သီရိလင်္ကာ နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ Abdul Salam Irshad Mohmood ဆိုသူအား ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်အတွင်း ဖမ်းမိခဲ့သည်။
၎င်းအနေဖြင့် ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးရာမှ ရဲတပ်ဖွဲ့ က ရှာဖွေနေသူနှင့် အချက်အလက်များ ကိုက်ညီမှု ရှိနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ (ရန်ကုန်) တာဝန်ရှိသူ တဦးက“သူက သက်တမ်းလာတိုးတဲ့ အချိန်မှာ ဖမ်းမိတာပါ၊ အခုထိတော့ အတိအကျ ပြောလို့မရသေးဘူး၊ သံသယရှိသူလို့ပဲ ပြောရမယ်၊ စစ်ဆေးနေတုန်းမို့ပါ”ဟု ဧရာဝတီသို့ ပြော သည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူအား သတင်း ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားပြီး ဆက်လက် စစ်ဆေးလျက် ရှိသည်ဟုလည်း ဆို သည်။
၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က Jet Star လေကြောင်းလိုင်း ခရီစဉ်အမှတ် (3k-583) ဖြင့် ရန်ကုန်လေဆိပ် သို့ ဝင်ရောက် ခဲ့ပြီးနောက် တနှစ်ကျော်ကြာသည်အထိ လေဆိပ်မှ ပြန်လည် ထွက်ခွာကြောင်း မတွေ့ရှိရသဖြင့် အချက် အလက်များ ရရှိရန် တနိုင်ငံလုံးရှိ တပ်ဖွဲ့စုများသို့ ညွန်ကြားထားကြောင်း သိရသည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေလမြို့များရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် ဟိုတယ်တို့တွင် ဧပြီ ၂၁ ရက်နေ့ (အီစတာနေ့) က အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လူ ၃၂၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀ ခန့်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ISIS (အိုင်အက်စ်)အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က AMAQ သတင်းဌာနက တဆင့် ထုတ်ဖော ်ကြေညာမှုတခု ပြုလုပ်ထားသည်။
တိုက်ခိုက်မှုအပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အခြေအနေများနှင့် ပတ်သက် ၍လည်း ဒေသတွင်းနိုင်ငံအချို့မှ သတိပေးမှုများ ပြုလုပ်ခဲ့ပြီး အင်ဒိုနီရှားနိုင်ငံ၏ ကြိမ်ဖန်များစွာ သတိပေးမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၂၇ ရက်နေ့က ပြောဆိုထားသည်။
ဆက်စပ် ဖတ်ရှုရန် – သီရိလင်္ကာ အသေခံဗုံးခွဲမှုနှင့် ဆက်စပ်သူတဦးကို မြန်မာရဲ ရှာဖွေနေ