အင်ဒိုနီးရှားမြို့တော် ဂျကာတာတွင် အငြင်းပွားနေသော ရွေးကောက်ပွဲနှင့် ပတ်သက်သည့် တင်းမာမှုများသည် ဒုတိယမြောက်နေ့ ဒေါသတကြီး တိုက်ခိုက်မှုများအဖြစ် လမ်းမများပေါ် လျှံကျလာပြီး ဆန္ဒပြသူများက ရဲတပ်ဖွဲ့ကို ကျောက်ခဲများ၊ ဗျောက်အိုးများဖြင့်ပစ်ကာ ရဲတပ်ဖွဲ့ကလည်း ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့သည်။
လူထောင်ပေါင်းများစွာတို့သည် အင်ဒိုနီးရှား ရွေးကောက်ပွဲ အေဂျင်စီရုံးရှေ့တွင် ဗုဒ္ဓဟူးနေ့က စုရုံးခဲ့ပြီး ဧပြီလ ၁၇ ရက်နေ့က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲမှ အကျယ်အပြန့် စွပ်စွဲခံနေရသော မသမာမှုများကို ဆန့်ကျင်ကန့်ကွက်ကြသည်။
သမ္မတ ဂျိုကို ဝီဒိုဒိုသည် မဲ ၅၅ ရာခိုင်နှုန်း ရပြီး ပြန်လည်ရွေးကောက် ခံရသည်ဟု ရွေးကောက်ပွဲကော်မရှင်က အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ ထိုရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည်ဟု အများက လက်ခံကြသည်။
ဗုဒ္ဓဟူးနေ့ နေ့ဖက်အချိန်တွင် ဂျကာတာမြို့လယ်သည် ငြိမ်းငြိမ်းချမ်းချမ်းရှိနေပြီး ရှုံးနိမ့်သွားသော သမ္မတလောင်း အထူးတပ်ဖွဲ့ ဗိုလ်ချုပ်ဟောင်း ပရာဘိုဝို ဆူဘီယန်တိုကို ထောက်ခံသူများက အစ္စလမ်မစ်နှင့် အင်ဒိုနီးရှား အလံများ ကိုင်ဆောင်ပြီး ဝှေ့ရမ်းကာ စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုနေကြသည်။
“ ကျနော်တို့ငြိမ်းချမ်းစွာ လုပ်ဆောင်နေတာပါ။ ပုန်ကန်နေတာ မဟုတ်ဘူး” ဟု လူထုစုဝေးပွဲတက်ရောက်ခဲ့သော အသက် ၄၆ နှစ်အရွယ်ရှိ ဂျကာတာ မြို့ခံ ရပ်စလီကပြောသည်။ “ဆန္ဒမဲအချက်အလက်တွေကို လက်တလုံးခြားလုပ်ခဲ့တယ်။ ကျနော်တို့ပြောရေးဆိုခွင့် ဆုံးရှုံးနေတယ်။ တရားမျှတမှု လိုချင်တယ်” ဟု သူပြောသည်။
ဂျကာတာမြို့လယ်၏ အစိတ်အပိုင်းများကို လုံခြုံရေးအရ ပိတ်စို့ထားပြီး လမ်းများကို သံဆူးကြိုးများဖြင့်ကာရံကာ သယ်ယူပို့ဆောင်ရေး စခန်းများကို ပိတ်ထားပြီး ရဲနှင့်စစ်သား ၃၀၀၀၀ ခန့် အဆင်သင့် စောင့်ကြပ်နေခဲ့သည်။
ညဖက်ရောက်သောအခါ လူအများအပြားသည် ဆန္ဒပြပွဲများမှ ထွက်ခွာလာကြသော်လည်း အာဏာပိုင်များသည် သံဆူးကြိုး အတားအဆီးများပေါ်မှ ကျောက်ခဲများ၊ဗျောက်အိုးများ ပစ်ခတ်နေသည့် ဒေါသထွက်နေသော လူငယ်အုပ်စုများကို လူစုခွဲရန် ကြိုးစားသည်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ ရာဘာကျည်ဆံများဖြင့် ပစ်ခတ်ပြီး အဓိကအုပ်စုကို နောက်ဆုတ်အောင် တွန်းထုတ်သည်။
လူ ၆ ဦး သေဆုံးပြီး လူ ၂၀၀ ဒဏ်ရာရကြောင်း ဂျကာတာ မြို့တော်ဝန်က ဆိုသည်။ လူ ၂၅၀ ခန့်အဖမ်းခံရသည်ဟုလည်း သတင်းများက ဆိုသည်။
အဆိုပါ ဖြစ်ရပ်များသည် အင်ဒိုနီးရှားနိုင်ငံ၏ အဆိုးရွားဆုံးနိုင်ငံရေး အကြမ်းဖက်မှုများတွင် ပါဝင်ပြီး မတည်ငြိမ်သည့် အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း သမ္မတက ရုပ်သံမှတဆင့် နိုင်ငံသို့ပြောသည်။
“ နိုင်ငံတိုးတက်ဖို့အတွက် ဘယ်သူနဲ့မဆို ပူးပေါင်းလုပ်မယ်။ ဒါပေမယ့် လုံခြုံရေး၊ ဒီမိုကရေစီ လုပ်ငန်းစဉ်နဲ့ ကျနော်တို့ အချစ်ဆုံးနိုင်ငံတော်ရဲ့ ညီညွတ်ရေးကို ဖျက်ဆီးတာကိုတော့ သည်းခံမှာ မဟုတ်ဘူး” ဟု စစ်ဖက် အကြီးအကဲနှင့် ဒုတိယသမ္မတတို့ခြံရံပြီး ဂျိုကိုဝီဒိုဒို ပြောသည်။
ကြာသပတေးနေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင် ၆၀၀၀၀ နီးပါးကို မြို့တော်လမ်းမများတွင် ချထားပြီး အင်အားကို ၂ ဆ တိုးထားသည်။
အဓိကရုန်းများကို ကြိုတင်စီစဉ်ခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုနေပြီး လူများကြား ဝင်ရောက်လှုံ့ဆော်သူများ ရှိနိုင်သည်ဟူသည့်အချက်ကိုလည်း ထည့်တွက်ထားကြောင်းလည်း ဆိုသည်။
ပရာဘိုဝိုသည် ၂၀၁၄ ခုနှစ်ရွေးကောက်ပွဲတွင် တကြိမ်၊ အခုတကြိမ် ရှုံးနိမ့်ခဲ့သော်လည်း သူသည် အနိုင်ရသင့်သူဖြစ်ကြောင်း ကြေညာသည်။ သူ၏ အဖွဲ့သည် ရွေးကောက်ပွဲရလဒ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးတွင် တိုင်ကြားမည်ဟုသူပြောသည်။
ရွေးကောက်ပွဲအပြီး လများအတွင်း ပြည်သူ့အာဏာ ပြသရန် ထောက်ခံသူများကို လှုံ့ဆော်ခဲ့သောကြောင့် ပရာဘိုဝိုနောက်လိုက် အနည်းဆုံး ၂ ဦးမှာ နိုင်ငံတော်ပုန်ကန်မှုစွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။ ဗုဒ္ဓဟူးနေ့က ကျင်းပသည့် လူထုစုဝေးပွဲများကိုလည်း ထိုသူများ တက်ရောက်ကြသည်။
အင်ဒိုနီးရှား၏ သက်တမ်းရှည် အာဏာရှင် ဆူဟာတို ၁၉၉၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုအတွင်း ပြုတ်ကျစဉ်က ပရာဘိုဝိုသည် စစ်ဖက် အကြီးအကဲတဦးဖြစ်သည်။ စိတ်လိုက်မာန်မာလုပ်တတ်သော ဗိုလ်ချုပ် ပရာဘိုဝိုသည် ဆူဟာတို၏ သားမက်လည်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က ကျောင်းသားများကို ပြန်ပေးဆွဲ ညှင်းပမ်းနှိပ်စက်မှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရပြီး ရာထူးမှ ဖြုတ်ချခံရသည်။ သို့သော် ထိုအချက်ကို သက်သေမပြနိုင်ပဲ သူကိုယ်တိုင်ကလည်း အမြဲငြင်းဆန်ခဲ့သည်။
ကြာသပတေးနေ့နံနက်တွင် ပရာဘိုဝိုက လေပြည်ထိုးရန် ကြိုးစားပြီး ဆန္ဒပြသူများအိမ်ပြန်ရန်နှင့် အကြမ်းဖက်မှုများကို ရှောင်ရှားရန် ပြောသည်။
“ကိုယ့်ရဲ့ရည်မှန်းချက်တွေကို အကောင်အထည်ဖေါ်နေတဲ့ ပြည်သူအလွှာအားလုံး ကိုကျနော်မေတ္တာရပ်ခံချင်ပါတယ်။ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ လူတိုင်းလူတိုင်းအနေနဲ့ ရုပ်ပိုင်ဆိုင်ရာ ထိခိုက်မှုတွေကို ရှောင်ရှားရပါမယ်။ နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတဲ့ မနေ့ညကနဲ့ ဒီနေ့ အရုဏ်တက်ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု ထပ်မဖြစ်စေရပါဘူး” ဟု သူပြောသည်။
ဗုဒ္ဓဟူးနေ့ညတွင် အာဏာပိုင်များသည် သတင်းတုဖြန့်ချိမှုနှင့် တရုတ်နွယ်ဖွားများအား ဆန့်ကျင်သော အမုန်းတရား ရေးသားမှုများကို တားဆီးရန် ဖေ့ဘွတ်နှင့် WhatsApp လူမှုကွန်ရက် အသုံးပြုမှုအချို့ကို ပထမဆုံးအကြိမ်အဖြစ် ပိတ်ပင်ခဲ့သည်။
ကိုးကား။ ။ Reuters
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ
ရှရီးယား ဥပဒေသစ်ကြောင့် ဘရူနိုင်းနိုင်ငံသား LGBT များ ထွက်ပြေးကြ
အကြမ်းဖက် သံသယဖြင့် မလေးရှားက ဖမ်းဆီးသူ ၄ ဦးတွင် “ရိုဟင်ဂျာ” ၂ ဦးပါ