မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် အရပ်သားတဦးကို မှတ်ပုံတင် ပြသရန် တောင်းသော်လည်း မပြနိုင်သဖြင့်ဟုဆိုကာ သတ်ဖြတ်ခဲ့သည့် တပ်မတော်အရာရှိတဦးကို မော်လမြိုင်တရားရုံးမှ ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က ထောင် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်။
ယမန်နှစ် မေလ ၁၆ ရက်နေ့က ရေးမြို့အခြေစိုက် အမှတ် ၅၈၇ ခြေလျှင်တပ်ရင်းမှ ဗိုလ်ကြီး အောင်ကိုမင်းသည် ရေးမြို့ နယ် ကုလားဂုတ်ကျွန်းတွင် နေထိုင်သူ ဒေသခံ ဦးတင်စိုးမြင့်အား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သဖြင့် ထောင်ဒဏ် ၁၀ နှစ် အပြစ်ဒဏ် ချမှတ်ခံရကြောင်း သတ်ဖြတ်ခံရသူ၏ ကျန်ရစ်သူဇနီး ဒေါ်ခင်ဆွေတင့်ပြောသည်။
“ သူ ထောင် ၁၀ နှစ်ကျသွားတယ်” ဟု ဒေါ်ခင်ဆွေတင့်က ဧရာဝတီသတင်းဌာနသို့ ပြီးခဲ့သည့် အင်္ဂါနေ့ကပြောပြခဲ့ပြီး ထိုအမှုသည် မျှတသည်ဟု ထင်မြင်ကြောင်း ရှင်းပြသည်။
ထိုဇနီးမောင်နှံသည် အများအားဖြင့် ရေးမြို့နယ် ကုလားဂုတ်ကျွန်းတွင် နေထိုင်သော်လည်း တခါတရံတွင် သံဖြူဇရပ်သို့ ခရီးသွားလာလေ့ရှိကြောင်း၊ ပြီးခဲ့သည့်နှစ် မေလ ၁၆ ရက်နေ့တွင် အသတ်ခံရသူ ဦးတင်စိုးမြင့်သည် သံဖြူဇရပ်နှင့် ရေးမြို့နယ်များအကြား ခရီးသွားစဉ် တပ်မတော်သားများ၏ တားဆီးခံရပြီး မှတ်ပုံတင်ပြသရန် ပြောကြားခံရခြင်း ဖြစ်သည်။
သို့သော် ဦးတင်စိုးမြင့်က နေအိမ်တွင် မှတ်ပုံတင် ကျန်ရစ်သောကြောင့်ဟုဆိုကာ ဗိုလ်ကြီးအောင်ကိုမင်းက သူ့ကိုဖမ်းဆီးခဲ့ကာ နောက်ပိုင်းတွင် ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ သူ၏ ခင်ပွန်းသည် ထိုတပ်မတော်အရာရှိကို မသိကြောင်း၊ သူနှင့် မည်သည့်ပြဿနာမျှလည်း မရှိဖူးကြောင်း ဒေါ်ခင်ဆွေတင့်ပြောသည်။
ထိုသို့သတ်ဖြတ်ခံရပြီးနောက် ကျူးလွန်သူ ဗိုလ်ကြီးအောင်ကိုမင်းကို တပ်မတော်က ကနဦး ဖမ်းဆီးထားခဲ့သည်။
ယောင်္ကျားဖြစ်သူ အသတ်ခံရပြီးနောက် ကျန်ရစ်သူ ကလေး ၃ ဦး၏ မိခင်ဖြစ်သူ ဒေါ် ခင်ဆွေတင့်သည် တရားခံကို တရားခွင်တင်ရေးအတွက် အပြင်းအထန်ကြိုးစားခဲ့ရပြီး နောက်ဆုံးတွင် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ၏ အကူအညီကို ယူခဲ့ရသည်။
MNHRC ၏ ကြားဝင်ဆောင်ရွက်မှုအပြီးတွင် ထိုအရာရှိ၏ အမှုကို တပ်မတော်က ၂၀၁၈ ဒီဇင်ဘာလတွင် အရပ်ဖက်တရားရုံးသို့ လွှဲပြောင်းပေးခဲ့သည်။ တရားခံသည် ထိုလတွင်ပင် မော်လမြိုင်တရားရုံးတွင် ထွက်ဆိုပြီး သတ်ဖြတ်ခံရသူမိသားစုအတွက် တရားမျှတမှု အခွင့်အလမ်းရရှိခဲ့သည်။ တရားရုံး၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းနှင့် တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်ကြောင်း MNHRC အဖွဲ့ဝင် ဦးယုလွင် က ဧရာဝတီ သတင်းဌာနသို့ ပြောသည်။
သတ်ဖြတ်ခံရသူ၏ မိသားစုသည် ရှေ့နေငှားရန် မတတ်နိုင်သောကြောင့် ၎င်းတို့ကိုယ်စားလိုက်ပါ ဆောင်ရွက်ရန် အစိုးရက ရှေ့နေတဦး ငှားပေးကြောင်း ဒေါ်ခင်ဆွေတင့်ပြောသည်။
တနှစ်ကြာ အမှုစစ်ဆေးစဉ်အတွင်း ဗိုလ်ကြီး အောင်ကိုမင်းက သူသတ်ဖြတ်ကြောင်း အကြိမ်ကြိမ် ဝန်ခံခဲ့သည်။
“ သူသတ်တယ်ဆိုတာကို တရားရုံးမှာ တခါမှ မငြင်းဘူး” ဟု ဒေါ်ခင်ဆွေတင့်ပြောပြီး ကျန်ရစ်သူမိသားစုများကိုလည် တောင်းပန်ခြင်းမရှိကြောင်း ပြောသည်။
ကျန်ရစ်သူမိသားစုမှာ ခင်ပွန်းသည် သတ်ဖြတ်ခံရချိန်မှ စတင်ရုန်းကန်နေရကြောင်းနှင့် ကလေးများ ပညာရေးထိခိုက်ရကြောင်း သိရသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်း သတင်းဌာနတွင် မေလ ၂၁ ရက်နေ့ကဖော်ပြခဲ့သည့် “Army Officer Jailed for 10 Years for Killing Civilian Who Failed to Present ID Card” ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် – ဝါးခယ်မက အချုပ်သား သေဆုံးမှု တာဝန်ရှိ ရဲဝန်ထမ်းများကို အရေးယူရန် MNHRC အကြံပြု
မြန်မာနိုင်ငံမှာ ကျူးလွန် ဖောက်ဖျက်တဲ့သူတွေက အာဏာရှိတဲ့သူ
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ စစ်ခုံရုံး ဖွဲ့ စစ်မည်