ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်တွင် လွှင့်ထူထားသော မြန်မာ အလံ တိုင်ကို တရုတ်နယ်ခြားစောင့်တပ်က လက်နက် အပြည့်အစုံဖြင့် လာရောက်၍ ဖြုတ်ချခဲ့မှုသည် ၂ နိုင်ငံ ဆက်ဆက်ရေးကို ထိခိုက်စေသဖြင့် ယင်းဒေသတွင် နယ်နိမိတ် ပြန်လည် သတ်မှတ်လိုကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြော သည်။
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ချင်းရွှေဟော်မြို့ အမှတ်(၂) ရပ်ကွက် နယ်နိမိတ် ကျောက်တိုင် အမှတ် BP- 144/3 နှင့် BP-144/4 ကြား ခန့်မှန်း မြေပုံညွန်း (MF-824965) ရှိ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းမှ (၄.၇) မီတာခန့်အကွာ တွင် စိုက်ထူထားသော မြန်မာနိုင်ငံ အလံတိုင်နေရာသို့ တရုတ် နယ်ခြားစောင့်တပ်မှ ဝင်ရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အမြဲတန်း အတွင်းဝန် ဦးမြင့်သူက “အလံတိုင်ကို ဖြတ်သွားတယ်ဆိုတဲ့ ကိစ္စနှစ်နိုင်ငံ ပြောပြီးပါပြီ။ သံအ မတ်ကိုလည်း ကျနော် ခေါ်ပြောပြီးပါပြီ။ ဒါက ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း ထိခိုက်နိုင်တဲ့အတွက် ကျနော်ခုနက တင်ပြခဲ့သလိုပဲ ဘဘ စစ်ဆင်ရေး ၁၉၅၀ ကျော်က လုပ်ခဲ့တဲ့ဟာ ဒုတိယအကြိမ် ရှိပြီးပါပြီ။ တတိယအကြိမ် အမြန်ဆုံးပြန်ပြီးတော့ နယ်နိမိတ် သတ် မှတ်ဖို့ လိုပါတယ်”ဟု ပြောသည်။
ဧရာဝတီ သတင်းဌာနက ယနေ့ နေပြည်တော်၊ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစိုးရ၏ တတိယနှစ် သက်တမ်း အတွင်း ဆောင်ရွက်ချက်များ အကြောင်း ရှင်းလင်းပွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အလှည့်တွင် အထက်ပါ တရုတ်-မြန်မာ နယ် စပ်ကိစ္စကို မေးခွန်းထုတ်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံဘက်မှ နယ်စပ်တွင် မြန်မာနိုင်ငံဘက်ခြမ်းသို့ ဝင်ရောက်ပြီး မကြာခန ပြဿနာများ ဖြစ်ပေါ်နေရခြင်းကို မြန်မာလူထု၏ ဆန့်ကျင့်ကန့်ကွက်မှုများက ပိုမို ကြီးထွားလာနေသဖြင့် ယင်းပြဿနာ ဖြစ်ပေါ်စဉ်က တရုတ်သံအမတ်ကို မြန်မာအစိုးက ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောဆိုခြင်း၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ယူနန်ပြည်နယ် ပြည်ပ ဆက်ဆံရေး ဌာနသို့ ကန့်ကွက်စာပေးပို့ခြင်းများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
အမြဲတန်း အတွင်းဝန် ဦးမြင့်သူက “ချင်းရွှေဟော် ကိစ္စကို ၂ နိုင်ငံ Joint Expression ဆင်းပြီးပါပြီ။ ကျနော်တို့ဆီက နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့် ဥပဒေရေးရာ ဦးစီးဌာနက တာဝန်ခံ ပုဂ္ဂိုလ်တွေနဲ့ ပြည်နယ် အစိုးရနဲ့ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အောက်ခြေ အဆင့်မှာ ပူးတွဲကွင်းဆင်း ပြီးပါပြီ။ ဒီချင်းရွှေဟော် နယ်နမိတ် ကိစ္စကလည်း မှတ်တိုင် ၁ ခုနဲ့ ၁ ခုကြား ကွာဝေးတဲ့အတွက် နယ်နိမိတ်ကြား မှတ်တိုင် အနေအထားကို မသိတဲ့အတွက် ဒီလို ကိစ္စတွေ ဖြစ်တာပါ”ဟု ရှင်းပြသည်။
ထို့ပြင် တရုတ်-မြန်မာ နယ်စပ် ဆင်ဖြူရှင်ဂိတ်တွင်လည်း ဈေးခေါင်း၏ အဆောက်အဦဈေး တာဝန်ရှိသူ၏ အဆောက်အဦသည် တရုတ် နယ်နိမိတ်ဘက်ကို ကျော်သွားသည်ဆိုကာ တရုတ်ဘက်မှ ကန့်ကွက်သဖြင့် ပြန်ဖျက်ပေးခဲ့ရဖူးကြောင်း ယင်းနိုင်ငံခြားရေး တာဝန်ရှိသူက ပြောသည်။
တရုတ်-မြန်မာ ၂ နိုင်ငံနယ်စပ်တွင် ဂိတ်အဝင်အထွက်၊ ကားအဝင်အထွက် ဖြတ်သန်းမှုများကို တရုတ်ဘက်မှ တဖက်သတ် စည်း မျဉ်း၊ စည်းကမ်းတွေ ချမှတ်ထားသည့် အပေါ်တွင်လည်း ၂ နိုင်ငံ ဒေသခံ ပြည်သူများက မကျေနပ်ကြောင်း၊ ထို့ပြင် နယ်စပ် ပြဿနာသည် နမ့်ခမ်း၊ ကြယ်ခေါင်၊ ဆင်ဖြူရှင်ဂိတ်၊ ကြူဂုတ်-ပန်ဆိုင်း၊ ချင်းရွှေဟော် ဒေသများတွင် ဆက်တိုက် ဖြစ်ပွားနေကြောင်း နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ပြောသည်။
ဦးမောင်မောင်စိုး က “တရုတ်နယ်စပ်ရဲတွေရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေက တဖက်စီးနင်းနိုင်တယ်လို့ ဒေသခံတွေက အဲလိုပဲ မြင်တယ်။ တကယ်တန်း က လူဖမ်းတဲ့ ကိစ္စမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်လို ပြဿနာမျိုးပဲ ပေါ်ပေါ် ၂ နိုင်ငံ ပြည်သူတွေ ဆက်ဆံရေး ကောင်းမွန်အောင် တာဝန်ရှိသူ တွေကို အကြောင်းကြားလို့ ရရဲ့ သားနဲ့ ဒီလိုလုပ်တာ ၂ နိုင်ငံ ဆက်ဆံရေးကို သေချာပေါက် ထိခိုက်တယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “တရုတ်အာဏာပိုင်တွေက မြန်မာပြည်ရဲ့ အချုပ်အခြာ အာဏာကို လေးစားဖို့ လိုတယ်။ တဖက်သတ် ဒီလို အလံ လာဖြုတ်တာတို့က နိုင်ငံကြီးတနိုင်ငံက နိုင်ငံငယ်တနိုင်ငံကို အင်အားသုံးပြီး စော်ကားသလိုမျိုး ဖြစ်တဲ့အတွက်ကြောင့် ဒီလိုမျိုး ဆက်လုပ်နေရင် တ ရုတ်-မြန်မာ ဆက်ဆံရေးက ကောင်းမှာ မဟုတ်ဘူး။ မြန်မာပြည်သူတွေကြားထဲမှာ တရုတ်ဆန့်ကျင်ရေး ပိုများလာလိမ့်မယ်” ဟု သုံးသပ်သည်။
ယခုလို ၂ နိုင်ငံ နယ်စပ် ပြဿနာသည် ဖြစ်တတ်သည့် သဘောသဘာဝ ရှိပြီး ယခု ကိစ္စကိုမူ ဖြေရှင်းရန် နယ်နိမိတ် တိုင်းတာရေး ကို သတ်မှတ် စည်းမျဉ်း ဥပဒေများနှင့်အညီ ပြန်လုပ်ရမည် ဖြစ်ကြောင်း၊ ထပ်၍ ပြဿနာ ပိုမကြီးထွားမီ နယ်စပ်ပြဿနာကို အရင် ဖြေရှင်းရန် လိုကြောင်း ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာ ဆက်ဆံရေး ကော်မတီဝင် ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
NLD ပါတီဝင်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင် က “ရေပိုင်နက်၊ မြေပိုက်နက် အငြင်းပွားမှုက နယ်စပ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ တရုတ်က ဖြစ်လို့ ဒီလို ဖြစ်နေတယ်လို့တော့ သုံးသပ်ချက် မပေးလိုဘူး။ တရုတ်နဲ့ အငြင်းပွားတယ် ဆိုရင်လည်း ၂ နိုင်ငံလုံးက ဒါကို ဦးစားပေး ဖြေရှင်းရမယ်။ ၂ နိုင်ငံရဲ့ ချစ်ကြည်မှုကို ထိန်းသိမ်းသော အားဖြင့် ဒီနယ်စပ်ကို စနစ်တကျ ပြန်တိုင်းထွာသင့်တယ်”ဟု ပြောသည်။
တရုတ် – မြန်မာ နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွားမှုများ ဖြစ်ပေါ်ပါက ဖြေရှင်းနိုင်ရေး အတွက် မြန်မာ-တရုတ် နယ်စပ် ဒေသ များ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး ထားကြကြောင်း သိရ သည်။
ထို သဘောတူစာချုပ်ပါ အခြေအနေများ အပါအဝင် လက်ရှိ မြန်မာ- တရုတ် နယ်စပ်အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေး အတွက် ဆောင်ရွက်မည့် ကိစ္စများကို တရုတ်နိုင်ငံနှင့် ဆက်လက် ဆွေးနွေးနေသလို နယ်စပ် အငြင်းပွားမှုများ ထပ်မံ မဖြစ် ပေါ် လာရေး အတွက် ပူးတွဲရည်မှန်းချက် တခုကို ဖော်ဆောင်ရန်လည်း မြန်မာအစိုးရက ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သိရသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည် လာမည်
ကရင်နီ လူငယ် ၆ ဦးကို ရဲတပ်ဖွဲ့ လိုက်လံ ဖမ်းဆီး
ဒုက္ခသည် ပြန်လည် လက်ခံရေး ကုလသမဂ္ဂနှင့် လက်မှတ်ရေးထိုးမည်
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး မြောက်ကိုရီးယားကို သွားရောက်
မြန်မာ့ ပထဝီ နိုင်ငံရေး၊ အိန္ဒိယနှင့် ဂျပန် သံခင်းတမန်ခင်း