သတင်းမီဒီယာများ အနေဖြင့် အစိုးရ အဖွဲ့ ကောင်းတာ လုပ်လျှင် သတင်းတင်ပေးကြသလို မကောင်းတာ လုပ်လျှင်လည်း သတင်းများ ဖော်ထုတ် ရေးသားကြရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုက် တွန်း ပြောဆိုလိုက်သည်။
ပုသိမ်မြို့ ဧရာရွှေဝါ ခန်းမ၌ မေလ ၂၂ ရက်က ပြုလုပ်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ ပြည်သူ့ အတွက် တတိယ တစ်နှစ်တာ ကာလ အတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် ဦးလှမိုး အောင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင် က “ကျနော်တို့ မဟုတ်တာ လုပ်ရင်လည်း တင်သာ တင်လိုက်ပါ။ ဟုတ်တာ လုပ်ရင်လည်း ဟုတ်တဲ့ အတိုင်း တင်ပေးပါ။ အဓိကက မီဒီယာကဏ္ဍ အရမ်း အရေးကြီးပါတယ်။ ကျနော်တို့က ကိုယ်လုပ်တာလည်း သိ စေချင်တယ်။ မလုပ်တာကိုလည်း မီဒီယာများက ပြည်သူကို ချပြပါ။ ကျနော်တို့က ပြည်သူ့အားနဲ့ သွားတာ ဖြစ်လို့ ကျနော် တို့ အစိုးရနဲ့ လွှတ်တော် လုပ်ဆောင်ချက်က ပြည်သူ သိမှ ဖြစ်မှာပါ။ အဲဒီလို သိစေဖို့ အတွက်လည်း ကျနော်တို့က မီဒီယာ ကို အားကိုးပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း အစိုးရ အဖွဲ့ အနေဖြင့် အများပြည်သူ သိရှိရန် လိုအပ်သည့် အကြောင်းအရာများကို သတင်း မီဒီယာများနှင့် တွေ့ဆုံကာ ဖြေကြားပေးနေပြီး သတင်း မီဒီယာများအနေဖြင့်လည်း သတင်းအချက်အလက် အခိုင်အမာဖြင့် သတင်းရေး သားကြရန်နှင့် သိလိုသည်များကို မိမိ အပါအဝင် ဝန်ကြီးများအား အချိန်မရွေး လာရောက် မေးမြန်းနိုင်ကြောင်း ဝန်ကြီးချုပ် ဦးလှမိုးအောင်က ပြောဆိုသည်။
၎င်းက“သိချင်တာရှိရင် ကျနော်တို့ကို လာမေးပါ။ အချက်အလက် ရပါလိမ့်မယ်။ ခိုင်မာပါလိမ့်မယ်။ ကျနော် မသိရင်လည်း သိတဲ့ဌာနကို မေးပေးပါမယ်။ ကျနော် မအားခဲ့ရင်လည်း ခဏတော့ စောင့်တွေ့ပေးပါ။ ဖြေပေးပါမယ်။ ကျနော်တို့ လုပ်ကိုင် တာရော၊ မလုပ်တဲ့ အရာရော အမှန်ကို အမှန်အတိုင်း ပြောပေးပါ။ စိတ်မဆိုးပါဘူး” ဟု ပြောသည်။
ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ မီဒီယာများ အပေါ် တိုက်တွန်းချက်ကို ကြိုဆိုသော်လည်း အစိုးရ၏ ဥပဒေနှင့် မညီသည့် လုပ်ရပ်များအား သတင်း မီဒီယာများက ဖော်ထုတ် ရေးသားချိန်တွင် လူမှုကွန်ရက်ပေါ်တွင် အုပ်စုဖွဲ့၍ တိုက်ခိုက်ခံရခြင်း၊ ဖော်ထုတ် ရေးသားသည့် သတင်းထောက်ကို ခြိမ်းခြောက်သည့် အခြေအနေများ ကြုံတွေ့နေရကြောင်း 7 Days သတင်း ဌာန၏ ဧရာဝတီတိုင်း သတင်းထောက် ကိုသက်ဆွေက ပြောသည်။
“ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ကို ကြိုဆိုပါတယ်။ ဒါပေမယ့် သတင်းထောက်က အစိုးရရဲ့ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ဖော်ထုတ် ရေးသားပြီ ဆိုတာနဲ့ ပထမဆုံး ကြုံရမှာက လူမှုကွန်ရက်ပေါ်မှာ အုပ်စုဖွဲ့ပြီး သတင်းထောက်ကို ဝေဖန်ရှုတ်ချ တိုက်ခိုက်တာတွေ ခံရတယ်။ ဒီထက်ပိုဆိုးလာရင် သတင်းထောက်ရဲ့ မိသားစုဘဝနဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက် တဲ့ အခြေအနေတွေ ရှိပါတယ်။ တကယ်တော့ သတင်းမီဒီယာ ဆိုတာ ဘယ်သူ့ဘက်မှ၊ ဘယ်အစိုးရဘက်မှ ဘက်မလိုက် ဘူးဆိုတာကို ပြည်သူတွေ ပိုမို သိရှိနားလည်လာကြမယ် ဆိုရင် ပိုကောင်းမှာပါ” ဟု ၎င်းက ပြောသည်။
ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးလှမိုးအောင် အနေဖြင့် အလုပ်တာဝန် များပြားခြင်းနှင့် ခရီးသွားချိန် များပြားသည့် အတွက် သတင်း မီဒီယာများ အနေဖြင့် ဝန်ကြီးချုပ်ကို တွေ့ဆုံ မေးမြန်းရန် အခက်အခဲ ရှိကြောင်း၊ ဝန်ကြီးချုပ် အနေဖြင့် တလလျှင် တကြိမ်ခန့် သတင်းမီဒီယာများနှင့် နာရီ အနည်းငယ် ပုံမှန် တွေ့ဆုံမှုများ လုပ်ဆောင်သင့်ကြောင်း ကိုသက်ဆွေက အကြံပြု ပြောဆိုသည်။
ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် ဧရာဝတီတိုင်း အစိုးရ အဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲသို့ သတင်း ဌာနများမှ သတင်းထောက်များ တက်ရောက်ခဲ့ကြပြီး သိလိုသည်များ မေးမြန်းခဲ့ရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် ဝန်ကြီးများ၊ တိုင်း အဆင့် ဌာနဆိုင်ရာ ညွှန်ကြားရေးမှူးများက ရှင်းလင်း ပြောကြားမှုများ ဆောင်ရွက်ခဲ့ကြသည်။