ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သည် ဌာနအကြီးအကဲများနှင့် အကြံပေးများအတွက် မော်တော်ယာဉ်များဝယ်ယူရန် တိုင်းဒေသကြီး အစိုးရထံမှ အနည်းဆုံးကျပ်ငွေ ၁ ဒဿမ ၅ ဘီလီယံ ( ၉၇၅၀၀၀ ဒေါ်လာ) ခန့် ရှိသော ခွင့်ပြုငွေတောင်းခံထားသည်။
YCDC သည် ကျပ် ၃၅ သန်းမှ သန်း ၅၀ အထိ တန်ကြေးရှိသော double cab ကား ၂၀ စင်းနှင့် saloon ကား ၂၅ စင်းဝယ်ယူရန် အဆိုပြုထားသည်ဟု ဧရာဝတီသတင်းဌာနက လေ့လာသိရှိရသည်။
ထိုသို့သော ငွေကြေးတောင်းဆိုမှုကိုသိရသောကြောင့်အံ့သြမိကြောင်း ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက သူ၏ ဖေ့ဘွတ် စာမျက်နှာတွင် မေလ ၂၂ ရက်နေ့က ရေးသားသည်။
သူသည် ဌာနများ၏ ၂၀၁၉-၂၀ ဘာဏ္ဍာရေးနှစ်အတွက် ဌာနများ၏ အသုံးစရိတ်များကို တင်သွင်းရသည့် အများပြည်သူဆိုင်ရာ အသုံးစရိတ်များကို သုံးသပ်ရသော လွှတ်တော် ငွေစာရင်းကော်မတီဝင်တဦးဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေသစ်အရ YCDC တွင် မြို့ပြဖွံ့ဖြိုးရေး၊ ဆောက်လုပ်ရေး၊ လမ်းတည်ဆောက်ရေး၊ ရေပေးရေး၊ ပြည်သူ့ဆက်ဆံရေး၊ လုံခြုံရေးနှင့် ဘာဏ္ဍာရေး စသည့်နယ်ပယ်များအတွက် တာဝန်ရှိသည့် အာဏာပိုင် ၇ ဦးရှိသည်။ ထိုအာဏာပိုင် တဦးလျှင် အဖွဲ့ဝင် ၅ ဦးစီနှင့် ပြင်ပအကြံပေး ၃ ဦးစီရှိသည်။
ကားသစ်များသည် အသစ်ရွေးချယ်တင်မြှောက်ခံရသည့် YCDC ကော်မတီဝင် ၆ ဦး လုပ်ငန်းနှင့် ပတ်သက်သည့် သွားလာရေးအတွက်သာ ဖြစ်သင့်ကြောင်း ဦးကျော်ဇေယျက ဧရာဝတီသတင်းဌာနသို့ ပြောသောကြောင့် ကားသစ် ၆ စင်းသာ လိုအပ်သည့်သဘော ဖြစ်နေသည်။
YCDC ၏ ဦးဆောင်ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားပြီး မြို့တော်ဝန် အပါအဝင် အစိုးရက ခန့်အပ်သည့် ကော်မတီဝင် ၅ ဦးနှင့် ရွေးကောက်ခံအဖွဲ့ဝင် ၆ ဦးပါဝင်သည်။
“ပြည်သူတွေ အဆင်ပြေဖို့ မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းတွေ လုပ်ရမယ့်အစား ကားကိုပဲ အာရုံစိုက်နေတာ YCDC အတွက် ရှက်စရာကောင်းပါတယ်” ဟုလည်း သူပြောသည်။
လတ်တလောတွင် ရန်ကုန်မြို့သည် မြိုပြစီမံကိန်းနှင့် စည်းမျဉ်းများကို အကောင်အထည်ဖော်မှုမရှိသော စစ်အစိုးရနှင့် ယခင်အစိုးရထံမှ အမွေရရှိခဲ့သော မြို့ပြပြသနာ အများအပြားနှင့်ရုန်းကန်နေရသည်။
ထိုစဉ်က အင်အားချိနဲ့သော လုပ်ထုံးလုပ်နည်း အကောင်အထည်ဖော်မှု မူဘောင်ကြောင့် ရန်ကုန်တွင် ဒေသခံများအတွက် လူမှုရေး၊ စီးပွားရေးနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ပြသနာများကို ဖြစ်စေကာ လူဦးရေသိပ်သည်းမှုကွာဟမှုကိုဖြစ်စေသည့် တည်ဆောက်ရေးစီမံကိန်းများ အများအပြားပေါ်ပေါက်လာခဲ့သည်။
တချိန်က အရှေ့တောင်အာရှ၏ အလှဆုံးမြို့အဖြစ်သတ်မှတ်ခံရသော ကြီးကျယ်ခမ်းနားခဲ့သော်လည်း ရန်ကုန်သည်ယခုအခါ လုပ်ငန်းဆောင်တာများတုံ့ဆိုင်းနေပြီး လျစ်လျူရှုခံထားရသည်။ မိုးရာသီတွင် မြို့၏ အစိတ်အပိုင်းအများအပြားတွင် ပုံမှန်ရေကြီးနေပြီး လမ်းများတွင်လည်း ကိုယ်ပိုင်ယာဉ်များနှင့် အငှားယာဉ်များဖြင့် ပိတ်ဆို့နေသောကြောင့် ခရီးသွားလာချိန်မှာ လွန်စွာကြာမြင့်သည်။ ကားရပ်ရန်နေရာများပြုလုပ်သောကြောင့် လူသွားစြင်္ကန်များ ပျောက်ကွယ်ကုန်သည်။
ပုံမှန်အားဖြင့် ပြည်သူ့ငွေစာရင်းကော်မတီသည် တင်သွင်းသော မျှော်မှန်းအသုံးစရိတ် ပိုမိုတင်ပြထားသည်ဟု ယူဆလျှင် ဖြတ်တောက်မှုသာ ပြုလုပ်လေ့ရှိသည်။ ထိုသို့ဖြေရှင်းမရပါက ပြသနာကို တိုင်းလွှတ်တော်တွင်ဆွေးနွေးလေ့ရှိသည်။
၂၀၁၈ ခုနှစ် ဇွန်လကလည်း ရန်ကုန်တိုင်းအစိုးရသည် ဝန်ကြီးများသုံးရန်အတွက် ကျပ် ၁ ဘီလီယံတန် ဖို့ဒ်ကား ၁၀ စင်းဝယ်ရန် အဆိုပြုခဲ့သည်။ အရာရှိများအတွက် ကားဝယ်ခြင်းထက် ပြည်သူလူထု လိုအပ်ချက်များကို ဦးစားပေးသင့်သည်ဟုဆိုကာ ထိုအစီအစဉ်ကို တိုင်းလွှတ်တော်ကိုယ်စားလှယ် အများအပြားက အပြင်းအထန် ဆန့်ကျင်ခဲ့ကြသည်။ ထိုတောင်းဆိုမှုကို နောက်ဆုံး အဆုံးအဖြတ်ပေးရန် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့သော်လည်း စက်တင်ဘာလတွင် ပယ်ချခံခဲ့ရသည်။
(ဧရာဝတီအင်္ဂလိပ်ပိုင်းတွင် မေလ ၂၂ ရက်နေ့က ဖော်ပြခဲ့သည့် Yangon Municipality Requests $1M for Official Cars Amid Mounting Urban Woes ကို ဆီလျော်အောင် ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်
စည်ပင်ဥပဒေသစ် အသက်မဝင်သေးတဲ့ အကျင့်ဟောင်းများနဲ့ မြို့တော်
ရန်ကုန် ဒု မြို့တော်ဝန် အမှုဟောင်း အတွက် ဥပဒေ အကြံပြုချက် တောင်းခံထားဟု ဆို
ငွေမချေးဘဲ ဦးနှောက်သုံးရန် ဝေဖန်မှုသည် အိပ်မက်ဆန်ဟု မြို့တော်ဝန်တုန့်ပြန်
ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ