အိန္ဒိယ လက်ရှိဝန်ကြီးချုပ် နရိန္ဒရာမိုဒီသည် ကြာသပတေးနေ့က ရွေးကောက်ပွဲအောင်ပွဲခံခဲ့သည်။ စီးပွားရေးနှင့် လိုက်လျောညီထွေသည့် မူဝါဒများလုပ်ပိုင်ခွင့်နှင့် အမျိုးသားလုံခြုံရေးအပေါ် ရပ်တည်သည့် ၎င်း၏ ဟိန္ဒူအမျိုးသားရေး လမ်းစဉ်အပေါ် အများစုထောက်ခံမှုရရှိခြင်းကြောင့် ယခုကဲ့သို့ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုယ်ကျိုးစီးပွားကာကွယ်မှုဝါဒ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား လုံခြုံရေးတို့အပေါ် ခပ်ကြမ်းကြမ်းကိုင်တွယ်ခဲ့သော မိုဒီ ပြန်လည်ရွေးကောက်ခံရခြင်းသည် အမေရိကန်နိုင်ငံမှ အစ ဘရာဇီးနှင့် အီတလီတို့အထိ ကမ္ဘာတလွှားရေပန်းစားနေသည့် လက်ယာအင်အားစုများ၏ အောင်ပွဲတိမ်းညွှတ်မှုကို အားသစ်လောင်းပေးလိုက်သည်။
ရွေးကောက်ပွဲကော်မရှင်ထံမှ တရားဝင်အချက်အလက်များက မိုဒီ၏ BJP ပါတီက လွှတ်တော်နေရာ ၅၄၂ နေရာအနက် ၃၀၂ နေရာဖြင့် ပိုင်ပိုင်နိုင်နိုင် ဦးဆောင်နေကြောင်း ပြသနေပြီဖြစ်သည်။ ၂၀၁၄ ခုနှစ်ကလည်း ၂၈၂ နေရာဖြင့် အောင်ပွဲခံခဲ့ရာ အောက်လွှတ်တော်တွင် အများစုအတွက် လိုအပ်သည့် ၂၇၂ နေရာထက် ကျော်လွန်သွားခဲ့သည်။
ကြာသပတေးနေ့ ညနေပိုင်းက ပါတီဌာနချုပ်သို့ မိုဒီ ပြန်လည်ရောက်ရှိလာစဉ် သူ့ကိုစောင့်ဆိုင်းနေသည့် ထောင်နှင့်ချီသော ထောက်ခံသူများက နှင်းဆီပွင့်ချပ်များ ကြဲဖြန့်ကာ သောင်းသောင်းဖြဖြ သြဘာပေးခဲ့ကြသည်။
“အရင် ဒီလိုရွေးကောက်ပွဲမျိုးမှာ ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ ကျနော်တို့ ရှေ့ကိုပဲ ချီတက်ကြရမှာဖြစ်ပါတယ်။ လူတိုင်း လူတိုင်း ရှေ့ဆက်နိုင်ဖို့ ကျနော်တို့ဆွဲခေါ်တဲ့နေရာမှာ ကျနော်တို့ရဲ့ခိုင်ကျည်မြဲမြံတဲ့ ပြိုင်ဘက်တွေလည်း ပါပါတယ်” ဟု မိုဒီက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်တွင်းပြိုင်ဘက်များ အကျိုးရှိစေသည့် မူဝါဒနှင့်ပတ်သက်၍ Amazon ၊ Walmart နှင့် Mastercard အပါအဝင် နိုင်ငံခြားလုပ်ငန်းများက စောဒကတက်ခဲ့ကြသော်လည်း မိုဒီသည် ကမ္ဘာ့ပဉ္စမစီးပွားရေးအင်အားကြီးနိုင်ငံတွင် ကြိုးနီစနစ်ကို လျှော့ချပေးခဲ့သည်။
သန်းပေါင်းများစွာသော လူငယ်များ လာမည့်နှစ်အနည်းငယ်အတွင်း ဈေးကွက်ထဲ အလုပ်အကိုင်ရရှိရေးနှင့် ကျဆင်းနေသည့် လယ်ယာကဏ္ဍဝင်ငွေ တိုးမြှင့်ရေးတို့အတွက် တောင်းဆိုနေမှုများကိုမူ မိုဒီ ရင်ဆိုင်ရဦးမည်ဖြစ်သည်။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှု စတင်ချိန်ကပင် မိုဒီ့အပေါ် ဖိအားများ ရှိခဲ့ပြီး လယ်မြေနှုန်းထားများနှင့် အလုပ်လက်မဲ့ပြဿနာတို့ကြောင့် ဖြစ်ပေါ်လာသောလူထုဒေါသတို့ကြောင့် ပြည်နယ်သုံးခုရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့ရသည်။
သို့သော် နှစ်နိုင်ငံစလုံး နယ်မြေလုနေဆဲ ကက်ရှ်မီးယားပြည်နယ်၊ ဟိမဝန္တာဒေသ၌ ပြီးခဲ့သည့်ဖေဖော်ဝါရီလက အိန္ဒိယရဲဝန်ထမ်း ၄၀ အသက်ဆုံးရှုံးခဲ့ရသည့် အသေခံဗုံးခွဲမှုနောက်ပိုင်း ပါကစ္စတန်အပေါ်ဦးတည်သည့် အိန္ဒိယ၏ဆက်ဆံရေးကြောင့် မိုဒီ၏မဲဆွယ်မှုမှာ အလှည့်အပြောင်း ဖြစ်ခဲ့ရသည်။
နယ်စပ်တဘက်ခြမ်း ပါကစ္စတန်ပိုက်နက်ထဲရှိ စစ်သွေးကြွလေ့ကျင့်ရေးစခန်းများကို အိန္ဒိယဘက်မှ ဗုံးကြဲရန် မိုဒီက အမိန့်ပေးခဲ့ရာ လက်ယာအင်အားစု BJP ပါတီအတွက် ခဲယဉ်းလှသည့်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် လေ့လာသုံးသပ်သူများက မှတ်ချက်ချကြသည်။
ပါကစ္စတန်က အိန္ဒိိယနှင့် ပွင့်ပွင့်လင်းလင်း ညှိနှိုင်းရန် အချက်ပြလာသည့် တချိန်တည်းမှာပင် ၎င်း၏ စစ်အင်အားထုတ်ပြသည့်အနေဖြင့် မြေပြင်မှမြေပြင်သို့ မိုင် ၁၅၀၀(၂၄၀၀ ကီလိုမီတာ) အကွာအဝေး ပစ်နိုင်သည့် တာဝေးပစ်ဒုံးကျည်ကို စမ်းသပ်ခဲ့သည်။
မကြာခဏ စိတ်ဝမ်းကွဲတတ်သည့် အိန္ဒိယတွင် BJP ပါတီအနေဖြင့် စည်းရုံးခဲ့သည့် ညီညွတ်ရေး မဲဆွယ်ကတိအပေါ် ပီပီပြင်ပြင် အကောင်အထည်ဖော်ရေးမှာ ခက်ခဲမည်ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဟိန္ဒူအများစု ကျေနပ်စေသည့် မူဝါဒဦးတည်ထားခြင်းအပေါ် မွတ်ဆလင်အများစုတို့က ၎င်းတို့ အသက်အိုးအိမ်စည်းစိမ် ထိပါးလာမည်ကို စိုးရိမ်နေကြသည်။
ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခမ်းက မိုဒီအောင်ပွဲခံမှုကို ဂုဏ်ယူပါကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း မွတ်ဆလင်အများစုရှိရာ ကက်ရှ်မီးယားဒေသတွင် ခွဲထွက်လှုပ်ရှားမှုများအပေါ် ဆန့်ကျင်လျက် အခိုင်အမာ ရပ်တည်မည်ဟူသော မိုဒီ၏ ကတိကဝတ်သည် နျူးကလီးယားလက်နက်ပိုင်ရှင် ပြိုင်ဘက်ဖြစ်သူ ပါကစ္စတန်နှင့် ဆက်ဆံရေးတင်းမာစေရန် နှိုးဆွပေးခဲ့သည်။
ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံပါတီဖြစ်သော ကွန်ဂရက်ပါတီက အမတ်နေရာ ၅၂ နေရာမျှသာ ရရန် ရှိသော်လည်း မိုဒီကို အထွေထွေရွေးကောက်ပွဲနှစ်ကြိမ်တိုင် အရေးနိမ့်ခဲ့ဖူးသူ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီက ပါတီအကြီးအကဲအဖြစ်မှ နုတ်ထွက်ရန် ငြင်းဆန်နေသေးသည်။
အဖေ၊ အဖွားနှင့် အဘိုးအဘေးအစဉ်အဆက်က ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးသည့် ရာဟူးဂန္ဒီသည် အိန္ဒိယမြောက်ပိုင်း အမယ်သီမဲဆန္ဒနယ်တွင် BJP အမတ်လောင်းကို ရှုံးနိမ့်ခဲ့ရသည်။ ၎င်းမိသားစုသည် အိန္ဒိယနိုင်ငံကို ဆယ်စုနှစ်လေးခုကျော် ဆက်တိုက်အုပ်ချုပ်ခဲ့သော ဝန်ကြီးချုပ်မျိုးရိုးမိသားစုဖြစ်သည်။
သို့သော် သူသည် တောင်ပိုင်းမဲဆန္ဒနယ်တွင် ဦးဆောင်မှုနေရာရနေသဖြင့် လွှတ်တော်ဆီသို့ ခြေဦးလှည့်နိုင်နေပြီဖြစ်သည်။
လူဦးရေ ထူထပ်လှသည့် မြောက်ပိုင်း အူတာပရာဒတ်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလောင်းအရေအတွက် များပြားစွာ တင်သွင်းထားရာ BJP ပါတီက နေရာ ၈၀ အနက် ၆၀ ရရှိထား၍ ဇာတ်နိမ့်အခြေပြု အင်အားကြီး မဟာမိတ်များရှေ့မှောက်၌ မျှော်လင့်ချက်ကောင်းနေသည်။
“ပါကစ္စတန်ကို လေကြောင်းကနေ တိုက်ပြီးတဲ့နောက်မှာ အရေးကြီးတဲ့ကိစ္စ အားလုံးနီးပါး မှေးမှိန်သွားပါတယ်။ လယ်သမားတွေက BJP ပါတီကို မဲပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်လေ” ဟု အယိုးဒါးမြို့ ဆင်ခြေဖုံးတွင် စပါးနှင့် ဂျုံစိုက်ပျိုးသူ အသက် ၅၅ နှစ်ရှိ ရက်ဟူဘာဒက်က ပြောသည်။ ယင်းမြို့သည် ဟိန္ဒူဘာသာရေးကိုင်းရှိုင်းသူများက ရာမနတ်မင်းကြီးမွေးဖွားရာဒေသဟု ယုံကြည်ထားကြသည်။
အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသော ပြည်နယ်အများအပြားတွင် BJP ပါတီသည် အမတ်နေရာများ ရရှိခဲ့ရာ အနောက်ဘင်္ဂလားပြည်နယ်လည်း အပါအဝင်ဖြစ်သည်။ ထိုပြည်နယ်တွင် အားကောင်းလှသော ဒေသတွင်းပြည်နယ်ဖြစ်သည့် ထရွိုင်နာမွန်းကွန်ဂရက်(Trinamool Congress)နှင့် BJP ယှဉ်ပြိုင်ခဲ့ရသည်။ အချက်အလက်များအရ အမတ်နေရာ ၄၂ နေရာအနက် ၁၉ နေရာရရှိပြီး ဦးဆောင်လျက်ရှိသည်။ ၂၀၁၄ ခုနှစ်က ထိုပြည်နယ်တွင် ၂ နေရာသာ ရခဲ့၍ ယခုအပြတ်အသတ် သာနေသည်။
ရင်းနှီးမြှုပ်နှံများက မိုဒီ၏အောင်ပွဲကို ကြိုဆိုကြပြီး ၎င်းအစိုးရအနေဖြင့် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မည်ဟု မျှော်လင့်နေကြသည်။
ကြာသပတေးနေ့က အိန္ဒိယစတော့ဈေးကွက်သည် ယခုရက်သတ္တပတ်အတွက် ၅ ရာခိုင်နှုန်းကျော် ခုန်တက်၍ စံချိန်တင် မြင့်တက်ခဲ့သည်။ သို့သော် ယင်းအတွက်ပီတိမှာ ထိုနေ့ညနေပိုင်းတွင် စတော့နှင့် ရူပီဈေး အားပျော့လျက် အဖျားရှူးသွားခဲ့သည်။ အကြောင်းမှာ တုံ့ဆိုင်းနေသောစီးပွားရေးဆီသို့ တကျော့ပြန် အာရုံစိုက်လာခြင်းကြောင့် ဖြစ်လေသည်။
ကိုးကား ။ ။ Reuters
ဆက်စပ်ဖတ်ရှုရန် – ဇာတ်ခွဲခြားမှု၊ တမီလ် အမျိုးသားရေးနှင့် အိန္ဒိယ ရွေးကောက်ပွဲ
မိုဒီ မဟုတ်ရင် အိန္ဒိယမှာ ဘယ်သူလဲ
အိန္ဒိယကို တကယ် ခြိမ်းခြောက်နေတာ ပါကစ္စတန် မဟုတ်
ရောင်စုံ အိန္ဒိယက မုန့်အချိုရောင်းတဲ့ ကဗျာဆရာ