မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်အတွင်း ဆေးခြောက်(marijuana) စိုက်ပျိုးသောအမှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူစာရင်းတွင် အမေရိကန်နိုင်ငံသား ၄ ယောက်ကို ထပ်မံဖြည့်စွက်ခဲ့သည်။
အင်္ဂ ါနေ့က မြင်းခြံမြို့နယ်တရားရုံး၌ စစ်ဆေးကြားနာမှုအတွင်း အမေရိကန်နိုင်ငံသားများ၏ အမည်စာရင်းကို ရဲက တင်သွင်းခဲ့ကြောင်း ဆေးခြောက်(marijuana) စိုက်ခင်းနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေဖြင့် အမှုရင်ဆိုင်နေရသော ဖမ်းဆီးထိန်းသိမ်းခံရသူ ၃ ဦး၏ ရှေ့နေများပြောကြားချက်အရ သိရသည်။
အဆိုပါ ၃ ဦးကို ဧပြီလက ဖမ်းဆီးခဲ့စဉ်က စတုတ္ထမြောက် အလိုရှိသူ အမေရိကန်နိုင်ငံသား အလက်ဇန္ဒားကန့်တိုဒိုရိုကီကို ဖမ်းဆီးရန် ရှာဖွေခဲ့သော်လည်း ၎င်းမှာ တိမ်းရှောင်လျက်ရှိကြောင်း ရဲက ကြေညာခဲ့သည်။ ၎င်း၏အမည်ကို အမှု၌ ပါဝင်ပတ်သက်ပြီး အလိုရှိသည့်စာရင်းတွင် ၅ ဦးမြောက်အဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
“III M (Global Nutraceutical) ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် မာတင်ချီချောင်ပန် အပါအဝင် ၄ ဦးတို့ကို အလိုရှိကြောင်း စာရင်းဖော်ပြပြီးတော့ ရဲက ဖမ်းဆီးဖို့ရှိပါတယ်။ သူတို့ကို ဇွန်လ ၄ ရက် နောက်ထပ်ရုံးချိန်းမှာ တင်သွင်းမှာပါ” ဟု ၎င်းတို့ရှေ့နေ ဦးသိန်းသန်းဦးက ပြောသည်။
ယခုအခါ ရဲက အလိုရှိနေသူစာရင်းတွင် III M (Global Nutraceutical) ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် ပန်နှင့်အတူ သောမတ်ဇီဘာလုံ၊ ဂရေ့စ်ဇိုမာချက်စ်၊ ဒေါက်ကလပ်စိုးလင်းနှင့် အလက်ဇန္ဒား ကန့်တိုဒိုရိုကီတို့လည်း ပါဝင်သွားပြီဖြစ်သည်။
“တကယ်လို့ သူတို့ကို ရုံးတော်ကို မတင်ပြနိုင်ဘူးဆိုရင် ဒီအမေရိကန်နိုင်ငံသားတွေကို တရားခံပြေးအဖြစ် ရဲက ကြေညာရမှာပါ။ အဲဒီအစီရင်ခံချက်ကို ရုံးတော်ကို တင်ပြပြီးတော့ ရုံးတင်စစ်ဆေးတဲ့လုပ်ငန်းစဉ် ဆက်လုပ်နိုင်ပါတယ်” ဟု ရှေ့နေက ရှင်းပြသည်။
ကုမ္ပဏီဝန်ထမ်း ၃ ဦးဖြစ်ကြသော အမေရိကန်နိုင်ငံသား အသက် ၆၃ နှစ်ရှိ ဂျွန်ဖရက်ဒရစ်တိုဒိုရိုကီ၊ အသက် ၃၇ နှစ်ရှိ ကိုရှိန်းလတ်နှင့် အသက် ၂၃ နှစ်ရှိ မရွှန်းလဲ့မြတ်နိုးကို ဧပြီလ ၄ ရက်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်၌ ဆေးခြောက် စိုက်ခင်းပျိုးထောင်သည့် စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။
ယင်းအမှုကို မြင်းခြံခရိုင်တရားရုံးသို့ အင်္ဂ ါနေ့က ပထမဆုံးတင်ပို့ခဲ့ရာ ရုံးတော်က အမှုလက်ခံခဲ့သည်။
ဧပြီလက မြန်မာနိုင်ငံအတွင်း ဖေ့စ်ဘွတ်သုံးစွဲသူများအကြား ဆေးခြောက် စိုက်ခင်းကိစ္စ ပျံ့နှံ့သွားခဲ့ပြီးနောက် ယင်းစိုက်ခင်းနှင့်ဆက်စပ်သူ ၃ ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဧပြီလက ၎င်းတို့ကိုဖမ်းဆီးပြီးနောက် အဆိုပါ ၃ ဦးသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြို့သာစက်ဇုန်ရှိ III M Global Nutraceutical ကုမ္ပဏီ၏ မြေ ၂၀ ဧကအတွင်း ဆေးခြောက် စိုက်ပျိုးမှုအပေါ် တာဝန်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဗဟို(CCDA)က ကြေညာခဲ့သည်။
စိုက်ခင်း ဧက ၂၀ တွင် ဆေးခြောက် အပင်ပေါင်း ၃၄၉,၂၉၀ ခန့်၊ ပျိုးပင် ၅၂၀ဝ ခန့်ရှိ ဆာလာအိတ် ၁၉ အိတ်အတွင်းမှ ဆေးခြောက်အစေ့ (မျိုးစေ့) ၃၈၀ ကီလို၊ ဖန်ပုလင်းအတွင်းမှ ဆေးခြောက်အဆီ ၁,၈၀၄ ဂရမ်၊ Formic Acid ၁ လီတာ၊ အက်သနော အရည် ၄၅.၆ လီတာ၊ အယ်ကိုဟောအရည် ၂၂.၈ လီတာ၊ Bio Maxs အစိမ်းရောင်အရည် ၆ လီတာ၊ Acetone အရည် ၅ လီတာ၊ Acetonitrile အရည် ၅ လီတာ၊ Concort Water ၃ လီတာ၊ Methonal အရည် ၁၂.၅ လီတာ၊ အမိုနီယမ်ဖော့စဖိတ် ၅၀ဝ ဂရမ်ပါ မော်တော်ယာဉ် ၂ စီး၊ ဆေးခြောက် ၂၇၀.၅ ကီလိုနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ထို့နေ့တရက်တည်းမှာပင် ပြည်ထဲရေးဝန်ကြီးဌာနကြေညာရာ၌ ၎င်းစုံစမ်းရေးအဖွဲ့အနေဖြင့် အမှန်တကယ်တွေ့ရှိရသော အပင်မှာ ချဉ်ပေါင်လျှော်နွယ်ဝင် ဆေးခြောက်အာနိသင်ပါရှိသည်ဟု ယူဆရကြောင်း၊ အချို့ဓာတုပစ္စည်းများမှာ ဆေးထုတ်လုပ်ရန် ရည်ရွယ်၍ စိုက်ပျိုးခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။
အဆိုပါစိုက်ခင်းဧက ၆၀ သည် မန္တလေးတိုင်းဒေသကြီး၊ မြို့သာစက်မှုဇုန်ဖွံ့ဖြိုးရေးအများပိုင်ကုမ္ပဏီ(MMID PLC)ထံမှ III M Global Nutraceutical ကုမ္ပဏီက ငှားရမ်းလုပ်ကိုက်ခြင်းဖြစ်သည်။
“ကျနော်တို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေမှာ အားနည်းချက်တွေရှိပါတယ်။ ဒီဥပဒေမှာ ဆေးခြောက်(cannabis) လို့ ညွှန်းထားပြီးတော့ ဘယ်မျိုးစိတ် (ဒါမှမဟုတ်) တိကျတဲ့ပုံပန်းသဏ္ဌာန် မပါပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ စက်မှုလုပ်သုံးလျှော်ပင်အနေနဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ လယ်သမားတွေအတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်” ဟု ရှေ့နေဦးသိန်းသန်းဦးက ပြောသည်။
“တကယ်လို့ ဒီအပင်တွေနဲ့ပတ်သက်လို့ ယုံကြည်ရလောက်တဲ့သုတေသနပြုနိုင်ပြီဆိုရင် ပိုကောင်းမှာပါ။ ဒီလိုမှမဟုတ်ရင် ဖမ်းဆီးခံထားရတဲ့ အထူးသဖြင့် လုပ်အားပေးရုံဖြစ်တဲ့ ကိုရှိန်းလတ်နဲ့ မရွှန်းလဲ့မြတ်နိုးတို့ဟာ ဒုက္ခခံစားရမှာပါ။ ဒီစိုက်ခင်းအတွက် သူတို့မှာ တာဝန်မရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
( Zarni Mann ၏ Four More US Citizens Wanted in Connection with Mandalay Marijuana Plantation ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန် –
ဆေးခြောက်ကို ဆေးဝါးအဖြစ် တရားဝင်ခွင့်ပြုရန် ထိုင်း ပြင်ဆင်
ဆေးခြောက်နဲ့ သက်ဆိုင်တဲ့ သုသေသနတွေကို ပြုလုပ်တော့မယ့် ထိုင်းတက္ကသိုလ်
ငါန်းဇွန်က ဆေးခြောက် စိုက်သူများကို ဖမ်းဆီး