ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ် ဝေသာလီ ကျေးရွာ အနီးတွင် မေလ၂၂ ရက်က တပ်မတော်နှင့် ရက္ခိုင့် စစ်တပ်(AA) တို့ နှစ်ဘက် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ၌ ကျေးရွာသား၂ ဦး ဖမ်းဆီးခံနေရကြောင်း သတင်း ရရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဝေသာလီ ကျေးရွာ အနီးမှာ တိုက်ပွဲဖြစ်ခဲ့တယ် ဆိုတာ မှန်ပါတယ်။ နေ့လယ် ၁၁ နာရီ လောက်မှာ ဖြစ်ကြတာပါ။ ရွာသား၂ ဦးကတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာ အနီးမှာ တွေ့လို့ ကျနော်တို့ ဖမ်းဆီး စစ်ဆေးနေ တာ ရှိတယ်။ အပြစ်မရှိရင်တော့ ပြန်လွှတ်ပေးမှာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းတိုက်ပွဲ အတွင်း ထိခိုက် ကျဆုံးမှုများ မရှိကြောင်းနှင့် နောက်ဆုတ်သွားသော AA အဖွဲ့အား တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ရာတွင် AA တပ်ဖွဲ့ဝင်များထံမှ ခဲယမ်း မီးကျောက် တချို့သိမ်းဆည်း ရမိခဲ့ကြောင်းလည်း ၎င်းက ဧရာဝတီသို့ ရှင်းပြသည်။
အဆိုပါ ဖမ်းဆီးခံနေရသည့် ဝေသာလီ ကျေးရွာသား ၂ ဦးမှာ အသက် ၃၀ ကျော် အရွယ် ကိုအောင်ကျော်နိုင်နှင့် ကိုစိုးစိုး အောင်တို့ ဖြစ်ကြောင်း မြောက်ဦး မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်
ဦးထွန်းသာစိန် က “သူတို့ကို ပြန်လွှတ်ပေးဖို့ အတွက် ကျနော်တို့ မိသားစုဝင်တွေနဲ့ အတူ ကြိုးစားနေတယ်။ မိသားစုဝင်တွေလည်း စိတ်ပူနေကြတယ်။ အခုထိ ရဲလက်ထဲကို အပ်လိုက်ပြီလား၊ ဘယ်မှာ ဖမ်းထားလဲ ဆိုတာ စုံစမ်း မရဘူး ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
AA သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကမူ “ဝေသာလီမှာ ဖြစ်တဲ့ တိုက်ပွဲတုန်းက တပ်က ၇ ဦး အထိ ကျဆုံးတာ ရှိတယ်။ ဒဏ်ရာ ရသူတွေလည်း များတယ်။ ကျနော်တို့ဘက်ကတော့ ကျဆုံးတာ မရှိဘူး။ တပ်က တိုက်ပွဲပြီးတဲ့အခါ ဆက်မသွားရလို့ ရွားသား ၂ ဦးကို လူသား ဒိုင်းကာ အဖြစ် ခေါ်သွားတာ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဧပြီလ ၁၀ ရက်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာသို့ တပ်မတော်က ဝင်ရောက်ပြီး ရွာသား ၂၇ ဦးကို ဖမ်းဆီးခဲ့ရာ စစ်ကြောနေစဉ် ကာလ အတွင်း ရွာသား ၃ ဦး သေဆုံးခဲ့ပြီး လက်ရှိအချိန်တွင် ကျန် ရွာသား ၂၄ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ကာ ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေလျက် ရှိကြောင်းလည်း သိရသည်။
ရခိုင်ပြည်နယ် အတွင်း တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုင်ဝင်ဘာလ ကတည်းက နှစ်ဖက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေရာ လက်ရှိ အချိန်တွင် ဒေသခံပေါင်း သုံးသောင်းကျော် အထိ စစ်ဘေးဒုက္ခသည်များ အဖြစ် ရောက်ရှိနေ ရသည်။
You may also like these stories:
မြောက်ဦးက ကုမ္ပဏီ ၆ ခု အမည်ပျက် စာရင်းသွင်းမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ
တရုတ်နိုင်ငံသားများ မြေငှား၍ ဖရဲစိုက်ခြင်း အစိုးရ ကြပ်မတ်ရန် စီစဉ်
KNU နှင့် တပ်မတော် အကြားက တကျော့ပြန် ပဋိပက္ခ ပြေလည်မှုမရသေး
တဖက်သတ် နားထောင်ရုံဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး အလုပ်မဖြစ်