ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြ မြို့နယ်တွင် မယားပါ သမီးဖြစ်သူအား အဓမ္မ ပြုကျင့်ခဲ့သည့် ပထွေးဖြစ်သူကို မြောင်းမြ ခရိုင် တရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၂၃ နှစ် ချမှတ်ကြောင်း သတင်း ရရှိသည်။
မြောင်းမြမြို့နယ် အတွင်းရှိ ကျေးရွာ တရွာတွင် နေထိုင်သည့် ကျောင်းဆရာမ တဦးက မိမိ သမီးဖြစ်သူအား အသက် ၁၄ နှစ် အရွယ်မှ စတင်ကာ ၈ နှစ် နီးပါး အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဇော်ဌေး (၄၂ နှစ်)အား အရေးယူပေးရန် တိုင်တန်း သည့် အတွက် မြောင်းမြမြို့မ ရဲစခန်းမှ ဇော်ဌေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ဖမ်းဆီးပြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု) နှင့် ပုဒ်မ ၃၁၂ (ကိုယ်ဝန် ပျက်စေသည့် ပုဒ်မ) တို့ နှင့် အမှုဖွင့်ကာ တရားရုံးသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှုအား မြောင်းမြခရိုင် တရားရုံးက အချိန် ၁၀ လနီးပါး ကြားနာ စစ်ဆေးပြီးနောက် စွပ်စွဲခံရသူ ဇော်ဌေးမှာ ၎င်း ၏ မယားပါ သမီးဖြစ်သူအား အသက် ၁၄ နှစ် အရွယ်မှ စတင်ကာ ၈ နှစ်ကြာသည် အထိ အကြိမ်ကြိမ် အဓမ္မ ပြုကျင့် ခြင်း၊ ယင်းအပြင် မိန်းကလေးတွင် ရရှိလာသည့် ကိုယ်ဝန်အား ပျက်ကျစေရန် ဆေးဝါးများ တိုက်ခဲ့ကြောင်း ထင်ရှား ပေါ်ပေါက်ခဲ့သည့် အတွက် မြောင်းမြ ခရိုင် တရားသူကြီးက မုဒိမ်းမှု အတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀၊ ကိုယ်ဝန် ပျက်စေမှုအတွက် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်တို့ကို သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
တရားခွင်သို့ တက်ရောက် နားထောင်ခဲ့သူ မြောင်းမြမြို့မှ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ဦးစစ်အောင်က“မနေ့က ညနေ ပိုင်းမှာ အမိန့်ချပြီးတာနဲ့ တရားခံ ဇော်ဌေးကို မြောင်းမြထောင်ကို ပြန်ခေါ်သွားတယ်”ဟု ဧရာဝတီကို ပြောပြသည်။
မယားပါ သမီးအား အဓမ္မပြုကျင့်မှု ဖြစ်စဉ်မှာ ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် တရားလို ဖြစ်သူ ကျောင်းဆရာမမှာ ဖောင်ကြီး သင်တန်း တက်နေချိန် အတွင်း ပထမ အိမ်ထောင်နှင့် ရရှိခဲ့သည့် အသက် ၁၄ နှစ် အရွယ် သမီးဖြစ်သူအား နေအိမ်၌ ပထွေးဖြစ်သူ ဇော်ဌေး (၄၂ နှစ်)နှင့် အတူထားခဲ့ကြောင်း၊ ယင်းအချိန်မှစတင်၍ ၈ တန်းကျောင်းသူ ဖြစ်သည့် မယားပါ သမီးအား ပထွေးဖြစ်သူ ဇော်ဌေးက အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း မြောင်းမြမြို့မ ရဲစခန်းက ပြောသည်။
ယင်း ကျောင်းဆရာမမှာ သင်တန်း ပြီးဆုံး၍ အိမ်ပြန်ရောက်ချိန်၌ သမီးဖြစ်သူက မိမိကို ပထွေးဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ကြောင်း ပြန်ပြောပြချိန်တွင် ပထွေးဖြစ်သူ ဇော်ဌေးက အခြားသူများအား ပြောလျှင် နှစ်ဦးစလုံးကို သတ်ပစ် မည်ဟု ခြိမ်းခြောက်ခဲ့သည့် အပြင် သမီးဖြစ်သူမှာ တရှက်မှ နှစ်ရှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် ရဲစခန်း သို့ မတိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့ပြင် အဆိုပါ မိန်းကလေးငယ်၌၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ကိုယ်ဝန်ရှိ သဖြင့် ပထွေးဖြစ်သူ ဇော်ဌေးက ကိုယ်ဝန် ပျက်ကျ ရန် ဆေးဝါးများ တိုက်ခဲ့ရာ ဆေးသောက်ပြီး မခံမရပ်နိုင်အောင် နာကျင်သောကြောင့် သမီးဖြစ်သူအား မြောင်းမြ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူကာ သားအိမ် ခြစ်ခဲ့ရကြောင်း ရဲမှတ်တမ်းများ အရ သိရသည်။
တရားလို၏ တိုင်တန်းချက်တွင်လည်း ပထွေး ဖြစ်သူ ဇော်ဌေးမှာ မိမိ သမီးအား ကိုယ်ဝန်ပျက်ကျပြီး ၁ လခွဲ အကြာ တွင် အဓမ္မ ထပ်မံပြုကျင့်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၁၀ တန်း ဖြေဆိုရန် ကျောင်းတက်နေချိန်တွင်လည်း ကျောင်း ၄ ရက် ဆက်တိုက် ပိတ်သည့် ရက်များတွင် သမီးဖြစ်သူအား အဓမ္မပြုကျင့်ကြောင်း၊ ထို့နောက် တက္ကသိုလ် တက်ချိန် တွင် လည်း ပြန်မလာပါက ကျောင်းသို့လိုက်၍ အရှက်ခွဲမည် ပြောသောကြောင့် သမီးဖြစ်သူမှာ ပြန်လာ၍ သားမယား အဖြစ် နေထိုင် ပေးခဲ့ရကြောင်း၊ ပထွေးဖြစ်သူ၏ အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုများကြောင့် သမီးဖြစ်သူမှ အိမ်မှာ မနေချင် တော့ ကြောင်း ပြောသဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ လတွင် ပထွေးဖြစ်သူ ဇော်ဌေး မသိအောင် ရန်ကုန်မြို့သို့ ပို့ဆောင်ပြီး အလုပ် သွားရောက် လုပ်ကိုင်စေခဲ့ကြောင်းလည်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
မိမိသမီးအား အရှက်ရကာ လူကြားထဲ၌ ခေါင်းမဖော်နိုင် ဖြစ်မည်ကို စိုးရိမ်ခြင်း၊ ပညာ ဆက်လက်သင်ယူနိုင်မည့် အခွင့် အလမ်းများ ဆုံးရှုံးသွားမည်ကို စိုးရိမ်ခြင်း၊ အခြား လုံခြုံ စိတ်ချစွာ ထားနိုင်မည့် နေရာ အဆင်မပြေခြင်း၊ ဇော်ဌေးက လည်း နေ့စဉ်လိုလို ခြိမ်းခြောက်နေခြင်း တို့ကြောင့် တိုင်တန်းခြင်း မပြုခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခု အချိန်တွင် သမီး ဖြစ်သူအား ပညာဆက်လက် သင်ကြားစေလိုခြင်း၊ ရှေ့ဆက်ရမည့် ဘဝခရီးတွင် သိမ်ငယ်ရှက်ရွံ့မှုကင်းပြီး လူရမ်းကား လက်မှ လွတ်မြောက်စေလိုခြင်းကြောင့် တိုင်ခဲ့ခြင်း ဖြစ်သည်ဟုလည်း တရားလိုက တိုင်တန်းထားသည်။
ကျိုက်လတ်မြို့ ရောင်နီဦး အမျိုးသမီးလူမှု ဖွံ့ဖြိုးရေး အဖွဲ့ ခေါင်းဆောင် မခင်အေးမိုး က“မိဘတွေ အနေနဲ့ ကိုယ့်သား သမီး ကို တယောက်တည်း ကျောင်းလွှတ်တာမျိုး၊ ဈေးဝယ် ခိုင်းတာမျိုးတွေက အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်စေပါ တယ်။ နောက်တခုက စိတ်ချရတယ် ဆိုပြီးတော့ ကလေးတွေကို ဖခင်၊ ဦးလေး၊ ဆွေမျိုး၊ အစ်ကို၊ မောင်တွေနဲ့ လွှတ် မထားသင့် ပါဘူး။ အဲဒီလို လွှတ်ထားရင် လူရဲ့ပုံမှန်စိတ် ရှိချိန်မှာ မကျူးလွန်ပေမယ့် တချို့ကျတော့ အရက် သောက် ထားတာ၊ မူးယစ်ဆေးဝါး စိတ်ကြွဆေး သုံးထားချိန်မှာ စိတ်ဖောက်ပြီး ကျူးလွန်မိတာတွေ ဖြစ်တတ်ပါတယ်”ဟု ပြော သည်။
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်းကလည်း ဧရာဝတီတိုင်း မြောင်းမြ ခရိုင် ဝါးခယ်မ မြို့နယ် ကျုံမငေး ဒေသမှ ဦးဟံငွေ ဆိုသူသည် အသက် ၁၉ နှစ် အရွယ်ရှိ သမီးအရင်း ဖြစ်သူအား ညပိုင်း ငါးဖမ်းသွားစဉ် လှေပေါ်၌ သားမယား အဖြစ် အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း ပြစ်မှု ထင်ရှားသဖြင့် မြောင်းမြ ခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဦးဟံငွေကို ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့သည်။
ပုဒ်မ ၃၇၆ (မုဒိမ်းမှု) ကျူးလွန်ကြောင်း ထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ် တသက်တကျွန်း အထိ ချမှတ် ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
ပုဒ်မ ၃၁၂ (ကိုယ်ဝန် ပျက်ကျစေမှု) မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ် နိုင်ပြီး လှုပ်ရှားသော ကိုယ်ဝန်ကို ဖျက်ချခြင်း ဖြစ်ပါက ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေ ပြဋ္ဌာန်းချက်တွင် ဖော်ပြထားသည်။
ဆက်စပ် ဖတ်ရှုရန် – သမီးအရင်းကို အဓမ္မပြုကျင့်သည့် ဖခင်အား ထောင်ဒဏ် နှစ် ၂၀ ချမှတ်
You May Also Like These Stories:
ဘူးသီးတောင်တွင် အမျိုးသမီး တဦး အဓမ္မကျင့်ရန် ကြံစည်ခံရ
နတ်တလူက ဘုန်းကြီးကာမလိမ်လည်မှု စတင်စစ်ဆေး
ကိုရီးယားသူကို ဆိုင်ကယ် ကယ်ရီသမား တဦးက အဓမ္မ ပြုကျင့်ရန် ကြံစည်မှု ဖြစ်ပွား
မုဒိမ်းမှုကို တိုင်ချက်ဖွင့်တာနဲ့ ချက်ချင်းဖမ်းသင့်သလား