ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေဖြင့် လီဆူ တိုင်းရင်းသားများအပေါ် ကွဲခြားဆက်ဆံ၍ မတရားဖမ်းဆီး သတ်ဖြတ်နေမှုများအပေါ် တောင်းပန်ကြောင်း တရားဝင် ထုတ်ပြန်မှု မရှိပါက ကန့်ကွက် ရှုံ့ချကြောင်း ဆန္ဒပြမှုများ ပြုလုပ်သွားမည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက ဧရာဝတီသို့ ပြောသည်။
ဦးရွှေမင်းက “သူတို့ကတော့ ကျနော်တို့ကို အကြောင်းပြန်ကြားတာတော့ မရှိဘူး၊ အဲတော့ ဒါကိုတော့ ကျနော်တို့ ဆက်လက်ဆွေးနွေးဖို့ ကျနော်တို့ တောင်းဆိုထားတယ်၊ အခုက ကျနော်တို့ လိုချင်တဲ့ အချက်တွေ မရတဲ့အတွက် ကျနော်တို့ လုပ်ဆေင်သင့်တာ ဆက်လက် လုပ်ဆောင်သွားမှာ” ဟု ပြောသည်။
KIA/KIO အဖွဲ့သည် လီဆူလူမျိုးများကို ခွဲခြား ဆက်ဆံပြီး မတရား ဖမ်းဆီးနှိပ်စက်၍ တပ်သား သစ်များ စုဆောင်းနေခြင်းနှင့် သတ်ဖြတ်နေခြင်းများ ပြုလုပ်နေခြင်းကြောင့် KIO ဗဟိုမှ ကြပ်မတ်ပေးရန်နှင့် သတ်ဖြတ်ခဲ့မှုများအတွက် တရားဝင်တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ပေးရန် တောင်းဆိုထားသည်။
ထို့အတူ နောက်နောင် လီဆူ လူမျိုးများအပေါ် မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများ မပြုလုပ်ရေး တာဝန်ယူ တာန်ခံ ကတိ ကဝတ်ပြုပေးရန်၊ မတရားဖမ်းဆီး ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံရသူ လီဆူ မိသားစုဝင်များအား နစ်နာ ကြေး နှင့်အတူ ရိုးရာ ဓလေ့ထုံးတမ်း၊ ဘာသာရေး ထုံးတမ်း စဉ်လာများ ဆိုင်ရာ လူမှုရေး ဆောင်ရွက်မှုများ ဆောင်ရွက် ပေးရန် စသည့် အချက်များလည်း ပါဝင်သည်။
KIA အနေဖြင့် မိမိတို့ ပါတီနှင့် ညှိနှိုင်း ဆွေးနွေးမှု မရှိသော်လည်း လီဆူစာပေနှင့် ယဉ်ကျေးမှု အသင်းဖြင့် မေ ၂၁ ရက်က ညှိနှိုင်းဆွေးနွေးမှု လုပ်ခဲ့ပြီး နစ်နာကြေးအဖြစ် ပေးအပ်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း၊ သို့သော် လည်း ကျန် အချက်များကိုမူ မဆောင်ရွက်ပေးခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုကို လုပ်သွားမည်ဟု ၎င်းက ပြော သည်။
KIO/KIA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ မိမိတို့ အနေဖြင့် လီဆူစာပေနှင့် ယဉ်ကျေးမှု အသင်းက တာဝန်ရှိသူများကို တွေ့ဆုံ ဆွေးနွေးမှုများ မရှိသေးကြောင်း၊ ဆန္ဒပြမည့် ကိစ္စမှာလည်း မလိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ညှိတာတော့ ကျနော်မသိပါဘူး၊ အဲဒါ ကျနော်မကြားမိပါဘူး၊ ဆန္ဒပြတာတော့ သူတို့ဘက်က ထင်ပါတယ်၊ သူတို့ ပြမယ်ဆိုလို့ရှိရင်တော့ သူတို့ပြမှာပေါ့နော်၊ ကျနော်တို့ဘက်က ပြောမယ်ဆိုရင်တော့ ဘာမှ ဆန္ဒပြစရာ မလိုဘူးလို့ ပြောလိုပါတယ်၊ အဲလောက်ကြီး လုပ်ဖို့ဆိုတာကလည်း လိုလည်း မလိုဘူးလို့ ကျနော်ပြော လိုပါတယ် ”ဟု ပြောသည်။
ဒူးလေးပါတီကမူ မိမိတို့ တောင်းဆိုထားသော အချက် ၄ ချက်ကို KIO/KIA ဗဟိုမှ ဆောင်ရွက်မပေးပါက ၂၀၁၉ ခုနှစ်၊ မေ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အင်အား ၆၀၀၀ ကျော်ဖြင့်ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးရွှေမင်းက ဆိုသည်။
ထို့ပြင် ဒူးလေးပါတီသည် မေလ ၁၀ ရက်နေ့က ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) သို့ လိပ်မှုပြီး လီဆူ လူမျိုးများအပေါ် KIA/KIO အဖွဲ့မှ မတရားဖမ်းဆီး ညှင်းပမ်း နှိပ်စက်သတ်ဖြတ်မှုအတွက် လီဆူလူမျိုးများ၏ တောင်းဆိုချက် ၄ ချက်ကို KIA/KIO ဗဟိုသို့ ဆွေးနွေးညှိနှိုင်းပေးနိုင်ရေး အကူအညီ တောင်းခံကြောင်း စာပေးပို့ခဲ့သည်။
PCG ကမူ မိမိတို့အနေဖြင့် ကြားဝင် ဆောင်ရွက်ပေးရန် မသင့်ကြောင်းနှင့် KIO/KIA နှင့် အစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရေး စေ့စပ်ညှိနှိုင်းပေးနေခြင်းကြောင့် ဒူးလေးပါတီ အနေဖြင့် တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းလျှင် ပိုမိုကောင်းမွန်ကြောင်း စာပို့ထားသည်ဟု ဦးလမိုင်ဂွန်ဂျာက ဧရာဝတီသို့ပြောသည်။
ဦးလမိုင်ဂွန်ဂျာ က “အဲကိစ္စက ကျနော်တို့ ကြားဝင်ပြီးတော့ ဖြေရှင်းလို့ သင့်တော်မှု မရှိဘူး၊ အခုလည်း ကျနော်တို့ ငြိမ်းချမ်းရေးကိစ္စ လုပ်ဆောင်နေတဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒူးလေးပါတီအနေနဲ့ KIO ဗဟိုကို တိုက်ရိုက်တွေ့ဆုံ ညှိနှိုင်းပြီးမှ အဖြေရှာသွား လို့ရှိရင် ပိုကောင်းလိမ့်မယ်လို့ ဒူးလေးပါတီကို ကျနော်တို့ စာထုတ်ထားပြီးသား ရှိပါတယ်”ဟု ပြောသည်။
ဒူးလေးပါတီမှ ဥက္ကဋ္ဌ ဦးရွှေမင်းကတော့ မိမိတို့သည် တရားဝင် နိုင်ငံရေး ပါတီဖြစ်ပြီး KIO/KIA မှာ နိုင်ငံတော် အစိုးရက တရားမဝင်အသင်းအဖြစ် သတ်မှတ်ထားခြင်းကြောင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးရန် အခက်အခဲ ရှိကြောင်း၊ ထို့ကြောင့် PCG ကို ကြားဝင် စေ့စပ်ညှိနှိုင်းပေးရန် တောင်းဆိုနေရခြင်း ဖြစ်ကြောင်း သိသည်။
KIO/KIA ၏ သတ်ဖြတ်ခြင်းခံရသော လီဆူလူမျိုးများမှာ တရားဝင် သိရှိရသည့် စာရင်း အရ ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ၁၀ ဦးရှိပြီး တရားမဝင် စာရင်းများလည်း ရှိကြောင်း ဒူးလေးပါတီက ဆိုသည်။
You may also like these stories:
KIA ဖမ်းထားသည့် လီဆူတိုင်းရင်းသားများ လွှတ်ပေးရန် ဒူးလေးပါတီ တောင်းဆို
ပဋိပက္ခကြား ရှမ်းမြောက်ဒေသခံများ ကြောက်ရွံ့နေကြရ
စစ်ပွဲလက်ကျန် ဗုံးပေါက်ကွဲမှုကြောင့် နမ့်ခမ်းတွင် ကလေးငယ်နှစ်ဦး သေဆုံး