သီရိလင်္ကာနိုင်ငံအတွင်း အသေခံဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည့် Abdul Salam Irshad Mohmood ဆိုသူသည် မြန်မာနိုင်ငံသို့ ဝင် ရောက်မှုရှိခဲ့သည့်အတွက် စုံစမ်းရှာဖွေလျှက်ရှိကြောင်း ကမ္ဘာလှည့်ခရီးသွားလုံခြုံရေး ရဲတပ်ဖွဲ့က ပြောသည်။
၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က Jat Star လေကြောင်းလိုင်း ခရီစဉ်အမှတ် (3k-583) ဖြင့် ရန်ကုန်လေဆိပ်သို့ ဝင်ရောက် ခဲ့ပြီးနောက် တနှစ်ကျော်ကြာသည်အထိ လေဆိပ်မှ ပြန်လည်ထွက်ခွာကြောင်း မတွေ့ရှိရသဖြင့် အချက်အလက်များရရှိရန် တနိုင်ငံလုံးရှိ တပ်ဖွဲ့စုများသို့ ညွန်ကြားထားကြောင်း သိရသည်။
ကမ္ဘာလှည့်ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ တာဝန်ရှိသူတဦး က “ဌာနချုပ်က တိုက်ရိုက်ညွန်ကြားချက်နဲ့ ကျနော်တို့ လေကြောင်းရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့တို့နဲ့ပါ ပူးပေါင်းပြီး ရှာဖွေနေပါတယ်၊ ဟိုတယ်ခရီးဘက်ကိုလည်း အချက်အလက်ရရှိပါက ပေးပို့ဖို့ ထပ်ဆင့် အကြောင်းကြားတာတွေလုပ်ထားတယ်၊ ခုထိတော့ ဘာမှမသိရသေးပါဘူး၊ စုံစမ်းနေဆဲပါ”ဟု ဧရာဝတီသို့ရှင်းပြသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကတော့ သီရိလင်္ကာ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သူအား အထူးစောင့်ကြည့်ရမည့် စာရင်းသွင်းထားပြီး ဆောင်ရွက်လျှက်ရှိကြောင်းလည်း ယနေ့နေပြည်တော် ရှင်းလင်းပွဲတွင်ပြောည်။
Irshad Mohmood ဆိုသူနှင့်ပတ်သက်၍ ပုဂံဒေသတွင်း ဟိုတယ်နှင့်ခရီးညွန်ကြားမှုဦးစီးမှလည်း တည်းခိုခဲ့မှုရှိမရှိ စိစစ်ပြန်ကြား ပေး နိုင်ရန် ဟိုတယ်များအား မေလ ၂၂ ရက်နေ့က ထပ်ဆင့်ညွန်ကြားမှုပြုလုပ်ထားကြောင်း သိရသည်။
ဟိုတယ်နှင့်ခရီးသွားညွန်ကြားမှု ဦးစီးဌာန၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန် က “ဌာနဆိုင်ရာချင်း ပူးပေါင်းကူညီ ဆောင် ရွက်ပေးတဲ့ အနေအထားပါပဲ၊ အသေးစိတ်တော့ ကျနော်လဲ မသိသေးပါဘူး” ဟု ပြောသည်။
မေလ ၂၂ ရက်နေ့ကလည်း ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ကွင်ဆင်းကာ လေဆိပ်လုံခြုံရေး ကျိုးပေါက်မှု မရှိရေး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသည်များ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရေးနှင့် လေဆိပ်ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေလမြို့များရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် ဟိုတယ်တို့တွင် ဧပြီ ၂၁ ရက်နေ့ (အီစတာနေ့) က အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လူ ၃၂၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ISIS (အိုင်အက်)အဖွဲ့က ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း မေလ ၂၃ ရက်နေ့က AMAQ သတင်းဌာနက တဆင့် ထုတ်ဖော်ကြေညာမှုတခု ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
ထိုတိုက်ခိုက်မှုအပြီး အိုင်အက်စ်အကြမ်းဖက်အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့်အခြေအနေများနှင့်ပတ်သက်၍လည်း ဒေသတွင်းနိုင်ငံအချို့မှ သတိပေးမှုများပြုလုပ်ခဲ့ပြီး အင်ဒိုနီရှားနိုင်ငံ၏ ကြိမ်ဖန်များစွာ သတိပေးမှုများရရှိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၂၇ ရက်နေ့က ပြောထားသည်။
ဦးဇော်ဌေးက “အင်ဒိုနီးရှားဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို အကြိမ်ဖန်များစွာ သတိပေးထားတာရှိပါတယ်၊ သူတို့ဖက်မှာလည်း အကြမ်းဖက် တိုက်ဖျက်ရေးကို ဦးစားပေးပြီးဆောင်ရွက်နေတာဖြစ်တယ်။ သူတို့မှာလည်း လက်ရှိအကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်ပေါ့၊ သူတို့လုပ်တာကတော့ အစွန်းရောက်လျော့ချရေးပေါ့” ဟု ပြောသည်။
ဆီးရီးယားနှင့်အီရတ်တို့တွင် အခြေမလှခဲ့သည့် အိုင်အက်စ်အကြမ်းဖက်တို့အနေဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအား အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ၍ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများ၏ ပစ်မှတ်တခုဖြစ်လာကြောင်း ၎င်းက ထပ်မံပြောကြားထားသည်။
ဆက်စပ်ဖတ်ရှူရန် – ISIS က မြန်မာကို ပစ်မှတ်ထားလာဟု မလေးရှား ရဲချုပ် ပြော
အကြမ်းဖက် သံသယဖြင့် မလေးရှားက ဖမ်းဆီးသူ ၄ ဦးတွင် “ရိုဟင်ဂျာ” ၂ ဦးပါ
သီရိလင်္ကာဗုံးပေါက်ကွဲမှု သေဆုံးသူ ၃၁၀ အထိ တိုးလာ
သီရိလင်္ကာကို ISIS ဗုံးခွဲမှု လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုသစ် ဖြစ်
သီရိလင်္ကာ အသေခံဗုံးခွဲသူများသည် ပညာတတ် လူလတ်တန်းစားများဖြစ်