သီရိလင်္ကာ နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ တရားခံအစစ်မှာ မြန်မာနိုင်ငံမှ ပြန်ထွက် သွားပြီဖြစ်ပြီး ယခု ဖမ်းမိထားသူမှာ ယင်းပုဂ္ဂိုလ်နှင့်အတူ လေယာဉ်အတူ စီးလာသူ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဦးဇော်ဌေးက“အကြမ်းဖက် သံသယရှိတဲ့သူ မြန်မာနိုင်ငံကို လာခဲ့တယ်ဆိုတဲ့ အင်ဖော်မေးရှင်းကို သူတို့ (သီရိလကာၤနိုင်ငံ) ဘက် က ပေးတယ်။ ပေးတဲ့အချိန်မှာ ဒီ လူက မြန်မာနိုင်ငံဘက်ကို ဒီအချိန်ကနေပြီးတော့ ဝင်သွားတယ်။ ကျနော်တို့ဆီမှာ ပြန်စစ်လိုက် တော့ တကယ့် အကြမ်းဖက် သံသယပုဂ္ဂိုလ်က ပြန်ထွက်သွားပြီ”ဟု နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
သီရိလင်္ကာနိုင်ငံ အတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ Abdul Salam Irshad Mohmood ဆိုသူ အား မနေ့က ညနေပိုင်းတွင် ရန်ကုန်မြို့ ၊ ကျောက်တံတား မြို့နယ်အတွင်း ဖမ်းမိခဲ့သည်။
၎င်းသည် ကျောက်တံတားမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးရာမှ ရဲတပ်ဖွဲ့ က ရှာ ဖွေနေသူနှင့် အချက်အလက်များ ကိုက်ညီမှု ရှိနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခု အဖမ်းခံရသူမှာ ယင်းအကြမ်းဖက် သံသယရှိသူနှင့် လေယာဉ် တစီးတည်း စီးလာခြင်း၊ ဗီဇာအတူတူ ရယူခဲ့ခြင်း၊ မြန်မာနိုင်ငံ သို့ အတူတူ ရောက်ရှိခဲ့ပြီး ကျန်ရှိနေခဲ့သူ တဦး ဖြစ်ကြောင်း၊ အစိုးရက လိုက်လံ ရှာဖွေသည့်အချိန်တွင် ဟိုတယ်နှင့် ခရီးသွားလာ ရေး ဝန်ကြီးဌာနက ယင်းကိစ္စ ဟိုတယ်များသို့ အကြောင်းကြားရာတွင် အပြင်သို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောသည်။
ဦးဇော်ဌေး က “အဲဒီအပေါ်မှာ ကာယကံရှင်ကိုယ်တိုင် ဖေ့ဘွတ်စ်ပေါ်မှာ သတင်းတွေ ပျံ့ နှံ့နေတဲ့ အပေါ်မှာ မူတည်ပြီး ရဲစခန်းကို လာပြီးတော့ ရှင်း ပြတယ်။ သူက အကြမ်းဖက်သမား မဟုတ်ဘူးပေါ့။ သူဘာမှ မလုပ်ပါဘူးလို့ လာရှင်းပြတယ်။ သို့သော်လည်း လက်ရှိ အခြေ အနေ မှာတော့ သူ့ကို ဒီကနေ့ ရဲတပ်ဖွဲ့ တာဝန်ရှိတဲ့သူတွေက သူ့ရဲ့ ထွက်ဆိုချက်ကို စိစစ်နေတဲ့ကာလ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “သူ့ရဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ သူက မြန်မာနိုင်ငံကို ကျောက်အရောင်းအဝယ်၊ ကျောက်မျက်ရတနာ အရောင်းအဝယ် ကိစ္စနဲ့လာတယ်။ သူသွားတဲ့ နေရာတွေက ရန်ကုန်ရောက်တယ်။ ပြီးရင် မန္တလေးသွားတယ်။ စသည်ဖြင့် အဓိကက ကျောက်မျက် ဝယ်ယူရေးဆိုင်ရာ ကိစ္စတွေ လုပ်တယ်လို့ လောလောဆယ် အကြမ်းဖျဉ်း ထွက်ဆိုထားတာကို သိတယ်။ စိစစ်ဆဲ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းကို ရဲတပ်ဖွဲ့ က ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ၎င်းအား ဖမ်းဆီးပြီးနောက် မေလ ၂၃ ရက်နေ့ ညပိုင်းတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွ က် တာဝန်ရှိများက ရန်ကုန်မြို့၊ ပန်းပဲတန်းမြို့နယ်၊ အမှတ် ၁၁ ရပ်ကွက်၊ ၃၁ လမ်း (အထက်ဘလောက်ရှိ) SCOTT Hostel တွင် တည်းခိုနေထိုင်သူဖြစ်ပြီး သွားရောက်စစ်ဆေးမှုပြုလုပ်ခဲ့ကြသည်။
ပန်းပဲတန်းမြို့မရဲစခန်း၊ ဒုစခန်းမှူး ရဲအုပ် သန်းလှ က “ညက သွားစစ်တာမှာတော့ ထပ်မံ ဖမ်းဆီးတာမျိုး မတွေ့ရပါဘူး၊ တိုင်း ရဲတပ်ဖွဲ့ ကပဲ အဓိက ဆောင်ရွက်နေတာဖြစ်လို့ အသေးစိတ်အချက်အလက်တွေက သူတို့ပဲပြောနိုင်ပါလိမ့်မယ်” ဟု ပြောသည်။
Mr.Abdul Salam Irshad Mohmood သည် SCOTT Hostel အခန်း 202(B) တွင် တည်းခိုနေထိုင်ခဲ့ပြီး ၎င်းစတင်၍ လာရောက် တည်းခိုနေထိုင်ခဲ့သည်မှာ လနှင့်ချီကြာနေပြီဖြစ်ကြောင်း၊ ၎င်းတည်းခိုနေထိုင်ခဲ့မှု အချက်အလက်များနှင့် ပတ်သက် ၍ SCOTT Hostel မှ မန်နေဂျာဖြစ်သူကလည်း မည်သည့်အကြောင်းမှ ဖြေကြားပေးရန် မရှိကြောင်း ပြောသည်။
တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အကြမ်းဖက်သမားက တို့ဆီကို ဝင်လာနိုင်ခဲ့တယ်။ ပြန်ထွက်သွားနိုင်ခဲ့တယ်။ ဒါမျိုး ရှိတယ်။ အခုမိတဲ့ တယောက်က ရက်လွန်နေ တဲ့သဘောပဲ ရှိတယ်။ လုံခြုံရေး အခြေအနေ ကတော့ ဘယ်နေရာဖြစ်ဖြစ် ဘယ်ဟာမှ လျော့မတွက်တာ ကောင်းတယ်။ အမေရိ ကန်တောင် 9/11 ဖြစ်သေးတာပဲ” ဟု ပြောသည်။
မြန်မာနိုင်ငံကို အကြမ်းဖက် ခံရနိုင်ကြောင်း မလေးရှား ရဲချုပ်က သတိပေးထားပြီး ဖြစ်၍ ပေါ့ဆ၍ မရဟုလည်း တပ်မတော် ပြောခွင့် ရပုဂ္ဂိုလ်က ပြောသည်။
သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးကလည်း “မလေးရှားနိုင်ငံက မိတဲ့ ၄ ယောက်ထဲမှာ ARSA အဖွဲ့ ဝင်လို့ ပြောတဲ့ ၂ ယောက်ပါ တယ်။ မလေးရှားရဲ့ စစ်ကြောချက်အရ ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယာန် ဘာသာကြီးတွေရဲ့ ဘာသာရေး အဆောက် အဦကြီးတွေပေါ့နော်။ ဒါတွေကို တိုက်ခိုက်ဖို့ ဆိုတဲ့ ထွက်ဆိုချက်မှာ ပါတယ်ဆိုတာ ထုတ်ဖော်ပြောကြားပါတယ်” ဟု သတင်း ထောက်များကို ပြောသည်။
အာဆီယံ နိုင်ငံတချိုက မြန်မာနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးကို နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေသလို အိန္ဒိယနိုင်ငံနှင့် နိုင်ငံတကာ ရဲတပ်ဖွဲ့ တို့ကလည်း အကြမ်းဖက် အန္တရာယ်နှင့် ပတ်သက်၍ သတင်းအချက်အလက်များ ပေးနေပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံတခုသာ မြန်မာနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောသည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေလမြို့များရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် ဟိုတယ်တို့တွင် ဧပြီ ၂၁ ရက် နေ့ (အီစတာနေ့) က အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လူ ၃၂၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀ ခန့်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အစ္စလာမ္မစ် အစွန်းရောက်အဖွဲ့ (ISIS) က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ဧပြီလ ၂၃ ရက်နေ့က AMAQ သတင်းဌာနက တဆင့် ထုတ်ဖော် ကြေညာမှုတခု ပြုလုပ်ထားသည်။
အကြီးတန်းသတင်းထောက် ထွန်းထွန်း ပူးပေါင်းရေးသားသည်။
ဆက်စပ်ဖတ်ရှူရန်
သီရိလင်္ကာ ဗုံးခွဲမှု သံသယရှိသူ တဦး ရန်ကုန်တွင် ဖမ်းမိ
သီရိလင်္ကာ အသေခံဗုံးခွဲမှုနှင့် ဆက်စပ်သူတဦးကို မြန်မာရဲ ရှာဖွေနေ