သတင်း

ထိုင်း-မြန်မာ နယ်စပ်က ရှမ်းဒုက္ခသည် ၆၀၀၀ ကျော် ရိက္ခာအကူအညီ လိုအပ်နေ

Want create site? Find Free WordPress Themes and plugins.

ထိုင်း-မြန်မာနယ်စပ်က ရှမ်းဒုက္ခသည် ၆၀၀၀ ကျော် နေထိုင်သည့် စစ်ဘေးရှောင်စခန်း ၆ ခုတွင် စားနပ်ရိက္ခာ အထောက်အပံ့များ ဖြတ်တောက် ခံထားရသည်မှာ ၁ နှစ်ကျော်နေပြီ ဖြစ်သဖြင့် ရိက္ခာထောက်ပံ့ ပေးမည့် အကူအညီများ ရလိုသည်ဟု စစ်ဘေးရှောင်စခန်းတာဝန်ခံများက ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် တည်ရှိသည့် အဆိုပါ စခန်း ၆ ခုမှာ လွိုင်ကော်ဝမ်း၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်လမ်၊ လွိုင်တိုင်းလျန်းနှင့် ကောင်းမုန်မိုင်း တို့ ဖြစ်ပြီး ဒုက္ခသည် ၆၂၀၀ ကျော် နေထိုင်သည်။

ယင်းစခန်း ၆ ခု၏ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေးကို ဗြိတိန်၊ အမေရိကန်၊ အိုင်ယာလန်၊ ကနေဒါ၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်၊ သြစတေးလျနှင့် နော်ဝေးနိုင်ငံတို့မှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပေါင်းစပ်ထားသည့် နယ်စပ်ဒေသ ကူညီပေးရေး ညွှန့်ပေါင်းအဖွဲ့ (TBC) က စားနပ်ရိက္ခာ ကူညီထောက်ပံ့ ပေးခဲ့သော်လည်း ၂၀၁၇ ခုနှစ်၊ အောက်တိုဘာမှ စ၍ ရိက္ခာထောက်ပံ့ပေးခြင်းကို အပြီးသတ် ဖြတ်တောက် လိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်ဒုက္ခသည်များ ကော်မတီ၊ အတွင်းရေးမှူးလည်းဖြစ် လွိုင်ကော်ဝမ်းမှ စစ်ဘေးရှောင် ဒုက္ခသည် တဦးလည်း ဖြစ်သည့် ဦးစိုင်းပိန်း က “လက်ရှိ အခြေအနေမှာ ကျနော်တို့ စားဝတ် နေရေး ဒုက္ခရောက် နေပါတယ်။ မည်သည့် အဖွဲ့အစည်းပဲဖြစ်ဖြစ် ကျနော်တို့ကို သနားညှာတာ ထောက်ထားပြီး စားဝတ်နေရေး အတွက် ကျန်းမာရေးအတွက် ပညာရေးအတွက် လာကူညီဖေးမ ပေးစေ ချင်ပါတယ်” ဟု ပြောသည်။

အထက်ပါ စစ်ဘေးရှောင်စခန်း ၆ ခုမှာ TBC မှ ထောက်ပံ့သည့် စားနပ်ရိက္ခာ ဖြတ်တောက်ခံရပြီးနောက် ၂၀၁၈ ခုနှစ်တွင် ရှမ်းပြည်နယ်တွင်း ဒုက္ခသည်စခန်းပြမြေပုံတွင်လည်း ဖျောက်ဖျက်ခံထား ရသည်။

စစ်ဘေးရှောင်စခန်းနေ ဒုက္ခသည်များမှာ နေရပ်ပြန်နိုင်ခြင်း မရှိသေးသော်လည်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီမှ စ၍ ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ ရှမ်းပြည်နယ်တွင်း စစ်ဘေးရှောင်စခန်းများ စာရင်းတွင် ထည့်သွင်း ဖော်ပြခြင်း မရှိတော့ပါ။

ရိက္ခာဖြတ်တောက်ခံရပြီးနောက်ပိုင်းတွင် စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှ ဆွေမျိုးများ၊ သံဃာတော်များထံမှ လှူသည့် ရိက္ခာအချို့ကိုသာ ရရှိပြီး နေ့စဉ် စားဝတ်နေရေးအတွက် စခန်းအနီးအနားရှိ မြေများတွင် ဒုက္ခသည်များက တနိုင်တပိုင် စိုက်ပျိုး၍လည်း ရိက္ခာဖန်တီးကြသည်ဟု သိရသည်။

ဦးစိုင်းပိန်း က “ကျနော်တို့ နေတဲ့ ဇာတိ ရွာက မရှိတော့ဘူး။ ဝ အဖွဲ့အစည်းတွေက ယူသွားပြီ။ ပြန်လမ်း မရှိတော့ဘူး။ ကျနော်တို့ ဒုက္ခသည်စခန်းမှာပဲ ပြန်စရာမရှိဖြစ်နေပါတယ်” ဟု ပြောသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း တပ်မတော်နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ ဝင်များက ဒုက္ခသည်စခန်း ၆ ခုအနီးသို့ တပ်စခန်းများ တိုးချဲ့လာသဖြင့် ဒုက္ခသည်များ၏ စိုက်ပျိုးမြေဧရိယာ အချို့လည်း ဆုံးရှုံးသွားသည်ဟု ဦးစိုင်းပိန်းက ပြောသည်။

UWSA တပ်ဖွဲ့ဝင်များ နယ်မြေတိုးချဲ့လာသည့် ၂၀၁၉ ခုနှစ်အတွင်း RCSS တပ်ဖွဲ့ဝင်များကလည်း ရှမ်းဒုက္ခသည် စခန်းများအနီး လာရောက်၍ တပ်စခန်းချခြင်းများ ရှိသည်ဟု ဒုက္ခသည်များထံမှ သိရသည်။

UWSA တောင်ပိုင်းတပ်ဖွဲ့နှင့် RCSS သည် လတ်တလောတွင် ပစ်ခတ်မှု မရှိသော်လည်း နယ်မြေအရ စစ်ရေးအရ ပြေလည်ခြင်း မရှိကြပါ။

စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၆ ခုသည် UWSA တောင်ပိုင်းတပ်ဖွဲ့ဝင်များ အခြေစိုက်ရာ ၁၇၁ စစ်ဒေသနှင့် နယ်မြေထိစပ်နေပြီး ဒုက္ခသည်စခန်း ၆ ခုလုံး၏ အနီးတဝိုက်တွင် တပ်မတော်၊ တပ်ဖွဲ့ဝင်များ၊ UWSA မှ ရဲဘော် များ ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာသည့် နေရာများ ဖြစ်သည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ မေ ၂၃ ရက်ထုတ် အစီရင်ခံစာတွင် တပ်မတော်နှင့် “ဝ” ပြည် သွေးစည်း ညီညွတ် ရေး တပ်မတော် (UWSA)၊ တောင်ပိုင်းတပ်များက ထိုင်း-မြန်မာနယ်စပ် တကြောရှိ စစ်ဘေးရှောင် ဒုက္ခသည် စခန်း ၆ ခုအနီးတွင် အင်အားများ တိုးချဲ့လာသဖြင့် ဒုက္ခသည်များမှာ ထိတ်လန့်နေရသည်ဟု ရေးသား ထား သည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ အတွင်း တပ်မတော်၊ ခမရ ၃၈၆ နှင့် ခမရ ၃၆၃ တို့မှ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်သဖြင့် လွိုင်တိုင်းလျန်းနှင့် လွိုင်လမ် ဒုက္ခသည်စခန်းအနီး ပေါက်ကွဲသည်ဟုလည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

လက်နက်ကြီး ကျည်များကျသဖြင့် လွိုင်တိုင်းလျန်းနှင့် လွိုင်လမ် စခန်းရှိ ဒုက္ခသည်များမှာ ဗုံးခိုကျင်းများ တူးပြီး တိုက်ပွဲများ ဖြစ်လာပါက ပြေးရန်အတွက်လည်း ကြိုတင်ပြင်ဆင်မှုများ လုပ်ထားကြသည်ဟုလည်း သိရသည်။

ဒုက္ခသည်စခန်းတာဝန်ခံနှင့် ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်မှ ပြောဆိုချက်များအပေါ် UWSA တောင်ပိုင်း၊ ၁၇၁ စစ်ဒေသ တာဝန်ခံများကို မေးမြန်းရန် ဧရာဝတီမှ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရပါ။

UWSA မြောက်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်း က “မြေယာကိစ္စတွေကတော့ နေရာတကာမှာ ပြဿနာ ဖြစ်နေတဲ့ ကိစ္စတွေပဲလေ။ တချိန် တခါက သူတို့ ဘယ်နေရာမှာ နေခဲ့သလဲ သူတို့ နေခဲ့တဲ့ ဘယ်စုနှစ်ကလဲ။ သူတို့ နေခဲ့ချိန်တွေကိုတော့ မေးစရာ ရှိတာပေါ့”ဟု ပြောသည်။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ထုတ်ပြန်သည့် ဒုက္ခသည်စခန်းများ ရှိရာနေရာအနီးသို့ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်သည်မှာ မဖြစ် နိုင်ပါဟု ငြင်းဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနော်ပြောနိုင်တာတခုက ( ရှမ်းအရှေ့မှာ) တပ်အင်အားတွေ တိုးချဲ့တာ မရှိတဲ့အပြင် ပုံမှန်လှုပ်ရှားမှုပဲ ရှိပါတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်နေသည့် စစ်ဘေးရှောင်ဒုက္ခသည် ၆၂၀၀ ကျော်၏ နေရပ်ရင်း ကျေးရွာများမှာ UWSA က သိမ်းမသိမ်းကို မသိသော်လည်း တပ်မတော်ဘက်မှ နေရာယူသိမ်းထားခြင်း မရှိနိုင်ပါဟု ဗိုလ်မှူးချုပ် ဇာ်မင်းထွန်းက ပြောသည်။

ဗိုလ်မှူးချုပ် ဇာ်မင်းထွန်း က “တပ်မတော်ရဲ့ ရှေ့တန်းစခန်းတွေ တည်ဆောက်မှုတွေက မြေပြင် အနေ အထားအရ လုံခြုံမှု ရှိတဲ့ နေရာတွေမှာ တည်ဆောက်တာပါ။ ဆက်သွယ်ရေး လမ်းကြောင်းမှာဆိုလည်း မြေပြင် အနေ အထားအရ လုံခြုံမှု ရှိတဲ့ နေရာ၊ မြေပြင်အနေအထားအရ အသာစီးရတဲ့ နေရာမှာ အများအားဖြင့် မြေပြင်ကို စိုးမိုးထားတဲ့ တောင်ကုန်းပေါ် နေတာ များပါတယ်။ သူတို့ အခြေချနေထိုင်ခဲ့တဲ့ နေရာတွေနဲ့ ဆက်စပ်မှု မရှိနိုင်ပါဘူး” ဟု ပြောသည်။

ပြည်ထောင်စု အစိုးရအဖွဲ့ဝင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်မှ ဒုက္ခသည်စခန်းအချို့ကို ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး လုပ်ဆောင်ပေးရန် ၂၀၁၈ ခုနှစ်မှစ၍ စီစဉ်လျက်ရှိသည်။

အစိုးရမှ စီစဉ်နေသည့် ပြန်လည်နေရာချထားရေးတွင် ထိုင်း-မြန်မာနယ်စပ်မှ စစ်ဘေးရှောင် ဒုက္ခသည် ပါဝင်ခြင်း ရှိမရှိကို ပြည်ထောင်စု အစိုးရအဖွဲ့ဝင် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနထံ အကြိမ်ကြိမ် ဆက်သွယ်သော်လည်း မေးမြန်း၍ မရပါ။

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်စခန်း ၆ ခုတွင် စားနပ်ရိက္ခာပြတ်တောက်နေကြောင်း၊ အကူအညီ လိုအပ် နေကြောင်းနှင့် ၎င်းတို့ကို ကူညီပေးရန် ပြောဆိုနေသော်လည်း အစိုးရဘက်မှ စခန်းများသို့ သွားရောက်ခြင်း၊ ကူညီပေးခြင်းလည်း မရှိပါ။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များ စားနပ်ရိက္ခာအခက်အခဲ ဖြစ်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ တဆင့် တင်ပြတောင်းခံပါက အစိုးရက ကူညီပေးမည်ဟု ဧရာဝတီကို ၂၀၁၈ ခုနှစ်တွင်းက ပြောဆိုထားသည်။

စစ်ဘေးရှောင်စခန်း ၆ ခုအနက် လွိုင်တိုင်းလျန်းစခန်းကို ၁၉၉၉ ခုနှစ်၊ လွိုင်ကော်ဝမ်းစခန်းကို ၂၀၀၁ ခုနှစ်၊ ကုန်းကျော်စခန်းကို ၂၀၀၂ ခုနှစ်၊ လွိုင်လမ်နှင့် လွိုင်ဆမ်ဆစ်စန်း ၂ ခုကို ၂၀၀၆ ခုနှစ်၊ ကောင်းမုံမိုင်းစခန်းကို ၂၀၀၇ ခုနှစ်က စတင် တည်ဆောက်ထားခြင်း ဖြစ်သည်။

၎င်းတို့သည် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့ကြား တိုက်ပွဲများ ကြောင့် ပြေးခဲ့ရသူများဖြစ်ပြီး လွိုင်ကော်ဝမ်းစခန်းမှ ဒုက္ခသည် ၂၀၀၀ ကျော်မှာ UWSA တပ်ဖွဲ့ဝင် မိသားစုများ ၎င်းတို့ ကျေးရွာတဝိုက် ဝင်ရောက်နေထိုင်ကြသဖြင့် ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန်စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာ အခက်အခဲကြုံပါက အစိုးရကူညီမည်

ရှမ်းစစ်ဘေးရှောင်ဒုက္ခသည် ၆ ထောင်ကျော် ခိုလှုံရာ စခန်းအချို့ ရိက္ခာပြတ်လပ်

စစ်ဘေးရှောင် နှင့် ဒုက္ခသည် စခန်းများ ပိတ်သိမ်းရန် စီစဉ်

ဒုက္ခသည် စခန်းများ အရေး ဒေါက်တာ ဝင်းမြတ်အေး နှင့် မေးမြန်းချက်

Did you find apk for android? You can find new Free Android Games and apps.
Loading