ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုကို ရှမ်းလက် နက်ကိုင် ၂ ဖွဲ့ အတွက် ငွေကြေး ကောက်ခံပေးနေသည်ဟု ဆိုကာ မတရား အသင်း ဥပဒေ ပုဒ်မ ၁၇ (၁)နှင့် တပ်မတော် က ဖမ်းဆီး တရားစွဲဆိုထားသည် ဟု သတင်း ရရှိသည်။
ဦးစိုင်းတင်ချိုကို တပ်မတော် တပ်ဖွဲ့ဝင်များက ဧပြီ ၂၆ ရက်တွင် နေအိမ်တွင်း ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ပြီး ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ အတွက် ရပ်ရွာထဲတွင် ငွေကြေးကောက်ခံ ပေးနေသည် ဟုဆိုကာ ကျောက်မဲ မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
ကျောက်မဲ မြို့နယ် ရဲစခန်း စခန်းမှူး ဟန်ဝင်းလှိုင် က အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုကို တပ်မတော်မှ တရားလို လုပ်ကာ တရားစွဲဆိုထားခြင်း ဖြစ်သည်ဟု ပြောသည်။
စခန်းမှူး ဟန်ဝင်းလှိုင် က “ဖမ်းတုန်းက တပ်မတော်ဘက်က ဖမ်းတာပါ။ ဒီ ၅ လပိုင်းထဲမှာမှ ရဲစခန်းကို လွှဲပေးတာပါ။ အခု တရားလို လုပ်ထားတာကလည်း တပ်မတော်ကပါပဲ” ဟု ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကလည်း ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ဆက်ကြေးငွေများ ကောက်ခံနေကြောင်း သတင်း အရ ပူးပေါင်း အဖွဲ့ဖြင့် သွားရောက် ရှာဖွေစစ်ဆေးခဲ့ရာ SSA (ဝမ်ဟိုင်း)အဖွဲ့နှင့် SSA (ရွက်ဆစ်)အဖွဲ့တို့မှ ဆက် ကြေး တာဝန်ခံ၊ အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူ စိုင်းတင်ချို၊ ၅၆ နှစ် (ဘ) ဦးသာလှိုင်အား ဆက်ကြေး ကောက် ခံ ရရှိငွေကျပ် ၁၅ သိန်း၊ စာရွက်စာတမ်းများနှင့် အတူ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
နမ့်ဟူးတောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုကို ၂၀၁၃ ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ RCSS နှင့် SSPP တပ်ဖွဲ့ဝင်များ အတွက် ရပ်ရွာတွင်း ငွေကြေး ကောက်ခံပေးမှု အပြင် RCSS နှင့် SSPP တို့၏ ခိုင်းစေချက်ကြောင့် မြို့ပေါ်ထိပါ ငွေကြေး လိုက်လံ ကောက်ခံမှုများ ပြုလုပ်နေသည်ကို သတင်း ရသဖြင့် တပ်မတော်က ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု သိရသည်။
ဦးစိုင်းတင်ချို၏ အစ်ကို တော်စပ်သူ ဦးစိုင်းမြင့်ဘို က “ဒီနေ့ ပထမဆုံး အကြိမ် ရုံးထုတ်တယ် ဆိုပြီး လူတော့ မထုတ်လာပါ ဘူး။ အခုမှ တရားရုံးကို တင်တယ် ဆိုတော့ ပုဒ်မတွေကို အတိကျ ကျနော်တို့ မသိရသေးပါဘူး။ ၁၇ (၁) နဲ့ စွဲမယ်လို့တော့ ကြားပါတယ်” ဟု ပြောသည်။
ဖမ်းဆီးသွားပြီးနောက် မိသားစုနှင့် တွေ့ခွင့်မရဘဲ တပ်မတော်ဘက်မှ ဖမ်းဆီး စစ်ဆေးနေပြီး မေ ၉ ရက်၌ ကျောက်မဲမြို့၊ ရဲစခန်းသို့ လွှဲပြောင်းမှသာ မိသားစုက တွေ့ခွင့်ရပြီး ယနေ့ မေ ၂၃ တွင် ပထမဆုံး အကြိမ် ရုံးထုတ်ခြင်း ဖြစ်သည်ဟု ဦးစိုင်း မြင့်ဘို က ပြောသည်။
ဦးစိုင်းတင်ချိုသည်၂၀၁၂ ခုနှစ်မှ စ၍ ရပ်ရွာမှ ဒေသခံများ ဝိုင်းဝန်း တင်မြှောက် သဖြင့် အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်း ဆောင်နေသူ ဖြစ်သည်။
ဦးစိုင်းမြင့်ဘိုက ရှမ်းပြည်နယ်တွင်း မငြိမ်းချမ်းသည့် ဒေသများတွင် နေထိုင်ရသည့် အရပ်သားတိုင်းသည် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ခိုင်းစေပါက မလွန်ဆန်နိုင်ဘဲ လုပ်ပေးရသည်မှာ ထုံးစံ ဖြစ်နေသည်ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသည့် အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုသည် ၂၀၁၆ ခုနှစ်က ဒေသ အခြေအနေများကြောင့် အုပ် ချုပ်ရေး တာဝန် မထမ်းဆောင်လိုတော့ သဖြင့် နုတ်ထွက်ခွင့် မြို့နယ်ကို တင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးက ခွင့်မပြုခဲ့ ကြောင်း သိရသည်။
ဦးစိုင်းမြင့်ဘိုက “ဆက်သွယ်မှုတို့ ထောက်ပံ့မှုတို့ ဆိုတာ မတရား အသင်း ဆိုတာ ကျနော့် ညီက သူက သွားဆက်သွယ် တာ မဟုတ်ဘူး။ သူနေတဲ့ နေရာကို လက်နက်ကိုင် အဖွဲ့အစည်းက လာခဲ့ရင် သူလည်း ထွက်ပြေးလို့ မရဘူးလေ။ သူနေ တဲ့ အိမ်ကို လက်နက်ကိုင် ဘယ်အဖွဲ့ လာလာ မလာနဲ့ ဝင်ခွင့် မပေးဘူး။ လုပ်လို့ မရဘူးဗျ” ဟု ပြောသည်။
ယနေ့ ကျောက်မဲမြို့နယ်၊ တရားရုံးတွင် အုပ်ချုပ်ရေးမှူး ဦးစိုင်းတင်ချိုကို ပထမဆုံး အကြိမ် ရုံးထုတ်ရာ နမ့်ဟူးတောင်း ကျေးရွာမှာ ဒေသခံ ၃၀ ခန့် လာရောက်ပြီး အုပ်ချုပ်ရေးမှူးကို လာရောက် စောင့်ဆိုင်းကြသည်။
ဒေသခံ ၃၀ ခန့်က ၎င်းတို့ အုပ်ချုပ်ရေးမှူးမှာ အပြစ်မရှိပါ ဟုလည်း ပြောဆိုကြသည်။
တရားရုံးရှေ့ ရောက်လာသူ တဦး ဖြစ်သည့် ဒေါ်အေးခမ်းက “ကျမတို့ လူကြီးမှာ အပြစ် မရှိဘူး။ ကျမတို့လူကြီးကို ဖမ်းထား တာ သူ့ကို ဒီနေ့ ထုတ်မယ်ဆိုလို့ ကျမတို့က လာအားပေးကြတာပါ” ဟု ပြောသည်။
နမ့်ဟူးတောင်း ကျေးရွာမှ ဦးထွန်းမြတ် ကလည်း ၎င်းတို့၏ အုပ်ချုပ်ရေးမှူးမှာ ရပ်ရွာဒေသနှင့် ရွာသူရွာသားများ အပေါ် တွင် ကူညီပြီး စိတ်သဘောထား ကောင်းသူ ဖြစ်သဖြင့် ရုံးထုတ်တွင် လာရောက် အားပေးခြင်း ဖြစ်သည်ဟု ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် RCSS ၊ SSPP တို့ အပြင် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့ လှုပ်ရှားကြပြီး အဖွဲ့အားလုံးက လူသစ်စုဆောင်းခြင်းနှင့် ငွေကြေး ကောက်ခံ ခြင်းများကို ပြုလုပ်ကြသည်။
ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက လက်နက်ကိုင် တပ်ဖွဲ့များ တောင်းခံသည့် ငွေကို စုဆောင်းပေးရပြီး မြို့ပေါ်ရှိ ဟိုတယ်၊ ပုဂ္ဂလိက စာသင်ကျောင်း၊ စီးပွားရေး လုပ်ငန်းများကိုလည်း အခွန်ငွေ ဟုဆိုကာ နှစ်စဉ် ငွေကြေး ၁၀ သိန်းမှ စ၍ တောင်းခံမှုများ ရှိသည်။
စီးပွားရေး လုပ်ငန်းလုပ်ကိုင်ကြသူများမှာ လုပ်ငန်း အနှောင့်အယှက်မဖြစ်စေရန် လက်နက်ကိုင် တပ်ဖွဲ့များကို ငွေပေးကြပြီး အချို့ လုပ်ငန်းငယ်များ ကလည်း ရဲစခန်းများကို တိုင်ကြားမှုများ ၂၀၁၈ ခုနှစ်အတွင်း ၄ မှုခန့် ဖြစ်ပွားထားသည်။
လက်နက်ကိုင် တပ်ဖွဲ့များသည် မြို့ပေါ်တွင် ငွေကြေး ကောက်ခံရာတွင် အရပ်ဝတ်ဖြင့် လာရောက် တောင်းခံလေ့ ရှိပြီး အချို့ကို တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ၎င်းတို့ တပ်စခန်းများထံ လာရောက် ပေးဆောင်ခိုင်းလေ့ ရှိသည်။
ရွာများတွင် ကောက်ခံရာ၌ လက်နက်ကိုင်များ တောင်းသည့် ငွေကြေးပမာဏ၊ ဆန်နှင့် ရိက္ခာများကို ကျေးရွာ အုပ်ချုပ် ရေးမှူးများက တာဝန်ခံ ကောက်ခံပေးရပြီး လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ကြောင်းများ သွားလာရာတွင် ပစ္စည်းသယ်ရန် လူလိုပါကလည်း အုပ်ချုပ်ရေးမှူးများက စီမံ ကွပ်ကဲပြီး ဒေသခံများက အထမ်း လိုက်ရလေ့ရှိသည်။
ဧရာဝတီမှ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာအတွင်းက နမ္မတူမြို့နယ် အတွင်းရှိ ရွာ ၅၀ ကျော်ကို သွားလာခဲ့စဉ်က ရွာတိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်သားစုဆောင်းမှု ဒဏ်ခံရပြီး ငွေကြေးများကိုလည်း လစဉ်၊ နှစ်စဉ် ပေးဆောင်နေကြရ သည်ကို တွေ့ခဲ့ရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ္မတူမြို့နယ် တို့တွင်း RCSS နှင့် TNLA ကြား နယ်မြေ အငြင်းပွားမှုကြောင့် ပဋိပက္ခများလည်း ရှိရာ တဖက် အဖွဲ့ကို ကူညီပါက ကျန်တဖွဲ့က အရပ်သားများကို စစ်ဆေး မေးမြန်းခြင်း၊ ရိုက်နှက်ခြင်း များလည်း ရှိကြောင်း ဧရာဝတီက ကွင်းဆင်း လေ့လာချက်များ အရ သိရသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင်း SSPP ၊ TNLA နှင့် KIA မှာ ၎င်းတို့ တော်လှန်ရေး ရံပုံငွေ အတွက် အရပ်သားများ၊ စီးပွား ရေး လုပ်ငန်း လုပ်ကိုင်သူများထံမှ ငွေကြေးကောက်ခံကြောင်း ဝန်ခံပြောဆိုကြသော်လည်း RCSS က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရပ်သားများထံမှ ငွေကြေးမကောက်ကြောင်း ငြင်းဆိုပြီး ဌာနချုပ်မှ အလုံ အလောက် ထောက်ပံ့ ကြောင်း ပြောဆိုထားသည်။
ဆက်စပ်လင့်
လက်နက်ကိုင်ရန် ကြောက်နေရတဲ့ နမ္မတူ ဒေသခံများ
RCSS တောင်းသည့် ပိုက်ဆံ မပေးနိုင်၍ နမ္မတူဒေသခံများ ဒုက္ခရောက်နေ
ဥပဒေ ချိုးဖောက်သည်ဆိုကာ နမ့်ခမ်းမြို့နေ အမျိုးသမီးတဦး TNLA ဖမ်းဆီး