အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို နာမည်လိပ်စာမပါသည့်ပစ်စာတိုင်စာများဖြင့် တိုင်ကြားသည့်အပေါ် အရေးယူဆောင်ရွက်မှုများ ရှိနေသဖြင့် လပွတ္တာမြို့နယ်မှဆရာ၊ ဆရာမ ၅၀၀ ကျော်က မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့တွင် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
လိပ်စာမပါသည့် ပစ်စာတိုင်စာများအတွက် စစ်ဆေးခြင်းသည် ပညာရေးဝန်ထမ်းများ၏ ဂုဏ်သိက္ခာ ထိခိုက်ကြောင်း၊ ဝန်ထမ်းများမှ မိမိတို့သဘော ဆန္ဒအလျှောက် ပင်စင်ယူ ဆရာကြီး၊ ဆရာမကြီးများကို ကိုယ်ချင်းစာစိတ်ဖြင့် ထောက်ပံ့သည့်ငွေကြေးနှုန်း ကောက်ယူသည့်အပေါ် မည်သည့်ငွေကြေးမှ မကောက်ရ ဆိုသည့်အတွက်လည်း နာမည်ပျက်သလိုဖြစ်နေကြောင်း ဆန္ဒဖော်ထုတ်သည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများက ပြောသည်။
လပွတ္တာမြို့နယ်၊ သဲဖြူကျေးရွာ၊ မူလတန်း (လွန်) ကျောင်းအုပ်ဆရာကြီး ဦးသီဟစိုး က “ပစ်စာတိုင်စာနဲ့ လူတွေကိုစစ်တယ်။ လိပ်စာမပါပဲ ပစ်တာမျိုးဟာကို ပြစ်မှုထင်ရှားတော့ အရေးယူတယ်။ ပြစ်မှုထင်ရှား မရှိဘူးဆိုရင် ကျနော်တို့ တိုင်ကြားခံရသူဘက်က နစ်နာပါတယ်ဆိုပြီး ဘယ်သူ့ကို ပြန်တရားစွဲရမလဲ။ ကျနော်တို့ ဝန်ထမ်းတယောက် အနေနဲ့ ပြန်လည်ပြီးတော့ ချေပခွင့်မရှိဘူး။ ဒါတွေက ကျနော်တို့ ဆရာ၊ ဆရာမတွေအတွက် အရမ်းကို ထိခိုက်နစ်နာ နေတဲ့အတွက် အခုလိုဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ထို့ပြင် မြို့နယ်အတွင်းမှာရှိ ပညာရေးဝန်ထမ်းများက ပင်စင်စား ဆရာ၊ ဆရာမကြီးများကို လစာထဲမှ ၁၀၀၀ ကျပ် လစဉ်ဖြတ်တောက်ခံ၍ လှူဒါန်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် ပညာရေးဌာနမှ မည်သည့်ငွေကြေးမှ မကောက်ခံရန် ညွှန်ကြားချက်ကြောင့် ပင်စင်စား ဆရာ၊ ဆရာမကြီးများကို ထောက်ပံ့သည့်အစီအစဉ် ဖျက်သိမ်းရမည့် အခြေအနေ ဖြစ်နေကြောင်း ဆန္ဒဖော်ထုတ်သည့် ပညာရေးဝန်ထမ်းများက ပြောဆိုသည်။
ပညာရေး ကူညီထောက်ပံ့ရေး အဖွဲ့က ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်းရှိ ပညာရေး ဝန်ထမ်းများ၏ လစာအတွင်းမှ ငွေ ၅၀၀ ကျပ်စီဖြတ်တောက်၍ စီမံခန့်ခွဲနေခြင်းကို မြို့နယ်ပညာရေးမှူး ဦးမြင့်သွင်မှ သိလျှက်နှင့် မထိန်းချုပ်နိုင်ခြင်း၊ အရေးယူဆောင်ရွက်မှုမရှိခြင်း၊ ဌာန၏ ညွှန်ကြားချက်ကို မလိုက်နာခြင်းနှင့် စီမံခန့်ခွဲမှု အားနည်းသည်ဟုဆိုကာ မေလ ၃ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနမှ မြို့နယ် ပညာရေးမှူး ဦးမြင့်သွင်ကို ရာထူး တဆင့်လျှော့ချ၍ အရေးယူခဲ့ပြီးနောက် လပွတ္တာမြို့နယ်မှ ပညာရေး ဝန်ထမ်းများ၏ ဆန္ဒပြမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယမန်နေ့ ညနေပိုင်းက လပွတ္တာမြို့တွင် ပြုုလုပ်ခဲ့သည့်ဆန္ဒဖော်ထုတ်ပွဲသို့ လပွတ္တာမြို့ပေါ် ကျောင်းများမှ ဆရာ၊ ဆရာမများနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများလည်း ပူးပေါင်းပါဝင်ကာ တောင်းဆိုချက် ၅ ချက်ကို ကြွေးကြော်၍ မြို့အနှံ့လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဆရာ၊ ဆရာမများ၏ တောင်းဆိုချက်များမှာ ပစ်စာတိုင်ကြားသူ လိပ်စာမပါလျှင် ဌာနဆိုင်ရာ အရးယူမှု မပြုရေး၊ ပစ်စာတိုင်ကြားသူကို သက်သေအဖြစ်ထည့်သွင်း စစ်ဆေးပေးရေး၊ မဟုတ်မမှန် တိုင်ကြားသူကို ဌာနမှ တရားစွဲဆိုပေးရေး၊ အစိုးရဘဏ္ဍာငွေ မလုံလောက်ပါက ပညာရေးလုပ်ငန်းများကို ချက်ချင်းရပ်ဆိုင်း ထားပေးရေး၊ ပင်စင်စားထောက်ပံ့ကြေး ကောက်ခံမှုကို ဌာနဆိုင်ရာအရေးယူမှုမပြုရေး စသည့် အချက်၅ ချက် ဖြစ်ကြောင်း သိရသည်။
ပစ်စာတိုင်စာများနှင့်ပတ်သတ်၍ တိုင်းဒေသကြီးအစိုးရဝန်ကြီးများကိုယ်တိုင် တချို့သောကိစ္စများတွင် ပစ်စာတိုင်စာများဖြင့် စစ်ဆေးခံရမှုများရှိကြောင်း၊ ပညာရေးဝန်ထမ်းများအနေဖြင့်လည်း ပစ်စာတိုင်စာ များရှိလာလျှင် စုံစမ်းစစ်ဆေးမှုများ ခံယူရမည်ဖြစ်ပြီး တိုင်ကြားချက်မှန်ကန်ပါက ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မဟုတ်မမှန် တိုင်ကြားခဲ့လျှင်တော့ တိုင်ကြားသူကို ပြန်လည်အရေးယူရန် လိုအပ်ကြောင်း ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောသည်။
ဒေါက်တာ လှမြတ်သွေး က “တချို့ကိစ္စတွေမှာ ကျမတို့ အစိုးရအဖွဲ့ဝန်ကြီးတွေ ကိုယ်တိုင် ပစ်စာတိုင်စာကြောင့် စစ်ဆေးမှုကို ခံရပါတယ်။ ပစ်စာတိုင်စာကို စစ်ဆေးလိုက်တဲ့အခါမှာ သက်သေအတိ အကျပေါ်ထွက်လာရင်တော့ ဝန်ထမ်းဥပဒေ လုပ်ထုံးလုပ်နည်းအတိုင်း သွားမှာပဲ။ မဟုတ်မမှန် တိုင်ကြားမှုပေါ်လွင်ရင်တော့ တိုင်ကြားသူကို ပြန်ပြီးတော့အရေးယူဖို့ လိုအပ်တယ်။ ကျမတို့ကိုယ်တိုင် ဒီလိုသဘောထား ရှိပါတယ်”ဟု ပြောသည်။
ထို့ပြင် မည်သည့်အကြောင်းပြချက်ဖြင့်မဆို ပညာရေးဝန်ထမ်းများထံမှ ငွေကြေးကောက်ခံခြင်း၊ ဖြတ်တောက်ခြင်း မလုပ်ရဟု ညွှန်ကြားထားပြီး ဖြစ်သည့်အတွက် ပင်စင်စား ပညာရေး ဝန်ထမ်းများကို ထောက်ပံ့ရန်အတွက် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းအားလုံးထံမှ လစဉ်ငွေကြေးဖြတ်တောက်မှုကို လက်မခံကြောင်း ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ဆက်ပြောသည်။
ဝန်ကြီး ဒေါက်တာ လှမြတ်သွေးက “ပင်စင်စာဆရာ၊ ဆရာမကြီးတွေကို မထောက်ပံ့ပါနဲ့လို့ ပြောတာမဟုတ်ဘူး။ ပညာရေး ဝန်ထမ်းများထံက ဘာကြောင်းပြချက်နဲ့မှ ငွေမဖြတ်ရလို့ ပြောထားပြီးသား။ ဒီလိုမူဝါဒ ချမှတ်တာကလည်း အောက်ခြေက ဆရာ၊ ဆရာမများကိုယ်တိုင် တင်ပြလာလို့ ဒီမူဝါဒကို ချမှတ်ခဲ့တာပါ။ အဲတော့ ပင်စင်စား ဆရာ၊ ဆရာမကြီးတွေကို ထောက်ပံ့ချင်တယ်ဆိုရင် လစာထုတ်တဲ့အချိန်မှာ ငွေစုတဲ့ Money Box တစ်ခုထားပြီး အဲ့ထဲကို စေတနာ ရှိသလောက် ထည့်ကြတဲ့ အစီအစဉ်မျိုးတွေ လုပ်လို့ရနိုင်ပါတယ်” ဟု သူက ပြောသည်။
ပညာရေးဝန်ကြီးဌာနတွင် ယခင်အစိုးရများ လက်ထက်က မြို့နယ်ပညာရေးမှူး ရုံးများတွင် ပညာရေးဝန်ထမ်းများ လစာထုတ်သည့် အချိန်တိုင်း ပြက္ခဒိန်ကြေး၊ စာအုပ်ကြေး၊ လူကြီးလမ်းကြောင်း ကျွေးမွေးခစသဖြင့် ခေါင်းစဉ်မျိုးစုံဖြင့် ဆရာ၊ ဆရာမများ၏ လစာထဲမှ ငွေကြေးဖြတ်တောက် ရယူလေ့ရှိပြီး ပိုသည့်ငွေကိုသာ ပညာရေးဝန်ထမ်းများကို လခထုတ်ပေးသည့် အနေအထားများ ဖြစ်ခဲ့ဖူးကြောင်း ပညာရေးဝန်ထမ်းများထံမှသိရသည်။
လပွတ္တာမြို့နယ်မှ ဆရာ၊ ဆရာမများ၏ ဆန္ဒဖော်ထုတ်ပွဲကို ညနေ ၄ နာရီအချိန်တွင် လပွတ္တာမြို့၊ဆုတောင်းပြည့် ဘုရားမှ စတင်ခဲ့ကြပြီး ဘုရားလမ်း၊ သြဘာလမ်း၊ မြို့ပတ်လမ်းတို့မှ တဆင့် မြို့တွင်းသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပြီး ရတနာဒီပ ဘောလုံးကွင်းတွင် စုဝေးဟောပြောမှုများ ပြုလုပ်ခဲ့ရာ လပွတ္တာမြို့ခံများက ဆရာ၊ ဆရာမများကို အအေးနှင့် မုန့်များ ကျွေးမွေးခဲ့ကြသည်။
You may also like these stories:
အထက်တန်းကျောင်း ပြီးဆုံးသူဦးရေ အများဆုံး နိုင်ငံများ
သီရိလင်္ကာ အသေခံဗုံးခွဲမှုနှင့် ဆက်စပ်သူတဦးကို မြန်မာရဲ ရှာဖွေနေ
မူလတန်း သင်ရိုးတွင် လူမျိုး၊ ဘာသာ ခွဲခြားမှု ပါဝင်နေကြောင်း အရပ်ဘက် အဖွဲ့များ ပြော
စက်မချုပ်ချင်ဘူး၊ ပြည့်တန်ဆာပဲ လုပ်ချင်တယ်