နမ့်ခမ်းမြို့ပေါ်က အိမ်တအိမ်ကို လက်နက်ကိုင် လူတစုမှ ဓါးပြဝင်တိုက်

လမ်းလျှောက်သင်္ကြန် ပုသိမ်ထီး ဖြုတ်ယူသူ ၂ ဦးကို ခိုးမှုဖြင့် အမှုဖွင့်ထား

Did you find apk for android? You can find new Free Android Games and apps.
Loading